News

POST TYPE

TEACHER'S VOICE

မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသော လူငယ် ၇ ဦးကို ဖမ်းမိ
20-Oct-2018



မိတ္တီလာ၊ အောက်တိုဘာ ၂၀

မိတ္တီလာမြို့နယ် ကျီတော်ကုန်းရပ်ကွက်၌ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသောလူငယ် ၇ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ အောက်တိုဘာလ ၁၉ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်အောင်ဇော်မြင့်က ပြောကြားသည်။

ကျီတော်ကုန်းရပ်ကွက်တွင် မူးယစ်ဆေး ရောင်းဝယ်၊ သုံးစွဲနေသည်ဟူသော သတင်းအရ ကန်ဦးနယ်မြေ ကျီတော်ကုန်းရပ်ကွက်မှ အမွှာညီအစ်ကို စည်သူမင်းဌေးနှင့် စည်သူမင်းထက်တို့၏ နေအိမ်သို့ မူးယစ်ဆေးရှာဖွေခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အိမ်ရှင်ဖြစ်သူ စည်သူမင်းဌေး (ခ) သားကြီးနှင့် စည်သူမင်းထက် (ခ) သားငယ်တို့နှင့် အတူမူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသည့် ကျောက်ပန်းတောင်းမြို့နယ် လက်ယားတောင်ရွာမှ မြတ်တိုး၊ ရန်မျိုးအောင်ရပ်ကွက်မှ ဇင်မင်းထိုက် (ခ) တက်တူး (ခ) ငပိ၊ ကျီတော်ကုန်းရပ်ကွက်မှ ကျော်ထက်၊ သီရိမင်္ဂလာရပ်မှ ဟိန်းမင်းစိုး (ခ) ကလီဘိုင်နှင့် ဝမ်းတော်ပြည့် တိုးချဲ့ရပ်ကွက်မှ နေလင်းထက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အမွှာညီအကို၏နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အပေါ်ထပ်၌ ၈၈/၁ စာတမ်းပါ စိတ်ကြွဆေး ၁၉၅ ပြားနှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဆေးခြောက်ဟုယူဆရသည့် အရွက်ခြောက် ၄၆ ဒသမ ၈၃ ဂရမ်၊ မူးယစ်ဆေးရောင်းရသည့် ငွေစက္ကူရောရာ ကျပ် ၃၀ဝ၀ဝ နှင့် ဆမ်ဆောင်းဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း မှုခင်းမှတ်တမ်းအရလည်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသက် ၂၅ နှစ်မှ ၃၇ နှစ်အရွယ်ကြားရှိ လူငယ် ၇ ဦးကို အမှတ်-၂ နယ်မြေ ရဲစခန်းက မူး/စိတ် ပုဒ်မ ၁၉ (က)၊ ၂၀(က)၊ ၂၁ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

R-01

ဓာတ်ပုံ - ရဲတပ်ဖွဲ့