POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ကျောင်းအဆင့်တိုးနှင့် ဆရာလိုအပ်ချက် )
31-May-2018

အခြေခံပညာကျောင်းများကို ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ပေးသော်လည်း သင်ကြားမည့် ဆရာ၊ ဆရာမများကို တစ်ခါတည်း ခန့်ထားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ကျောင်းအုပ်နှင့်တာဝန်ရှိသူများက အဆင်ပြေအောင် စီမံရသည်။ ကျောင်းအဆင့်တိုးနှင့် လက်တွေ့ဖြစ်နေသည့် အခြေအနေများအကြောင်း ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

“ကျောင်းဖွင့်တာနဲ့ ဆရာတွေ အကုန်လုံး ခန့်ထားပေးမှ အဆင်ပြေမယ်”
ဦးပြည့်ဖြိုးမောင် (အထက်တန်းပြ၊ အထက(၁) ညောင်ရွှေ၊ ရှမ်းပြည်နယ်တောင်ပိုင်း)

ကျောင်းအဆင့် တိုးတယ်ဆိုတာက မူလတန်းကနေ မူလွန်တိုးတာက ပြဿနာမရှိဘူး။ ဆိုလိုတာက လက်ရှိကျောင်းအုပ်ပဲ အုပ်ချုပ်လို့ရသေးတယ်။ လ(ခွဲ) ကနေ အ.လ.က တိုးတာ၊ မူလွန်ကနေ အလက(ခွဲ)တိုးတာတွေ၊ အထက(ခွဲ) ကနေ အ.ထ.က တိုးသွားတဲ့ကျောင်းတွေအတွက်တော့ ပြဿနာ သိပ်မရှိဘူး။ လက်ရှိ ဆရာတွေကပဲ ထိန်းပြီးသင်သွားလို့ အဆင်ပြေသေးတယ်။ ပြဿနာရှိတာက အ.လ.က ကျောင်းကနေ အ.ထ.က(ခွဲ) တိုးတဲ့ကျောင်းတွေက အဓိက ပြဿနာပါ။ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်း ခွဲဖြစ်သွားတဲ့အတွက် အထက်တန်းပြဆရာတွေ လိုအပ်ပါတယ်။ အဲဒီအတွက် အချိန်မီ မခန့်ပေးနိုင်ရင် သင်ကြားရေးအတွက် လုံးဝ ဒုက္ခရောက်ပါတယ်။ မူလက အလယ်တန်းကျောင်းဆိုတော့ သင်ကြားရေးက အရင်က အလယ်တန်းပြဆရာတွေပဲ ရှိတာဖြစ်တဲ့အတွက် ထက်ပြတစ်ယောက်မှ ရှိမထားတော့ ဆရာတွေ ချက်ချင်းမခန့်နိုင်ရင် ဒုက္ခတွေ ရောက်ကုန်မှာ။ ဆရာတွေ မခန့်မချင်း ရွာနဲ့ညှိပြီး အပြင်ဆရာတွေ ငှားရတယ်။ ဒါတော့ ကျောင်းတိုင်းက အဲဒီလိုပဲ လည်ပတ်ရတယ်။ ခုချိန်ထိက ဆရာတွေကို ဘယ်ချိန်ခန့်ထားမယ်ဆိုတာလည်း မသိရသေးဘူး။ ပညာရေးမှာ ဘယ်ချိန်ခန့်မယ်ဆိုတာ တိတိကျကျ မရှိဘူး။ ဒီနှစ်ကမှ နည်းနည်း တိကျသေးတယ်။

