POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (သင်ကြားမှုစနစ်)
29-Sep-2016 tagged as ဆရာ

နိမ့်ကျနေသည့် မြန်မာနိုင်ငံပညာရေး ပြန်လည်ဦးမော့လာရန် အရေးကြီးသည်။ ပညာရေး မြှင့်တင်နိုင်ခြင်း မရှိပါက ဆင်းရဲမွဲတေမှု၊ ပဋိပက္ခ၊ စီးပွားရေး ဖွံ့ဖြိုးမှု စသည်တို့လည်း နိမ့်ကျနေမည်သာ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ပညာရေး ပြန်လည်မြှင့်တင်ရန် အဖြေရှာရာတွင် တစ်ခုအပါအဝင် ဖြစ်မည့် သင်ကြား၊ သင်ယူမှုအကြောင်း လက်ရှိအခြေအနေပေါ် မူတည်၍ ဆရာများ၏ အခက်အခဲများ၊ အကြံပြုချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“အဓိက ဦးတည်ရမှာက Problem Solving ကို ကလေးတွေအတွက် သွားရမှာ ဖြစ်ပါတယ်”
ဦးအောင်သန်းဦး (ညွှန်ကြားရေးမှူးချုပ်- အခြေခံပညာ ဦးစီးဌာန)

ကျွန်တော်တို့ကျောင်းမှာ ကလေးတွေကို စာသင်တဲ့အခါမှာ အဲဒီစာကို မှတ်ခိုင်းတယ်။ ကျက်ခိုင်းပါတယ်။ ဒါကို ဘယ်လောက်ရဖို့လဲ ဆိုတဲ့ တကယ့်ပညာရဲ့ အနှစ်သာရဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ အဆင့်ထိ ရောက်အောင်သွားဖို့ လိုပါတယ်။ မှတ်မိနေရုံနဲ့ မပြီးပါဘူး။ မှတ်မိပြီး နားလည်ဖို့ လိုပါတယ်။ နားလည်တာကိုလည်း အသုံးချဖို့ လိုပါတယ်။ အဲဒီတော့ ဒီအဆင့်သုံးဆင့် သွားရမှာ ဖြစ်ပါတယ်။ ဒီနေ့က မှတ်မိတဲ့ အဆင့်ကိုပဲ ရပ်ကြတယ်။ မှတ်ကြ။ ပြောကြ၊ ရေးပြကြ ဖြစ်နေပါတယ်။ Understanding လို့ခေါ်တဲ့ ဒါကိုနားလည်သွားလို့ ရေးတာလား၊ ပြန်ပြောပြတာလား မသဲကွဲပါဘူး။ ...ဒုတိယအဆင့်ကတော့ နားလည်မှု၊ တတိယအဆင့်ကတော့ ဒါကို အသုံးချတဲ့ အဆင့်ထိ သွားရမှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ ဒီနေ့အခြေအနေကို ပြန်ကြည့်တဲ့ အခါကျတော့လည်း ကျောင်းတွေက တစ်ကျောင်းနဲ့ တစ်ကျောင်း အဆက်အစပ် မရှိဘဲနဲ့ ကိုယ့်ဟာကိုယ် Stand – alone သွားနေကြပါတယ်။ ဒါကြောင့်မို့ ကျွန်တော်လည်း ဒါကိုပြုပြင်ပြောင်းလဲဖို့ သွားတဲ့အခါမှာ ကြိုးစားတဲ့အနေနဲ့ ဒီနှစ်မှာဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဆရာ၊ ဆရာမတွေ တော်တော်များများ ဘာသာရပ်အလိုက်သော် လည်းကောင်း၊ အတန်းအလိုက်သော် လည်းကောင်း ကျွန်တော်တို့ ရှင်းလင်းပွဲတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အကြမ်းဖျင်း ဒီနှစ်ဆိုရင် အဲဒါတွေရဲ့ ကုန်ကျစရိတ်က (ကျပ်) သန်းတစ်ထောင်ကျော် ရှိပါတယ်။ ဘယ်တုံးကမှ မသုံးခဲ့ပါဘူး။ ရတယ်။ နောက်နှစ် ကျွန်တော် ဒီထက် ပိုသုံးဦးမှာ။

