News

POST TYPE

TEACHER'S VOICE

ရတနာပုံတက္ကသိုလ် ကျောင်းသားနှစ်ဦးထံမှ မူးယစ်ဆေးများဖမ်းမိ
16-Sep-2018
မန္တလေး၊ စက်တင်ဘာ ၁၅ 

အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အနီး ထန်းတောရပ်ကွက်ရှိ အဆောင်များတွင်နေထိုင်သော တက္ကသိုလ်ကျောင်းသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ စက်တင်ဘာလ ၁၄ ရက်နေ့ညက ဖမ်းမိခဲ့ကြောင်း အမရပူရမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထန်းတောကျေးရွာရှိ အမျိုးသမီးအဆောင်တစ်ခုနှင့် အမျိုးသားအဆောင်တစ်ခုတွင် နေထိုင်ကြသည့် ကျောင်းသားနှစ်ဦး မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းအရ နယ်မြေရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှ ယင်းသို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ သတင်းရတာက ကျောင်းသားတစ်ဦးနဲ့ ကျောင်းသူတစ်ဦး မူးယစ်ဆေးသုံးနေတယ်ပေါ့။ အဲ့ဒါကြောင့် ဝင်ရှာတာပါ”ဟု ၎င်းက ပြောကြားသည်။

ငြိမ်းချမ်းသာယာ အမျိုးသားဘော်ဒါဆောင်မှ အသက် ၂၀ အရွယ် ဖြိုးသီဟကျော်နှင့် ပန်းရင်ခွင် အမျိုးသမီးဘော်ဒါဆောင်မှ အသက် ၂၀ အရွယ် ဖြူစင်မြင့်တို့ထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။

“ကျွန်တော်တို့ သိရသလောက်တော့ ကောင်လေးနဲ့ကောင်မလေးက သမီးရည်းစားတွေလို့ သိရပါတယ်။ ဖမ်းမယ်ဆီးမယ်ကြားတော့ သူ့ကောင်လေးက သူ့ဆီမှာ ဆေးတွေသိမ်းထားဖို့ အပ်ထားတယ်လို့ ပြောပေမယ့် နောက်ကျတော့ သူလည်းသုံးတယ်ဆိုတာ သိရတယ်”ဟု ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဖြိုးသီဟကျော်ထံမှ စိတ်ကြွဆေးပြား ၁၅ ပြားနှင့် မဖြူစင်မြင့်ထံမှ ၃၅ ပြားတို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်ရှိတွင် မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိထားသည့် ကျောင်းသားနှစ်ဦးကို အမရပူရမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)/၂၁ တို့ဖြင့် အမှုဖွင့်ထားသည့်အပြင် ဖြိုးသီဟကျော်ကို ယင်းဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် အမှုထပ်ဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှသိရသည်။ 

M-04



  • VIA