POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ပညာရေးစနစ်)
06-Oct-2016 tagged as ပညာရေး ဆရာ

အခြေခံပညာရေးစနစ်တွင် မိဘအများစုသည် မိမိသား၊ သမီးကို ကျောင်းစာမေးပွဲ ရလဒ်ဖြင့် တိုင်းတာလေ့ ရှိသည်။ လပတ်စာမေးပွဲ၊ အခန်းဆုံး စစ်ဆေးခြင်း စသဖြင့် စာမေးပွဲ စစ်ဆေးမှုများလည်း အကြိမ်များစွာ ရှိနေသည်။ သင်ကြားသည့် ဆရာများ ကိုယ်တိုင်လည်း သင်နည်းမှတ်စု၊ စာမေးပွဲ စစ်ဆေးမှု၊ လအလိုက် သင်ခန်းစာ ပြီးဆုံးမှု စသည့် အခြေအနေများနှင့် အလုပ်ရှုပ်နေသည်။ နောက်ဆုံးတွင် ကျောင်းသားများအနေနှင့် အတန်းအလိုက် စာမေးပွဲ အောင်မြင်စေကာမူ သင်ရိုးပါ ရည်ရွယ်ချက်ကို မရသည်က များနေသည်။ တစ်နည်း တွေးခေါ်စဉ်းစားမှု တိုးတက်မလာဘဲ အလွတ်ကျက် ဖြေအောင်ခဲ့သူများ ဖြစ်လာသည်။ အခြေခံပညာ အဆင့်ရှိ ဘဝတွက်တာ ကျွမ်းကျင်စရာ စသည့် ထပ်ဆောင်းဘာသာရပ်များ သင်ကြားမှုသည်လည်း ၉၀ ရာခိုင်နှုန်းခန့် သင်ကြားမှု မရှိကြောင်း အခြေခံပညာရေး ကျွမ်းကျင်သူများက သုံးသပ်သည်။ ထို့ကြောင့် အဖတ်၊ အရေး၊ တွေးခေါ်စဉ်းစားမှု၊ ပြောဆိုမှု၊ ပေါင်းသင်းဆက်ဆံရေး၊ ခန္ဓာကို ကြံ့ခိုင်မှု တိုးတက်လာစေရန် သို့မဟုတ် ပညာရေး ရည်ရွယ်ချက်အမှန်ကို ရရှိစေရန် ပညာရေး ကျွမ်းကျင်သူများ၏ အကြံပြုချက်များကို ယခုတစ်ပတ် The Voice ၏ ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် စုစည်းဖော်ပြလိုက်ပါသည်။  

“ကျောင်းသားမိဘတွေ ကိုယ်တိုင်ကလည်းပဲ သူတို့ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေက လွဲနေတယ်”
ဦးကြည်သန်း (ကလောင်အမည်- မောင်ဒီပ (ပညာရေး)၊ ယခင် အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ပညာ) အငြိမ်းစား) 

အတန်းအလိုက် သင်ပေးတဲ့အလျောက် ကျောင်းသားတွေက တကယ်ရသွားသလားဆိုတဲ့ ကိစ္စအကြောင်း အမျိုးမျိုး ရှိပါတယ်။ သင်တဲ့လူက တကယ်ရအောင် သင်ပေးနိုင်လား ဆိုတာနဲ့ ယူတဲ့လူကလည်း တကယ်ရအောင် ယူသွားလား ဆိုတာရယ် နှစ်ချက်ရှိပါတယ်။ အဲဒီနှစ်ချက် ပြည့်စုံရင်တော့ တကယ်ရမှာပေါ့။ သင်နေတဲ့သူက တစ်ဖက်သတ် သင်နေပေမယ့် သင်ယူတဲ့သူက မယူရင် မပြည့်စုံနိုင်ဘူး။ ဒါပေမဲ့ သင်တဲ့ဆရာကလည်း ကျကျနန ပြည့်ပြည့်စုံစုံ မသင်နိုင်ဘူး ဆိုရင်လည်း တပည့် ဘယ်လောက်တော်တော် မရနိုင်ဘူး။ နှစ်ဦးနှစ်ဖက် ပြည့်စုံမှ အောင်မြင်မှာပါ။ ဆရာကလည်း ပြည့်ပြည့်စုံစုံ ကျကျနန သင်ပေးနိုင်ရမယ်။ တပည့်ကလည်း စိတ်ဝင်တစားနဲ့ ယူရမယ်။ ပညာရေးမှာ စကားတစ်ခွန်း ရှိပါတယ်။ သင်ကြားခြင်းတစ်ခု ပြည့်မြောက်ဖို့ဆိုတာ သင်ယူသူကိုယ်တိုင် သင်ယူမှ ပြည့်မြောက်တယ်ဆိုတဲ့ စကား ရှိတယ်။ 