ဒါမှ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အသိအမြင်တွေ ဖလှယ်ပြီးတော့မှ ကိုယ့်ဆရာ၊ ဆရာမ လောကမှာလည်း သင်ကြားရေးမှာ ဖြေရှင်းရမယ့် ပြဿနာ အများကြီး ရှိပါတယ်။ အဲဒီတော့ ဒါတွေကို တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ပြီးတော့မှ တွေ့ဆုံပြီးတော့မှ ဖြေရှင်းတော့မှပဲ အကြံကောင်း၊ ဉာဏ်ကောင်းတွေ ပိုပြီးတော့ ထွက်လာမှာ ဖြစ်ပါတယ်။ ကိုယ့်မှာ အခက်အခဲ ဖြစ်နေပေမယ့် သူ့မှာက ဒါပြဿနာ မဟုတ်ဘဲနဲ့ ဖြေရှင်းရမယ့် နည်းလမ်းတွေ ရှိမယ်။ ဒါတွေကို တစ်ယောက်နဲ့ တစ်ယောက် ဆက်နွှယ်ပြီးတော့ ကျွန်တော်ကတော့ နည်းပညာအရ ဒါကို မလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေအရ။ သို့သော်လည်းပဲ လူတွေစုပြီးတော့ ဒီလိုဖြေရှင်းနိုင်အောင် ကုစားနေပါတယ်။ ကျွန်တော်တို့က ကျောင်းတွေ၊ အတန်းတွေကို ကိုယ်သိတာ၊ မြင်တာလေးနဲ့ပဲ ရပ်တည်နေမယ့်အစား ကိုယ်စာသင်ခန်း အချင်းချင်း၊ ကျောင်းအချင်းချင်း၊ ဆက်ပြီးတော့ ပြောရရင် ဒေသတွင်းမှာရှိတဲ့ အခြားနိုင်ငံကကျောင်းတွေ ဒီထက်ပိုကျယ်ပြန့်လာမယ်ဆို တစ်ကမ္ဘာလုံးမှာရှိနေတဲ့ ကျောင်းတွေ သူတို့ရဲ့ သင်ကြားမှု နည်းစနစ်တွေ အဓိက ဦးတည်ရမှာက Problem Solving ကို ကလေးတွေအတွက် သွားရမှာ ဖြစ်ပါတယ်။ 

ဒါတွေကို ကျွန်တော်တို့က မသွားနိုင်သေးဘူး။ မသွားနိုင်သေးတော့ ဘာလုပ်ရမှန်း မသိသေးဘူး။ ပါလာတဲ့စာကိုပဲ သင်ရိုးညွှန်းတမ်းကိုပဲ သင်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါတွေကို ကျွန်တော်တို့က ပြောင်းရတော့မယ်။ ကျွန်တော်တို့ အခြေခံပညာ ဦးစီးဌာနက ကျောင်းပေါင်း လေးသောင်းခြောက်ထောင်ကျော် ရှိပါတယ်။ ကျွန်တော်တို့အင်အားက လေးသိန်းခွဲ ရှိနေပါတယ်။ ...အဲဒီတော့ ဒါတွေ ကျွန်တော်တို့ပြောင်းမယ် ဆိုတောင် တစ်ဆင့်ချင်း သွားရပါမယ်။ Core အဆင့် ပထမဆုံး စရပါမယ်။ စပြီးတော့ ကျွန်တော်တို့ တစ်ရာ တတ်နိုင်သေးရင် တစ်ရာကနေ ဆင့်ပွားပြီးတော့ တစ်ထောင်၊ တစ်ထောင်ကနေ ဆင့်ပွားပြီးတော့ တစ်သောင်း ဒီလိုတစ်ဆင့်ချင်း သွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဗြိတိသျှကောင်စီက စပြီးတော့ ဒီအိုင်ဒီယာတွေနဲ့ နည်းပညာတွေကို အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားလိုပါတယ်။ 

