News

POST TYPE

TEACHER'S VOICE

မိုင်းရယ်တွင် မူးယစ်ဆေးဝါးချက်ရာ၌ အသုံးပြုသည့် ဓာတုဆေးဝါးများ ဖမ်းမိ

လားရှိုး၊ စက်တင်ဘာ ၆ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် စက်တင်ဘာလ ၄ ရက်နေ့က ၂၂ ဘီးမော်တော်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်လာပြီး မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ထိန်းချုပ်ဓာတုဆေးဝါးများနှင့် ကဖင်းအိတ်များကို ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

တန့်ယန်းမြို့အခြေစိုက် အမှတ် ၂၃ မူးယစ်အထူးတပ်ဖွဲ့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က မိုင်းရယ်မြို့နယ်၊ နားလီရွာအနီးတွင် ကြိုတင်စောင့်ဆိုင်းနေစဉ် လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် ၂၂ ဘီး ယာဉ်နှစ်စီးကို ရှာဖွေစစ်ဆေးရာ ထိန်းချုပ်ဓာတုဆေးဝါးများပါရှိသည့် ပီပါ ၁၀၆ လုံးနှင့် ကဖင်းအိတ် ၂၂၅ အိတ်အပြင် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါယာဉ်နှစ်စီးကို အိုက်ခေး (ခ) ကွမ်းခေးဆိုသူက ဦးဆောင်ခေါ်ယူလာခြင်းဖြစ်ပြီး ၂၂ ဘီးယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်တို့ကိုပါ ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ဆက်စပ်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် ဖမ်းဆီးရမိထားသည့် လှမြင့်မောင် ၄၈ နှစ်၊ ကျော်ဦး ၅၁ နှစ်၊ လင်းအောင် ၄၁ နှစ်၊ ဇော်ဇော် ၃၉ နှစ်၊ ကျော်မင်းထွန်း ၂၀ နှစ်နှင့် ဦးဆောင်ခေါ်လာသည့် အိုက်ခေး (ခ) ကွမ်ခေး ၂၀ နှစ်တို့ ခြောက်ဦးကို မိုင်းရယ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါစခန်းမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ထိန်းချုပ်ဓာတုဆေးဝါးများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်များကို မကြာခဏ ဖမ်းဆီးရမိမှုများရှိနေသည်။

မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုဆေးဝါးများကို မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ခြင်းမရှိဘဲ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဘက်မှထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့်သယ်ယူလျက်ရှိသည်။

R-07