အခုလက်ရှိအခြေအနေက သင်ရိုးရည်ရွယ်ချက်အတိုင်း ကလေးတွေက ရလားဆိုရင် သင်ရိုးပါ ရည်ရွယ်ချက်အတိုင်း များများကတော့ မရပါဘူး။ ဘယ်လောက်မရဘူး ဆိုတာလည်း သေသေချာချာ တိတိကျကျ ပြောဖို့ကျတော့ အချက်အလက်တော့ မရှိပါဘူး။ သို့သော် မရတာက များပါလိမ့်မယ်။  များများမရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီး ရှိပါတယ်။ တချို့ကျတော့ သင်ရိုးရဲ့ ရည်ရွယ်ချက်ကို ဆရာ၊ ဆရာမ ကိုယ်တိုင် ရောက်အောင် မသွားနိုင်တာ ရှိတယ်။ တစ်ခါတလေ သင်ရိုးရည်ရွယ်ချက်နဲ့ တကယ်သင်နေတာနဲ့ လွဲနေတယ်။ သင်ရိုးက အကျိုးရှိအောင် ရည်ရွယ်ပေမယ့် ကျောင်းသားရော ဆရာရောက အမှတ်များများရဖို့ပဲ ရည်ရွယ်တယ်။ အမှတ်များများရမယ့် အချက်တွေပဲ လိုက်နေတဲ့ အခါကျတော့ တကယ့်သင်ရိုးမှာ ပေးချင်တဲ့ ရည်ရွယ်ချက်ကျတော့ မရတော့ဘူး။ 

အခြေခံပညာမှာ အဓိက ဘာသင်တာလဲ ဆိုတော့ အကျင့်စာရိတ္တကောင်းတဲ့ ပြည်သူပြည်သားကောင်းဖြစ်ဖို့ သင်တာ။ အဲဒီအတွက် အကျင့်စာရိတ္တကောင်းတဲ့ ပြည်သူ၊ ပြည်သားကောင်း ဖြစ်ဖို့ ရည်ရွယ်ချက်က နည်းနည်း၊ ဆရာဝန်ဖြစ်ဖို့၊ အင်ဂျင်နီယာဖြစ်ဖို့ အမှတ်ရဖို့ များများဆိုတော့ အဲဒီရည်ရွယ်ချက်က ပေါက်မြောက်တာ နည်းပါတယ်။ 

ကျောင်းသားမိဘတွေ အနေနဲ့ ကျောင်းထားပြီး ပညာသင်ကြားခိုင်းရတာ အလကား ဖြစ်မနေဘူးလား ဆိုရင်တော့ ရသင့်သလောက် မရတာတော့ ရှိပါတယ်။ ကျောင်းသားမိဘတွေ ကိုယ်တိုင်ကလည်းပဲ သူတို့ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေက လွဲနေတယ်။ ဆရာဝန်ဖြစ်ရေး၊ အင်ဂျင်နီယာဖြစ်ရေး၊ ပထမရရေး အဲဒီလိုမျိုး သွားနေတဲ့ အခါကျတော့ အဲဒါက တစ်ဦးချင်း သဘောထားပေါ့။ တကယ်က ကိုယ့်သား၊ သမီး ကျောင်းထားတဲ့ ရည်ရွယ်ချက်က ကိုယ့်သား၊ သမီးက အကျင့်စာရိတ္တကောင်းတဲ့ ပြည်သူ၊ ပြည်သားကောင်း ဖြစ်လာရေးပဲ။ ဒီကျောင်းမှာ တက်လာတဲ့အတွက် ကိုယ့်သား၊ သမီး စည်းကမ်း ဘယ်လောက်ကောင်းလာပြီလဲ။ အပြောအဆို၊ အပြုအမူ ဘယ်လောက်သိမ်မွေ့လာပြီလဲ။ သူရဲ့ အဲဒီတိုးတက်မှုအတွက် ရည်ရွယ်ချက်ထားပြီး ကြည့်တဲ့မိဘက ခပ်နည်းနည်းပါ။ ဘာပဲကြည့်ကြသလဲဆိုတော့ စာမေးပွဲတစ်ခု စစ်ပြီးရင် အောင်ရဲ့လား။ အဆင့်တက်ရဲ့လား၊ အမှတ်တက်ရဲ့လား အဲဒီလောက်ပဲ ကြည့်နေတဲ့ အခါကျတော့ ရည်ရွယ်ချက် လွဲနေပါတယ်။  