ကျွန်တော်တို့ ၂ ၁ရာစုမှာ သွားမယ့်ကိစ္စက သိရှိဖတ်မိနေရုံနဲ့ မရတော့ပါဘူး။ ဒီသိရှိဖတ်မိတာတွေကို ဘယ်လိုအသုံးချမလဲဆိုတဲ့ ကိစ္စကို သွားဖို့ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ကိုယ့်မြန်မာဘာသာနဲ့ တတ်တာတင် မဟုတ်ဘဲ နိုင်ငံတကာရဲ့ အသိ၊ အမြင်၊ အတွေးတွေကို ရဖို့ဆိုရင် အင်္ဂလိပ်စာ စွမ်းရည်ကလည်း အရေးကြီးလာပါတယ်။ ရေးသားထားတဲ့ ပြုစုထားတဲ့ စာအုပ်စာတမ်းတွေ၊ အင်တာနက်ပေါ်မှာရှိတဲ့ ဘာသာတွေက အင်္ဂလိပ်စာနဲ့ တော်တော်များများ ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ယူကေနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရမှာ ဖြစ်ပါတယ်။                                                             

(ဗြိတိန်အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID)) ၏ ပံ့ပိုးမှုဖြင့် ဗြိတိသျှကောင်စီနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆရာများကို တွေးခေါ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းမှု၊ ဒစ်ဂျစ်တယ်ပညာရပ် တတ်ကျွမ်းမှု၊ ဖန်တီးနိုင်မှုနှင့် စိတ်ကူးစိတ်သန်းကောင်းမှု၊ ကျောင်းသား၊ ကျောင်းသူ ဦးဆောင်မှု၊ နိုင်ငံသူ၊ နိုင်ငံသားများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံမှု၊ ကမ္ဘာ့နိုင်ငံကြီးသား စိတ်ဓာတ်များအကြောင်း သင်တန်းတွင် ပြောကြားချက်ကို ယခုတစ်ပတ် အကြောင်းအရာနှင့် ကိုက်ညီမှု ရှိသောကြောင့် ဖော်ပြခြင်း ဖြစ်ပါသည်။)

“ကြက်တူရွေးသင်တယ်။ ကြက်တူရွေးလို သိလာတယ်။ ဒါကတော့ မကောင်းပါဘူး”
ဒေါက်တာစိုင်းခိုင်မျိုးထွန်း (နိုင်ငံတကာဆက်ဆံရေး ပညာဌာန- ကထိက- မုံရွာတက္ကသိုလ်)

သင်ကြား၊ သင်ယူမှု ထိရောက်ဖို့ ဆောင်ရွက်ရာမှာ အတန်းအလိုက်လည်း ဆိုင်တယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်ပါတယ်။ ဥပမာ- အတန်းအလိုက် ဆိုတာ အငယ်ကနေ စပြီးတော့ သင်ကြားရေးပိုင်းမှာ စာတွေ များပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ စာလည်းတတ်လား ဆိုတော့ သိပ်ရတာလည်း မတွေ့ပါဘူး။ ဘာကြောင့် အဲဒီလို ဖြစ်နေတာလဲ ဆိုတာကို ပြန်ပြီးကြည့်မယ်ဆိုရင် စာတွေများတဲ့ အချိန်မှာ သင်ကြားမှုအပိုင်းမှာ အားလုံးကလည်း ပြောနေကြတဲ့ အတွေးအခေါ်ကို အားပေးရမယ့် အစားစာ၊ အကြောင်းအရာကိုပဲ မှတ်သားစေတဲ့ ပုံစံ ဖြစ်နေပါတယ်။  