ကျောင်းအဆင့်တိုးဖို့က ရပ်ရွာနဲ့ ကျောင်းနဲ့ ပူးပေါင်းပြီးမှ တင်ကြတာဆိုတော့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေအနေနဲ့ မူရင်းကျောင်းမှာပဲ ပြန်တက်ရမယ်။ ကျောင်းသားအနေနဲ့ကတော့ ဒီကျောင်းရအောင် လုပ်ထားရတဲ့အတွက် တော်ရုံတန်ရုံဆို အပြင်ကို အထွက်မခံတော့ဘူး။ ခုကတော့ အစိုးရက ခန့်တာ မခန့်တာ အသာထား ပြင်ပက သင်နိုင်တဲ့သူတွေကို အဖော်ညှိပြီး လုပ်နေကြပြီ။ ကျွန်တော်တို့ အရင်ကြုံဖူးတဲ့ ကျောင်းတွေမှာဆိုရင် ဆရာအင်အား မရှိတော့ အလယ်တန်းက သင်နိုင်တဲ့ဆရာတွေကို အဆင်ပြေတဲ့သူတွေကို ကျောင်းအုပ်က အကူအညီ တောင်းပြီးတော့ အထက်တန်းမှာ သင်ရတယ်။ အဲဒီမှာ အလယ်တန်းပြက ကိုးတန်းလောက်ကို တက်သင်ရတာပေါ့။ ဒီလိုကျောင်းအဆင့် တိုးမယ်ဆိုရင် အဆင့်တိုးမယ့်ကျောင်းကို အရင်ဆုံး အော်ဒါထွက်စေချင်တယ်။ စောစောစီးစီးပေါ့။ နွေရာသီ ကျောင်းတွေ ပိတ်ပြီးစမှာ တိုးစေချင်တယ်။ ကျောင်းတွေ အဆင့်တိုးတာ ဖြစ်တဲ့အတွက် အဲဒီနေရာမှာဝင်ရမယ့် ထက်အုပ်တွေ၊ လယ်အုပ်တွေ ဘယ်သူက ဘယ်ကို ပြောင်းရမယ်ဆိုတာ ပိုအဆင်ပြေတာပေါ့။

ခုက ပြောင်းပြန်ဖြစ်နေတယ်။ ကျောင်းအုပ်တွေ ပြောင်းရွှေ့အော်ဒါကျပြီးမှ ကျောင်းတွေအဆင့် တိုးထွက်လိုက်တော့ ကျွန်တော်ကြားတာက မူပြနဲ့ လယ်ပြတွေ ပြောင်းရွှေ့မထွက်နိုင်သေးတာ အဲဒီကိစ္စကြောင့်လို့ထင်တယ်။ အလယ်တန်းပြ၊ မူလတန်းပြတွေ အပြောင်း တင်ထားတာရှိတယ်။ ကျောင်းဖွင့်ပြီးမှ ဆရာ၊ ဆရာမတွေကို ပြောင်းရွှေ့ပေးတာ ဖြစ်တဲ့အတွက်လည်း အခက်အခဲတွေရှိတယ်။ လွယ်လွယ်ပြောရရင် စာချိန်မှာ ကျွန်တော်တို့ဆိုရင် သင်ကြားရေးအတွက် ဘယ်ဆရာက ဘယ်အတန်းဝင်မယ်ဆိုတာ စာရင်းတွေ လုပ်ထားရပြီ။ သင်ကြားရေးကလည်း မတိုက်အောင် သင်ရတာဖြစ်တဲ့အတွက် ကျောင်းဖွင့်တဲ့အချိန်မှာ ခွဲတမ်းချထားတဲ့အတိုင်း သင်ရော။ သင်ပြီး တစ်ပတ်လောက်မှ နေရာပြောင်းရမယ်ဆိုတော့ လစ်လပ်သွားတဲ့နေရာအတွက် အချိန်ဇယားတွေကိုက်အောင် ပြန်လုပ်ရပြန်ရော။ အလုပ်ရှုပ်တယ်။ အဲဒီတော့ ဌာနအနေနဲ့ ကျောင်းဖွင့်တာနဲ့ ဆရာတွေ အကုန်လုံး ခန့်ထားပေးမှ အဆင်ပြေမယ်။ ကျောင်းဖွင့်အမီဆိုရင်တောင် သိပ်အဆင်မပြေဘူး။ မေလထဲလောက် ထွက်ပေးထားမှ အဆင်ပြေမှာ။ ပညာရေးဝန်ကြီးဌာနအနေနဲ့က ဒီနှစ်ကတော့ အရင်နှစ်တွေ ထက်စာရင် တော်တော် အလုပ်လုပ်တယ်လို့တော့ပြော လို့ရတာပေါ့။

“ကျွန်မကိုယ်တိုင်လည်း နှစ်ဘာသာ သင်နိုင်ပါတယ်။ အပင်ပန်းခံရမှာပေါ့”
ဒေါ်ဆွေဆွေအေး (အလယ်တန်းကျောင်းအုပ်၊ အထက(ခွဲ)ထေးငှားလျား၊ လွိုင်ကော်မြို့)