အဲဒီလိုကြည့်အောင် ဘယ်ကစခဲ့တာလဲဆိုရင် အဲဒါက စနစ်ပါပဲ။ ပညာရေးစနစ်က စာမေးပွဲကို သိပ်ဦးစားပေးလွန်းအား ကြီးနေတယ်။ စာမေးပွဲအောင်ဖို့ ဦးစားပေးနေတယ်။ အောင်ရုံတင် မဟုတ်ဘူး။ အမှတ်ကိုလည်း များများရစေချင်တာ။ ဒါမှ ကိုယ်ကြိုက်တဲ့ လိုင်းရမှာဆိုတော့ မိဘက သူ့သား၊ သမီးကို ထိပ်ဆုံးရောက်စေချင်တယ်။ အဲဒါကြောင့် မိဘတွေရဲ့ရည်ရွယ်ချက်က အဲဒီဘက်ကို ပြောင်းသွားတယ်။ အခြေခံပညာရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူ၊ ပြည်သားကောင်းဖြစ်ရေးဆိုတဲ့ ရည်ရွယ်ချက် နောက်ရောက်သွားတယ်။ 

အခြေခံပညာရဲ့ ညွှန်ချုပ်က ပြောတယ်။ လေးတန်း ခရိုင်စစ်နဲ့ ရှစ်တန်း တိုင်းစစ်ဟာ ခရိုင်အလိုက်၊ တိုင်းအလိုက် ကျောင်းသားတွေရဲ့ စံနှုန်းကို ညှိယူဖို့အတွက် ဒီစနစ် လုပ်ရတယ်လို့ ပြောတယ်။ လေးတန်း၊ ရှစ်တန်းရောက်မှ ကျောင်းသားတွေကို သူတို့အရည်အချင်း စစ်ချမှာလား။ အတန်းတိုင်း မစစ်သင့်ဘူးလား။ ဒါဟာ မှားနေသလား၊ မှန်နေသလားဆိုရင် ကျွန်တော့်အမြင်က ကျောင်းသား စာမေးပွဲကျမှာလည်း စိုးတယ်။ အဲဒါကြောင့် အရည်အချင်းလည်း စစ်ချင်တယ်။ ဒီပြင်အတန်းတွေမှာ စာမေးပွဲစစ်ပြီး အကျများလို့ ကျောင်းထွက်များလာမှာကိုလည်း စိုးတယ်။ အဲဒီတော့ မူလတန်းမှာ ဆိုရင် လေးတန်းလောက်ကစပြီး ဖမ်းပြီး အရည်အချင်း စစ်လိုက်မယ်။ အလယ်တန်းမှာဆိုရင် အမြင့်ဆုံးက ရှစ်တန်း။ ရှစ်တန်းမှာဆိုရင် ဖမ်းပြီး အရည်အချင်း စစ်လိုက်မယ်။ အဲဒါဆိုလို့ ရှိရင် ပိုကြိုးစားလာကြမယ်လို့ ရည်ရွယ်ပုံပေါက်တယ်။ နောက်ဆုံး အောင်တဲ့အခါကျတော့ A, B, C, D နဲ့ ဆိုတော့ A နဲ့အောင်တဲ့ ကျောင်းတွေက လက်မထောင်လို့ ရတာပေါ့။ B, C, D ရတဲ့ ကျောင်းဆိုရင် ကြိုးစားဖို့ လိုသေးတယ်။ အဲဒီလို ဖြစ်အောင် လုပ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ 

ဒီကိစ္စကောင်းသလား၊ မကောင်းဘူးလား ဆိုရင် အရည်အချင်းကို စစ်တာက ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာ ကျွန်တော်က အဲဒီစာတွေရတာချည်းကိုပဲ စစ်တဲ့စနစ်ကို အားမပေးပါဘူး။ စာဆိုတာ ကျက်ရမှာပါပဲ။ စာတွေရတာကို ဦးစားမပေးဘဲ ကလေးရဲ့ အသိဉာဏ်၊ အတွေးအခေါ်၊ ပေါင်းသင်းဆက်ဆံရေး၊ သူ့ရဲ့ ဉာဏ်ကိုသုံးပြီး ဘယ်ပြဿနာကို ဘယ်လောက်ဖြေရှင်းနိုင်သလဲ အဲဒါတွေကို စစ်ဆေးပြီး အကဲဖြတ်တာကို ပိုပြီးတော့ ကြိုက်နှစ်သက်ပါတယ်။                
        