အဲဒီတော့ တကယ်တမ်းက အကြောင်းအရာပေါ်မှာ ဆွေးနွေးတာ၊ ငြင်းခုံတာတွေလုပ်ပြီး ဒီစာတစ်ပုဒ်ကို ရအောင်လုပ်ပြီး သွားရမယ့်အစား စာကို မှတ်သားဆိုတော့ သင်ကြား၊ သင်ယူမှု အပိုင်းမှာ ကြက်တူရွေး သင်တယ်။ ကြက်တူရွေးလို သိလာတယ်။ ဒါကတော့ မကောင်းပါဘူး။ ဒီသင်ကြား၊ သင်ယူမှုပုံစံကို ပြောင်းကိုပြောင်းမှ ရပါမယ်။ ပြောင်းဖို့ဆိုရင် အဓိက ကျောင်းသားတွေကို လွတ်လွတ်လပ်လပ် တွေးခွင့်ရှိအောင် တွေးလာနိုင်အောင် သင်ကြားရပါမယ်။ အဲဒီလိုလုပ်ဖို့ ဆိုတာလည်း အခုလောလောဆယ် သင်ကြားရေး ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က အဲဒီလိုမျိုး သင်ကြားနည်း စနစ်တွေကို ပြန်ပြီး လေ့လာဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ 

ဒါက စာသင်ခန်း လွတ်လပ်ခွင့်နဲ့လည်း ဆိုင်ပါတယ်။ စာသင်ခန်း လွတ်လပ်ခွင့်မှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက အရင်တုန်းခေတ်ကလိုမျိုး ဝန်ကြီးဌာနက အပေါ်ကနေ ထိန်းချုပ်ထားတာမျိုးပါ။ နောက်တစ်ပိုင်းကတော့ ကျောင်းတွင်းမှာ စာသင်ကြားတဲ့ ဆရာ၊ ဆရာမ တစ်ယောက်က သူသင်ကြားချင်တဲ့ အကြောင်းအရာကို လွတ်လွတ်လပ်လပ် သင်ကြားနိုင်ခွင့် ရှိ၊ မရှိပါ။ ဒီအပိုင်းတွေ ရှိပါတယ်။ ဥပမာ- ကျောင်းမှာ ဆရာ၊ ဆရာမများက သူ့အားသာချက်၊ သူ့အားနည်းချက် ရှိမယ်။ သူအားသာရင် အားသာတဲ့ပုံစံနဲ့ သင်ကြားနိုင်ခွင့် ရှိရမယ်။ လွတ်လပ်မှု ရှိရပါမယ်။ အဓိကတော့ သူသင်ကြားမှု ထိရောက်မှုရှိ၊ မရှိ ပြန်သုံးသပ်တဲ့ ဖြစ်စဉ်တွေကတော့ အရေးကြီးတာပေါ့။ ဒီတိုင်းလွှတ်ထားတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ သင်ကြားမှု၊ သင်ယူမှု လွတ်လပ်ခွင့်ကလည်း အရေးကြီးပါတယ်။

အားသာတဲ့နည်းလမ်းနဲ့ ကျောင်းသားကို ရသွားအောင်၊ တွေးခေါ်လာနိုင်အောင် ဘယ်လိုမျိုး သင်ပေးနိုင်၊ လုပ်ပေးနိုင်မလဲ။ စာဆိုတာကတော့ နှစ်မျိုးတော့ ရှိတာပေါ့။ တစ်မျိုးကတော့ မှတ်သားဖို့ပါ။ နောက်တစ်မျိုးကတော့ တွေးခေါ်ဖို့ပါ။ ဒါပေမဲ့ နေရာတိုင်းမှာလည်း မှတ်သားခိုင်းလို့ မဖြစ်ပါဘူး။ တချို့စာတွေကိုတော့ တွေးခေါ်မှဖြစ်မယ့် အရာတွေပါ။ နောက်ပြီးတော့ စာမေးပွဲမေးခွန်း မေးတာကအစ တွေ့ရတာက ဤ၊ သည် မရွေးဖြေမှ မှန်မယ်ဆိုတာမျိုး မဖြစ်စေဘဲနဲ့ ကျောင်းသားတွေကို မေးတဲ့မေးခွန်းနဲ့ ဖြေတဲ့အဖြေက စာအုပ်ထဲမှာ မပါသော်လည်း ဖြေတာမှန်တယ်ဆိုရင် အမှတ်ပေးရမယ့် အခြေအနေမျိုးတွေ။ ကျောင်းသားတစ်ယောက်ကို အသီးငါးမျိုးရေးပါဆိုတဲ့ နေရာမှာ ကျောင်းမှာသင်ထားတဲ့ အမျိုးအမည် မဟုတ်လို့ အမှတ်မပေးဘူး ဆိုတာမျိုးလည်း မလုပ်ရပါဘူး။ အဲဒါက ကျောင်းသားတွေရဲ့ အတွေးအခေါ်၊ စိတ်ကူးကို ပိတ်ဆို့စေပါတယ်။ ပိတ်ဆို့လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီလို မဖြစ်ရပါဘူး။            

