News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (တက္ကသိုလ်ကျောင်းသားများနှင့် မူးယစ်ဆေး)
30-Aug-2018
စိုးရိမ်ဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်သည့် တက္ကသိုလ်ကျောင်းသားများနှင့် မူးယစ်ဆေးဝါး အန္တရာယ်ဖြစ်ပွားမှုနှုန်းနှင့် သတိပြုစရာ အချက်များအကြောင်း အကြံပြုဆွေးနွေးချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ကျောင်းသားကတ်ပါမှ ဝင်ခွင့်ရမယ်လို့ သတ်မှတ်လိုက်တာကို လူတွေအနေနဲ့ အာဏာရှင်ဆန်တယ်လို့ မြင်ချင်မြင်မယ်”
ဒေါက်တာကျော်ဆွေညွန့် (တွဲဖက်ပါမောက္ခ၊ သမိုင်းဌာန၊ မြစ်ကြီးနားတက္ကသိုလ်)

မူးယစ်ဆေးဝါးဆိုတာက အတုမြင် အတတ်သင်ပေါ့။ ကျွန်တော်ထင်တာက မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ပြင်းထန်တဲ့အရေးယူမှု မလုပ်တော့ဘဲ ပညာပေးနဲ့ပဲလုပ်မယ်ဆိုတော့ လူငယ်တွေက သူတို့ကို အရေးယူမှု မရှိဘူးဆိုတာမျိုးသိတဲ့အခါမှာ စမ်းသပ်တာမျိုး ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော့်အထင်က မူးယစ်ဆေးဝါးသုံးစွဲမှုဥပဒေကို လျှော့ချပြီးနောက်ပိုင်းမှာ သုံးစွဲမှု ပိုများလာတယ်လို့ ထင်တယ်။ မူးယစ်ဆေးသုံးစွဲသူတွေကို ထောင်ချတာတွေ မလုပ်တော့ဘူးဆိုတဲ့နောက်ပိုင်းမှာ သုံးစွဲတာ ပိုများလာတယ်။ မြစ်ကြီးနားတက္ကသိုလ်အနေနဲ့ပြောရရင် မူးယစ်ဆေးသုံးစွဲမှုက တော်တော်ကို မရှိသလောက်ဖြစ်နေပါပြီ။ တစ်ချိန်ကတော့ ရှိခဲ့တယ်။ ကျွန်တော်တို့ကျောင်းမှာ ဆေးထိုးအပ်တွေ တွေ့တာမျိုးရှိခဲ့တယ်။ အခုနောက်ပိုင်းမှာ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လိုက်တဲ့အခါမှာ မူးယစ်ဆေးသုံးစွဲမှုက မရှိသလောက်ဖြစ်နေပြီ။ အရင်တုန်းက တက္ကသိုလ်ဝင်းထဲမှာ အရပ်သားနဲ့ ကျောင်းသားနဲ့က ခွဲခြားဖို့ တော်တော်ခက်တယ်။ ဝင်းခြံမလုံတဲ့အတွက် ဆေးထိုးအပ်တွေတွေ့တယ်။ အဲဒီချိန်က ကျွန်တော်တို့တက္ကသိုလ်မှာ ဆေးထိုးအပ် အများဆုံး တွေ့ခဲ့တာမှန်ပါတယ်။ တက္ကသိုလ်ထဲမှာ တွေ့ရတဲ့အတွက်ကြောင့် တက္ကသိုလ်ကျောင်းသားတွေ သုံးတယ်လို့ သုံးသပ်လို့မရဘူး။ ၂၀၁၇ ခုနှစ် ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းဝင်းကို လုံခြုံအောင်လုပ်လိုက်တယ်။ မူးယစ်ဆေးသမားတွေ ခိုအောင်းလို့ရတဲ့နေရာတွေကို ရှင်းရှင်းလင်းလင်း လုပ်လိုက်တယ်။ ကျောင်းသားဆိုရင် ကျောင်းသားကတ်၊ ဝန်ထမ်းဆိုရင် ဝန်ထမ်းကတ်တွေဆွဲပြီး ဝင်ခွင့်ကြပ်မတ်လိုက်တဲ့အခါမှာ ဝင်းခြံလုံသွားပြီးတဲ့အခါ ရှိကိုမရှိသလောက်ပဲ။ တစ်ခုခုဖြစ်ရင်တောင် အပြင်ကအရပ်သားတွေ လွယ်လွယ်ခိုအောင်းပြီးထိုး ခွင့်ရလို့ လာထိုးတယ်လို့ ပြောရမယ်။ တက္ကသိုလ် ကျောင်းသားလောကအနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီး တက္ကသိုလ်တွေမှာ လက်ဝယ်တွေ့ရှိ တာတို့ တက္ကသိုလ်ကျောင်းသားတွေဆီက မိတာတို့ သတင်းတွေတော့ သိပ်မကြားမိပါဘူး။ မူးယစ်ဆေးကတော့ လွယ်လွယ်ရရင် လွယ်လွယ်သုံးမှာဖြစ်တဲ့အတွက် လွယ်လွယ်မရအောင် မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့သူတွေကို ပြင်းထန်တဲ့ဥပဒေပြဋ္ဌာန်းပြီး အရေးယူရမယ်။

မူးယစ်ဆေးနဲ့ပတ်သက်ပြီး အန္တရာယ်တွေကို ကျောင်းသားတွေသိအောင် ဟောပြောပွဲတွေ၊ အသိပညာပေးပွဲတွေကို မကြာခဏ လုပ်ပေးရမယ်။ ဒါနဲ့ပတ်သက်ပြီး မိဘရော၊ ဆရာရော၊ ကာယကံရှင်ရော အရေးကြီးတယ်။ အဓိကတော့ မိဘပေါ့။ သတင်းကြားတာနဲ့ ဆိုဆုံးမရမယ်။ ကိုယ့်သားသမီးက မူးယစ်ဆေးဝါး သုံးစွဲနေပြီလို့ ယူဆမိသော်လည်းကောင်း၊ ပတ်ဝန်းကျင်ကသော်လည်းကောင်း၊ ဆရာသမားကသော်လည်းကောင်း ပြောလာတဲ့အခါ ကြည်ကြည်ဖြူဖြူ လက်ခံပြီး သားသမီးကို ထိန်းကျောင်းဖို့လိုတယ်။ ဆရာတွေချည်းလုပ်လို့မရသလို မိဘတွေချည်းလည်း လုပ်လို့မရဘူး။ ကာယကံရှင်ကလည်းက လိုက်နာနိုင်မှ အဆင်ပြေမယ်။ အဲဒီလိုပဲ တရားဥပဒေပိုင်းမှာလည်း ပြင်းထန်တဲ့ဥပဒေကို ပြဋ္ဌာန်းနိုင်ရမယ်။ သုံးစွဲသူကို လူငယ်ပေမယ့်လို့ လူငယ်အသိပညာပေးစခန်းပို့ရုံနဲ့မရဘူး။ ပြင်းထန်တဲ့ အရေးယူမှုရှိရမယ်။ နောက်တစ်ခုက မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ပတ်သက်ရင် သေဒဏ်ထိတောင် ပေးနိုင်ရမယ်။ အဲဒီလို ကျွန်တော်တို့ အာရှသားတွေက သဘောတရားနဲ့မရရင် အကြောက်တရားနဲ့သွားရမယ်။ ဒါမှသုံးစွဲမှု လျော့နည်းမယ်လို့ မြင်တယ်။ နောက်တစ်ခုက လွတ်လပ်မှုကို သိပ်လိုလားရင် ဒီဘက်မှာ ဆုံးရှုံးမှုတွေ အများကြီး ရှိနိုင်တယ်။ လွတ်လပ်မှုကို တင်းကျပ်လိုက်တာနဲ့ ရလာမယ့်အကျိုးက အများကြီးပဲ။ တက္ကသိုလ်တွေမှာဆို ကျောင်းသားကတ်ပါမှ ဝင်ခွင့်ရမယ်လို့ သတ်မှတ်လိုက်တာကို လူတွေအနေနဲ့ အာဏာရှင်ဆန်တယ်လို့ မြင်ချင်မြင်မယ်။ အဲဒီလို လုပ်ဆောင်ခြင်းသည် ကျောင်းသားတွေအတွက်လုပ်တာ။ ဒါကြောင့်လုံခြုံရေးကိုတင်းကျပ်ပြီး စည်းကမ်းချလိုက်တာနဲ့ တက္ကသိုလ်မှာပဲဖြစ်ဖြစ်၊ အခြေခံပဲဖြစ်ဖြစ် လူငယ်တွေကြားမှာ မူးယစ်ဆေးကိစ္စက ၉၉ ရာခိုင်နှုန်းလောက် ကင်းစင်မယ်လို့ပြောလို့ရတယ်။ ဒါကြောင့် ဘယ်ကျောင်းပဲဖြစ်ဖြစ် မူးယစ်ဆေးကင်းစင်ဖို့အတွက်ဆို စည်းကမ်းတင်းကျပ်မှု ရှိရမယ်။ လုံခြုံမှုပေးရမယ်။

“ကျောင်းဆရာတွေ၊ ကျောင်းအုပ်ချုပ်ရေးတွေကလည်း ပညာပေးတာလောက်ပဲ လုပ်နိုင်မယ်”
ဦးမင်းဇင် (လက်ထောက်ကထိက၊ မြန်မာစာဌာန၊ ဒဂုံတက္ကသိုလ်)

မူးယစ်ဆေးဝါးသတင်းတွေအရ တက္ကသိုလ်တွေမှာလည်း ဖမ်းမိတယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေလည်း သုံးစွဲနေတယ်ဆိုတာ သိရတော့ ဝမ်းနည်းစရာဖြစ်ရပ်ပေါ့။ တက္ကသိုလ်တွေမှာ ဆေးထိုးအပ်တွေတွေ့တာမျိုး ကြားနေရတယ်။ မီဒီယာတွေ မပွင့်လင်းခင် ၂၀၀၀ ပြည့်နှစ်အကျော်ကာလကတည်းက ဒီကိစ္စတွေဖြစ်နေမျိုး သိရတယ်။ ကျွန်တော် ဗန်းမော်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်တုန်းကဆိုရင် မြန်မာနိုင်ငံအစွန်အဖျားက တက္ကသိုလ်တွေမှာ ကျောင်းသားတွေ သုံးစွဲတာမျိုး ကြားခဲ့ရတယ်။ ဗန်းမော်တက္ကသိုလ်တစ်ခုတည်းမဟုတ်ဘူး။ နယ်စပ်ဒေသတွေဖြစ်တဲ့ မြစ်ကြီးနားမြို့တို့မှာဆိုရင် ဆေးထိုးအပ်တွေ တွေ့တာမျိုးပေါ့။ ကျောင်းသားတွေ အဲဒါတွေက အခုချိန်ထိရှိနေတာက စိတ်မကောင်းစရာပေါ့။ ခုကျတော့ နယ်စပ်တင်မဟုတ်ဘဲ မုံရွာတို့လို မြို့ပေါ်တက္ကသိုလ်တွေထိ မူးယစ်ဆေးကိစ္စတွေဖြစ်လာတာ။ လက်ဆုပ်လက်ကိုင် မပြောနိုင်ပေမယ့် သတင်းတွေနားထောင်ရင် မူးယစ်ဆေးတွေ များများစားစား မိတယ်။ မိတဲ့ထဲမှာ တက္ကသိုလ်ကျောင်းသားတွေပါတယ်။ တချို့ဆို တက္ကသိုလ်ကျောင်းသားတောင် မဟုတ်ဘူး အထက်တန်းကျောင်းသားတွေဖြစ်တဲ့ ၁၂ နှစ် ၁၃ နှစ် တကယ့်လူငယ်နဲ့ကလေးကြားက အရွယ်တွေတောင် သုံးစွဲတာမျိုးရှိတော့ မူးယစ်ဆေးက လွယ်လွယ်ကူကူ ရနေတဲ့ပုံစံ မျိုးဖြစ်နေတယ်လို့ ယူဆမိတယ်။ ကျွန်တော်ဆိုရင် အသက် ၄၀ ပြည့်တော့မယ်။ WY တို့ စိတ်ကြွဆေးတို့ဆိုတာ မြင်ကိုမမြင်ဖူးခဲ့တာ။ ကြားလည်းမကြားဖူးခဲ့ဘူး။ နံပါတ်ဖိုးတို့လို သူဌေးတွေ သုံးတာလောက်ပဲ သိခဲ့တာ။ အဲဒီခေတ်က မူးယစ်ဆေးတို့ဆိုတာ အထက်တန်း ကျောင်းသားလောက၊ တက္ကသိုလ်လောကဆိုတာလည်း မူးယစ်ဆေးဆိုတာ တွေ့ခဲ့တာမရှိဘူး။ မိတာတော့ ရှိချင်ရှိမယ်။ အခုလောက် ပမာဏများတာမျိုး မရှိခဲ့ဘူး။ ခုကတော့ အခြေအနေ ပိုဆိုးတယ်။ နေ့စဉ်နဲ့အမျှ မူးယစ်ဆေးသတင်းတွေ ပါနေတယ်။ ဒါကြောင့် သုံးစွဲမှုကို အရင်ခေတ်တွေကထက် များလာတယ်ဆိုတာ သိသာတယ်။

ခုခေတ်မှာ လူငယ်တွေဆီ ရောက်လာလဲဆိုရင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကပိုပြီးလွယ်ကူလာတယ်။ နည်းပညာမြင့်လာပြီး စိုက်ပျိုးတာတင်မဟုတ်ဘဲ ဓာတုပစ္စည်းနဲ့ ထုတ်လုပ်လို့ရတဲ့ အခြေအနေရောက်နေတာပေါ့။ နောက်တစ်ခုက မူးယစ်ဆေးက ဈေးပေါလာတယ်။ ဟိုတုန်းက မူးယစ်ဆေးစွဲရင် ရှိသမျှ အဖေ အမေတွေရဲ့ပစ္စည်း ကုန်တာမျိုးပေါ့။ ခုဟာက စိတ်ကြွဆေးတွေက သတင်းဖတ်ကြည့်ရင် ဈေးပေါပေါနဲ့ ဝယ်လို့ရနေတာ။ ကျွန်တော်တို့နိုင်ငံက ပညာရေးနဲ့ စီးပွားရေး အားနည်းမှုပေါ့။ ပညာရေးကလည်း အရည်အသွေးကို အာမခံတဲ့ထိ မရောက်သေးဘူး။ ပညာရေးကနေလည်း အလုပ်အကိုင်တစ်ခုခုကို အာမခံနိုင်တဲ့ အခြေအနေ မရှိဘူး။ အဲဒီတော့ လူငယ်တွေမှာ မျှော်လင့်ချက်မဲ့တာပေါ့။ မျှော်လင့်ချက်မဲ့ခြင်းကနေလည်း မူးယစ်ဆေးဆီ ရောက်နိုင်တယ်။ နောက်တစ်ခုက စီးပွားရေး အဆင်မပြေတဲ့အခါ မိဘတွေနဲ့ မောင်နှမတွေက အိမ်ရှိ လူကုန်ရုန်းရတဲ့အခါ လူငယ်တွေကို မျက်စိဒေါက်ထောက်ကြည့်ဖို့ အားနည်းသွားတယ်။ မူးယစ်ဆေးပြဿနာကို အမြစ်ပြတ်အောင် နှိမ်နင်းဖို့ ကြိုးစားနေဆဲကာလဖြစ်တဲ့အတွက် တက္ကသိုလ်ကျောင်းသား၊ လူငယ်တွေဆီ ရောက်လာတာလို့ထင်တယ်။ မိမိကိုယ်ကိုယ် အရင်ဆုံး ထိန်းသိမ်းဖို့က အဓိကတာဝန်ရှိတယ်။ ဒီနေ့ခေတ်မှာ လွယ်လွယ်ကူကူရနေတဲ့ မူးယစ်ဆေးလောကထဲ ရောက်မသွားအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းရမယ်။ နောက် မိဘနဲ့ ဆရာတွေကလည်း ထိန်းရမယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်။ 

တက္ကသိုလ်တွေထဲမှာတော့ အများစုက ပွင့်လင်းလာတဲ့အတွက်ကြောင့် ဟောပြောပွဲတွေကို ပုံစံမျိုးစုံ လုပ်လို့ရတယ်။ ဆရာ၊ ဆရာမတွေက ဦးဆောင်တာပဲဖြစ်ဖြစ်၊ တက္ကသိုလ်အုပ်ချုပ်ရေးပိုင်းက ဦးဆောင်တာပဲဖြစ်ဖြစ် မူးယစ်ဆေးဝါးအန္တရာယ် ဟောပြောပွဲတွေ လုပ်တာရှိပါတယ်။ အသိပညာပေးတဲ့အပိုင်းတွေ ရှိတယ်။ ဒါပေမဲ့ တက္ကသိုလ်ထဲမှာ မူးယစ်ဆေးဝါးအန္တရာယ်ကို ဘယ်လိုကာကွယ်လဲလို့ ပြောရင်တော့ ဥပမာပြောရရင် ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာဆို ကျောင်းဝင်းက အရမ်းကျယ်တယ်။ နောက်တစ်ခုက တက္ကသိုလ်ကျောင်းသားဆိုတာက ဆရာ၊ ဆရာမနဲ့ စာသင်ခန်းထဲလောက်သာ ဆုံကြတာဆိုတော့ စာသင်ခန်းထဲမှာ ပြောဟောတာတော့ ရှိတယ်။ ဒါပေမဲ့ နောက်က တကောက်ကောက်လိုက်ပြီး ကြည့်ရှုဖို့က ခက်တယ်။ အဲဒါကတော့ အားနည်းချက်ပေါ့။ ကျောင်းဆရာတွေ၊ ကျောင်းအုပ်ချုပ်ရေးတွေကလည်း ပညာပေးတာလောက်ပဲ လုပ်နိုင်မယ်။ ဒီထက်ပိုမလုပ်နိုင်ဘူး။ ဒါပေမဲ့ ပညာပေးရုံနဲ့ မလုံလောက်တော့ဘူးဆိုတာက တော်တော်လေးကို စဉ်းစားရမယ့်ပြဿနာပေါ့။

“အဖမ်းခံရတဲ့ ကျောင်းသားတောင်ရှိလာပြီ။ ဒီလိုအခြေအနေမျိုးထိ ထင်ထင်ပေါ်ပေါ် ဖြစ်လာတာပေါ့”
ဦးတင်မျိုးအောင် (လက်ထောက်ကထိက၊ မြန်မာစာဌာန၊ မုံရွာတက္ကသိုလ်)

မူးယစ်ဆေးကတော့ နယ်စပ်ကျောင်းတွေဖြစ်တဲ့ ဗန်းမော်တို့၊ မြစ်ကြီးနားတို့လို၊ ကလေးတို့လို ကျောင်းတွေမှာ အဖြစ်များခဲ့တာ။ အဲဒါတွေက နှစ်တော်တော်ကြာခဲ့ပြီ။ ခုနောက်ပိုင်းကျတော့ မုံရွာလို မြေပြန့် ကျောင်းတွေ၊ ပခုက္ကူလိုကျောင်းတွေမှာပေါ့။ ကျောင်းတွေနဲ့ပတ်သက်ပြီး နီးစပ်ရာကျောင်းတွေမှာ မူးယစ်ဆေးဖမ်းမိတာတို့ အခြေခံကျောင်းတွေမှာလည်း မူးယစ်ဆေးသုံးတဲ့ပုံစံမျိုး ကြားတာမျိုး ရှိလာတယ်။ မူးယစ်ဆေးက ကျောင်းသားတွေနဲ့ အတော်လေးကို ထိထိစပ်စပ် ဖြစ်နေတဲ့သဘော တွေ့ရတယ်။ မူးယစ်ဆေးကလည်း မြို့၊ ရွာတွေကို တော်တော်များများ ပျံ့နှံ့လာတဲ့သဘောရှိတယ်။ မြို့၊ ရွာ တော်တော်များများ ပျံ့နှံ့လာတာကနေ မြို့ထဲ ရွာထဲကလူတွေကို သုံးစွဲဖို့ရောင်းဝယ်တာကနေ ကျောင်းသားလောက၊ လူအင်အား အများစုရှိတဲ့နေရာထိ ဝင်ပြီးထိုးဖောက်လာတာမျိုးဖြစ်နိုင်တယ်။ ကျောင်းသားတွေအနေနဲ့လည်း သုံးစွဲတာမျိုး ရှိနိုင်တယ်။ အတိအကျတော့မသိဘူး။ ခန့်မှန်းချက်အရပေါ့။ ကျွန်တော်တို့တက္ကသိုလ်ကတော့ ကျောင်းရဲ့လုံခြုံရေးကလည်း လုံခြုံမှုအားနည်းတယ်။ ခြံစည်းရိုးတွေ ဘာတွေကလည်း လုံခြုံမှုမရှိဘူး။ ကျောင်းရဲ့အကျယ်အဝန်းကလည်း ဧက သုံးရာကျော် ရှိတဲ့အနေအထားမှာ သစ်ပင်တွေ၊ ချုံပုတ်တွေကလည်း အများကြီးရှိတယ်။ အဲဒါတွေကို အမှီပြုပြီး အခွင့်ကောင်းယူပြီး ရောင်းတာဝယ်တာလည်း ရှိနိုင်တယ်။ သုံးစွဲသူလည်း ရှိနိုင်တယ်။ ကျွန်တော်တို့တက္ကသိုလ်မှာက အရင်တစ်နှစ်လောက်ကလည်း ကျောင်းထဲမှာ ရောင်းတာ၊ ဝယ်တာမျိုး ကြားဖူးတယ်။ ဒါပေမဲ့ အခု နောက်ပိုင်းကျ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ရပ်ကွက်ထဲမှာမိပြီး အဖမ်းခံရတဲ့ ကျောင်းသားတောင် ရှိလာပြီ။ ဒီလိုအခြေအနေမျိုးထိ ထင်ထင်ပေါ်ပေါ် ဖြစ်လာတာပေါ့။ မူးယစ်ဆေးကတော့ အဓိကတော့ မြို့၊ ရွာတွေမှာ ရှိနေသေးတာ တစ်ချက်ပေါ့။ အဲဒါကို ဒီဘက်ကို မရောက်အောင်တားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ မြို့၊ ရွာတွေမှာ ရှိနေပြီဆိုရင် ကျောင်းသားတွေဆီ ရောက်မလာအောင် စည်းကမ်းတကျနဲ့ နေတာထိုင်တာ၊ ကျောင်းကို လုံခြုံအောင် ဆောင်ရွက်ပေးတာ၊ သူတို့ကို အသိပညာပေးတာမျိုး၊ ကျောင်းသားပညာကို အေးအေးချမ်းချမ်း သင်လို့ရအောင်၊ ကျောင်းဝန်းကျင်မှာ ပျော်နေအောင် ဖန်တီးပေးထားဖို့ လိုအပ်တယ်။ အဓိက မူးယစ်ဆေးနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာ တော်တော်လေး အန္တရာယ်ဖြစ်နေတော့ နေရာပေါင်းစုံကနေ အကုန်လုံးဝိုင်းပြီး ကာကွယ်နိုင်ဖို့ အများကြီး လိုတယ်။

မြဇာခြည်သင်း