“အခုစနစ်အရဆိုရင် ကလေးတွေ အချိန်ကုန်ပြီး၊ မိဘတွေ ပိုက်ဆံကုန်ပြီး အချည်းနှီး ဖြစ်နေတယ်”
ဒေါက်တာသိန်းလွင် (ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင်၊ အင်္ဂလန်နိုင်ငံ နယူးကာဆယ်တက္ကသိုလ်မှ ပညာရေးမူဝါဒနှင့် သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးရေး ဘာသာရပ်များဖြင့် ပညာရေးဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ရရှိထားသူ)

အခုလက်ရှိအခြေအနေက အတန်းအလိုက် အောင်ပြီးတဲ့အခါ အတန်းအလိုက် သင်ရိုးရဲ့ရည်ရွယ်ချက်အတိုင်း ကျောင်းသားတွေက ရရဲ့လားဆိုရင် ကျွန်တော့် အမြင်ကတော့ ကျောင်းသားတွေ မရပါဘူး။ ကလေးတွေက စာမေးပွဲ အောင်ရုံလောက်ပဲ လုပ်ကြတာပါ။ အခုဘယ်နေရာကိုပဲ ကြည့်ကြည့်၊ ဘယ်အတန်းကိုပဲ ကြည့်ကြည့် အချို့အတန်းဆရာကလည်း အတန်းထဲမှာ သိပ်သင်တာ မဟုတ်ဘူး။ ကျူရှင်မှာ ခေါ်သင်တာ။ အဲဒါတွေ ဖြစ်နေတဲ့အခါ သင်တာကလည်း ဖြေရုံအတွက် သင်တာပါပဲ။ မေးခွန်းလောက် သင်တယ်။ တကယ်တမ်း ကလေးတစ်ယောက်က ပညာသင်တယ်ဆိုတာ သူ့ရဲ့ဖွံ့ဖြိုးမှုအားလုံး ပြည့်စုံဖို့လိုတယ်။ ကလေးရဲ့ အသိဉာဏ် ဖွံ့ဖြိုးဖို့ လိုတယ်။ သူ့ရဲ့ မိတ်ဆွေ ပေါင်းသင်းမှု ဖွံ့ဖြိုးဖို့၊ စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့၊ ကျန်းမာရေးအတွက် ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့ လိုတယ်။ အဲဒါတွေအားလုံး ပါတဲ့၊ ကလေးတစ်ယောက် ဘက်စုံဖွံ့ဖြိုးစေတဲ့ ပညာရေးမျိုးဖြစ်ဖို့ လိုတယ်။ 

ကျွန်တော်တို့ ဗမာနိုင်ငံ ပညာရေးစနစ်က ကလေးတစ်ယောက်ရဲ့ ဘက်စုံဖွံ့ဖြိုးတဲ့ဆီကို မရောက်ဘူး။ အသိဉာဏ် ဖွံ့ဖြိုးတာလည်း မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ အလွတ်ကျက်နေရလို့။ အဲဒီအလွတ်ကျက်တဲ့ အချိန်က ကျောင်းမှာလည်း သင်ရတယ်။ ကျူရှင်မှာလည်း သင်ရတယ်။ ပြီးတော့ ညကျရင် စာကျက်တဲ့ဂိုက် (Guide) နဲ့လည်း စာကျက်ရသေးတယ်။ သူတို့မှာ ကစားတဲ့အချိန် မရှိဘူး။ အဲဒီတော့ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း အချိန်မရဘူး။ သူတို့က ကျူရှင်နဲ့ ကျောင်းနဲ့ပဲ လည်တဲ့အခါကျတော့ သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေးမှာလည်း အားနည်းလာတယ်။ လက်ရှိစနစ်က ကလေးတစ်ယောက် ဖွံ့ဖြိုးမှုတွေအတွက် ကျဆင်းသွားတယ်။ လက်ရှိစနစ်အတိုင်း သွားမယ်ဆိုရင်တော့ ပညာရေးရဲ့ ရည်မှန်းချက်က မရောက်ဘူး။ ဒါကို အမြန်ဆုံး ပြင်သင့်ပါတယ်။ အမြန်ဆုံး ပြင်နိုင်ဖို့လည်း အားလုံး ဝိုင်းဝန်းဆော်သြသင့်တယ်။ 