“ဆရာနဲ့ ကျောင်းသားအချိုးက မမျှတဲ့ အခါကျတော့ သင်ကြားမှုက ထိရောက်မှု နည်းနည်းလာပါတယ်”
ဒေါ်နီလာဝင်း (သူငယ်တန်းပြဆရာမ၊ အထက (၃၅)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့) 

ကျွန်မတို့ လက်ရှိ သင်ကြား၊ သင်ယူမှုနည်းလမ်းက တကယ်အလုပ်မဖြစ်ပါဘူး။ ကလေးတွေရဲ့ အတွေးအခေါ် ဖွံ့ဖြိုးတဲ့နည်းလမ်း ဖြစ်အောင် ကလေးဗဟိုပြု သင်ကြားနည်းနဲ့ သင်ရမယ်ဆိုပြီး လမ်းညွှန်ထားပေမယ့် သင်ရိုးညွှန်းတမ်းကိုခွဲပြီး သတ်မှတ်ချိန်အလိုက် အသင်ခိုင်းတာက မီအောင်ဘယ်လိုမှ မသင်နိုင်ပါဘူး။ ခိုင်းတာတခြား၊ လုပ်တာကတခြား ဖြစ်နေတာလည်း ပါပါတယ်။ အချိန်နဲ့ သတ်မှတ်တဲ့အခါ မီအောင်လည်း လုပ်ရမယ်ဆိုတော့ ရှေးနည်းအတိုင်း သင်တာပဲများ နေပါသေးတယ်။ အဲဒီလို သင်နေတာ များတဲ့အခါ ဒီသင်ခန်းစာရဲ့ လိုချင်တဲ့ ရည်ရွယ်ချက်ကို မရောက်တာ၊ ကျောင်းသားတွေ အတွေးအခေါ် ဖွံ့ဖြိုးစေဖို့ အလေ့အကျင့်ရတဲ့အထိ မရောက်ပါဘူး။ ကျက်ပြီး ဖြေကြတယ်။ 

ဒါကို ဘယ်လိုနည်းလမ်းနဲ့ပြန်ပြီး အဖတ်ဆယ် ဖြေရှင်းကြမလဲဆိုရင် ကျွန်မတို့ ဆရာတွေက နေပြီးတော့ စိတ်ဝင်စားတဲ့ ဆရာမက စိတ်ဝင်စားသလို ဆရာမ ဒေါ်မြင့်မြင့်ဇော်လို အားသာတဲ့နည်းလမ်းနဲ့ ကလေးတွေ ပိုတွေးတတ်လာအောင်၊ ဖွံွ့ဖြိုးလာအောင် ထိထိရောက်ရောက်ဖြစ်အောင် သင်ကြားဖို့ လိုတာပေါ့။ ဥပမာ- မြန်မာစာသင်တဲ့ ပုံစံက ဆရာမက အသံလည်း ကောင်းတယ်။ ဆိုလည်းဆိုတတ်တယ် ဆိုတဲ့ အခါကျတော့ ကလေးတွေက မြန်မာစာကို တော်တော်ချစ်လာမယ်။ စိတ်ဝင်စားလာမယ်။ ပညာရပ်အပေါ် စီးမျောလာမယ်။ ကျွန်မက အားသာချက်ကို အသုံးချသင်လိုက်တာကို သဘောကျတာပါ။ ကျန်တဲ့ဘာသာရပ်တွေလည်း အဲဒီလိုပဲပေါ့။ 