အခုစနစ်အရဆိုရင် ကလေးတွေ အချိန်ကုန်ပြီး၊ မိဘတွေ ပိုက်ဆံကုန်ပြီး အချည်းနှီး ဖြစ်နေတယ်။ အဲဒါကြောင့် တကယ့်ကို အကျိုးရှိတဲ့ပညာ ရအောင် လုပ်ဆောင်သင့်တယ်။ အကျိုးရှိအောင် အစိုးရဘက်က ဘာလုပ်ရမလဲဆိုရင် အခုပညာရေးစနစ်ကို ပြန်သုံးသပ်ပြီးတော့ ပညာရေးရဲ့ ရည်မှန်းချက်ကို ပြင်ရမယ်။ ပညာရေး ရည်မှန်းချက်က ဘာလဲ။ ဂုဏ်ထူးထွက်ဖို့လား။ မဟုတ်ပါဘူးဗျ။ ပညာရေး ရည်မှန်းချက်က ကလေးတစ်ယောက် အသိဉာဏ် မြင့်မားသွားဖို့ပါ။ သူ့ဘဝ ရပ်တည်နိုင်အောင် အဲဒီကိုသွားတဲ့ ပညာရေးဖြစ်ဖို့ လိုပါတယ်။ အဲဒီကိုရောက်တဲ့ နည်းစနစ်တွေကို ပြင်ဖို့လိုပါတယ်။ အခုအောင်ရုံလေးလုပ်တဲ့ ပညာရေးကတော့ ပညာရေးကို မဟုတ်ပါဘူး။ ပိုက်ဆံတွေသာ ကုန်တယ်၊ အချိန်တွေသာကုန်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပညာရေးက တက်မလာဘူး။ အဲဒါကြောင့် ပညာရေး ရည်မှန်းချက်ကို ပြန်စိစစ်ပြီးတော့ ပညာရေး ရည်မှန်းချက်ကို ရောက်စေတဲ့၊ ထိရောက်စေတဲ့ နည်းလမ်းတွေကို သုံးဖို့သင့်ပါတယ်။ 

အဲဒီနည်းလမ်းတွေအတွက် အကြံဉာဏ် ပေးနိုင်တဲ့သူတွေ ပညာရှင်တွေ အများကြီး ရှိပါတယ်။ ဝိုင်းဝန်းအကြံဉာဏ် ပေးပြီးတော့ ဝိုင်းဝန်းဖြည့်ဆည်းပြီးတော့ လုပ်သင့်တယ်။ အဲဒီအတွက်ကို အစိုးရက သူ့လက်ထဲမှာ ချုပ်မထားဘဲနဲ့ တိုင်တိုင်ပင်ပင်နဲ့လုပ်ဖို့ သင့်ပါတယ်။ မိဘတွေ ကိုယ်တိုင်ကလည်း အလားတူပါပဲ။ မိဘတွေကလည်း ဂုဏ်ထူးထွက်တာလေး ဂုဏ်ယူနေမယ့်အစား ကလေးတစ်ယောက်ကို သူ့ရဲ့အသိဉာဏ် ရသွားရင် ဘယ်လိုအခက်အခဲမျိုးမဆို ဖြေရှင်းနိုင်တယ်။ ရင်ဆိုင်နိုင်တယ်ဆိုရင် မိဘတွေ မျက်ကွယ်ပြုသွားလည်း စိတ်ချရတယ်။ အခုလက်ရှိ ပညာရေးက ကလေးက သူ့ကိုယ်သူ ယုံကြည်စိတ်လည်း မရှိ။ အသက်မွေးဝမ်းကျောင်း ပညာလည်းမရ ဆိုတော့ မိဘတွေက စိတ်မချ ဖြစ်ရတယ်။ အဲဒီအတွက် မိဘတွေကိုယ်တိုင်ရဲ့ ရည်မှန်းချက်က သူတို့ မျက်ကွယ်ပြုသွားလည်း သူတို့ စိတ်ချနိုင်တဲ့ ပညာမျိုး၊ ပညာရေးမျိုး ဖြစ်အောင် သူတို့ ကိုယ်တိုင်ကိုယ်က ဆောင်ရွက်သင့်ပါတယ်။ 

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)