ကျွန်မတို့ မူလတန်းအဆင့် ဆရာတွေက များသောအားဖြင့် ဘာသာစုံ သင်ကြရတဲ့အခါ တစ်ယောက်တည်း စာနည်းနည်းများလာပြီဆိုရင် မနိုင်တော့ပါဘူး။ ကျွန်မ ကျောင်းဆိုရင် ဘာသာစုံ မသင်ဘဲနဲ့ ငါးတန်းအထိ သင်လိုက်ပြန်တော့လည်း ကျောင်းသားက အများကြီးပါ။ ကျောင်းသားဦးရေက ၄၀၀ ပတ်ဝန်းကျင်လောက်ဆိုတဲ့ အခါကျတော့ တစ်ဘာသာချင်းခွဲပြီး ဆရာတွေက အခန်းတွေလိုက်ပြီး သင်ရတဲ့အခါကျတော့ ဘာမှမထူးပါဘူး။ အဓိကက ဆရာနဲ့ ကျောင်းသားအချိုးက မမျှတဲ့ အခါကျတော့ သင်ကြားမှုက ထိရောက်မှု နည်းနည်းလာပါတယ်။ 

ဒါကြောင့် သင်ရိုးခွဲထားတဲ့ လပိုင်း မာတိကာတွေကလည်း ကျွန်မတို့ကို ဖိအားဖြစ်စေပါတယ်။ စစ်ဆေးရေးလာတဲ့ အခါမှာလည်း ကျွန်မတို့ ဒီသင်ခန်းစာ မပြီးရကောင်းလား ဖြစ်ဦးမယ်။ လအလိုက်ကျတော့လည်း အပတ်စဉ်တိုင်း ကျောင်းအုပ်ကို တင်ပြရတဲ့အတွက် ကျွန်မတို့ လပိုင်းမာတိကာနဲ့ သင်ခန်းစာကို ထိထိရောက်ရောက်၊ ပေါက်ပေါက်မြောက်မြောက် ဖြစ်အောင်၊ ကလေးတွေ နားလည်အောင်၊ သူတို့ စဉ်းစားတွေးခေါ်မှု မြင့်အောင်၊ သင်ခန်းစာ ရည်ရွယ်ချက် ရောက်အောင် မပေးနိုင်ဘူးပေါ့။ ကျွန်မတို့ ပေးနိုင်နေတာက စာရသလား၊ စာကျက်သလား၊ စာရသလား ဒီလောက်ပဲ ဖြစ်နေသေးပါတယ်။ 

အခုကလေးတွေက စနစ်တစ်ခုရဲ့ သားကောင်လိုမျိုး ဖြစ်နေပါပြီ။ အဲဒါကြောင့် ပြည့်ပြည့်စုံစုံနဲ့ ကလေးဗဟိုပြု သင်ကြားနည်းကို သင်ကြားမယ်ဆို သင်ခန်းစာရဲ့ ရည်ရွယ်ချက်၊ ကလေးတွေရဲ့ ဝေဖန်ပိုင်းခြား စဉ်းစားနိုင်မှု အလေ့အကျင့် များလာပြီး ပိုကောင်းလာပါမယ်။ ကလေးဗဟိုပြု သင်ကြားနည်း ဆိုတာက ပြည့်စုံမှု ရှိမှပါ။ အခုက လိုအပ်ချက်တွေ များနေပါတယ်။ ဒါကို ဘယ်လိုရှင်းမလဲ ဆိုတာကို ကျွန်မတို့ အဖြေရှာနေကြတာ ဖြစ်ပါတယ်။

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)