ကျွန်မကတော ကျောင်းအဆင့်တိုးလျှောက်မယ်လို့ ဆုံးဖြတ်လိုက်ကတည်းက သင်ကြားရေးအတွက် ကြိုတင်စီစဉ်ထားခဲ့တာမို့ အခက်အခဲတော့ သိပ်မရှိလောက်ဖူးလို့ ထင်ပါတယ်။ မိဘတွေကိုလည်း အသေအချာ အကျေအလည် ဆွေးနွေးထားတာမို့ ကျောင်းထွက်လက်မှတ် လာတောင်းတာမျိုးလည်း မရှိပါဘူး။ မိဘတွေက ကျောင်းအဆင့်တိုးရဖို့ မျှော်လင့်ချက်နဲ့ပဲ စောင့်နေကြတယ်လေ။ ကျွန်မကျောင်းက အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်း ခွဲတိုးတာမို့ ကျွန်မကပဲ ထခွဲ ကျောင်းအုပ်အနေနဲ့ ဆက်လုပ်ရဦးမှာပါ။ သင်ကြားရေးအတွက်ကိုတော့ ဆရာ၊ ဆရာမ ချက်ချင်း မခန့်နိုင်ဘူးဆိုတာ သိတဲ့အတွက် မိတ်ဆွေ ပင်စင်စား ဆရာမကြီးတချို့နဲ့ အပြင်ဆရာ တချို့ကို အကူအညီ တောင်းရပါတယ်။ ကျွန်မကိုယ်တိုင်လည်း နှစ်ဘာသာ သင်နိုင်ပါတယ်။ အပင်ပန်းခံရမှာပေါ့။ ကိုးတန်းတစ်ခုပဲ ဒီနှစ်မှာဖွင့်မှာ။ ကျောင်းသားလည်း ၅၀ လောက်ဆိုတော့ သိပ်တော့ အပန်းမကြီးလှပါဘူး။

ကျောင်းတွေ အဆင့်တိုးဖွင့်တာကို ကြိုဆိုပါ တယ်။ ကလေးတွေအတွက် ကိုယ့်ရပ် ကိုယ့်ရွာကနေ အဝေးကို သွားစရာမလိုဘူးဆိုတော့ ကျောင်းထွက်နှုန်းလည်း လျော့သွားနိုင်တာပေါ့။ ဒါပေမဲ့ ကျောင်းအဆင့် တိုးတာနဲ့အတူ လိုအပ်တဲ့ဆရာ၊ ဆရာမကိုလည်း တစ်ပါတည်း ခန့်ထားပေးစေချင်ပါတယ်။ ကျွန်မကတော့ အဆင့်တိုးလျှောက်မယ့် ကျောင်းအုပ်နဲ့မိဘများကိုပဲ အကြံပြုချင်ပါတယ်။ကိုယ့်ကျောင်းအဆင့် တိုးလျှောက်ဖို့အတွက် သေသေချာချာ စဉ်းစားကြစေချင်ပါတယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်း သေချာစီစဉ်ထားစေချင်ပါတယ်။ ကျောင်းအဆင့် တိုးလိုက်တာနဲ့ အဆောက်အအုံ ပရိဘောဂနဲ့စာသင်မယ့် ဆရာတွေက ဥုံဖွဆိုပြီး တစ်ခါတည်းပါလာတာ မဟုတ်ပါဘူး။ ဒါကြောင့် အဆင့်တိုးမတင်ခင်ကတည်းက ကိုယ့်ကျောင်းမှာ စာသင်ခန်းနဲ့ ပရိဘောဂ အလုံအလောက်ရှိရဲ့လား။ ဆရာ မခန့်ပေးနိုင်ခင် သင်ကြားပေးနိုင်မယ့် ဆရာကော ရှိရဲ့လားဆိုတာကို အထူးသဖြင့် မိဘတွေနဲ့အကျေအလည် ညှိနှိုင်းထားဖို့လိုပါတယ်။ မိဘအများစုက ကိုယ့်ကလေးကို မြို့ပေါ်ကျူရှင် ဘော်ဒါ ကျောင်းကောင်းမှာ ထားချင်ကြတာလေ။ မိဘတွေက ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ မပြည့်မစုံ ထခွဲကျောင်းလေးမှာ ထားချင်ပါ့မလားဆိုတာ သေချာစဉ်းစားပြီး ကိုယ့်ဘက်က ယုံကြည်ချက်ရှိမှ မိဘတွေနဲ့တိုင်ပင်ပြီးမှ ကျောင်းအဆင့်တိုး လျှောက်ကြပါလို့ ပြောချင်ပါတယ်။

“အဆင့်တိုးတဲ့ကျောင်းတွေမှာ ခန့်ထားပေးဖို့ စီစဉ်နေတယ်လို့ မျှော်လင့်ရတာပဲ”
ဦးခိုင်ဇော်ထက် (မူလတန်းပြ၊ အ.မ.က၊ ဘူးဒလက်ကုန်း၊ ပဲခူးတိုင်းအနောက်ပိုင်း)

ကျောင်းအဆင့်တိုးက လက်ရှိ အနေအထားအရ သူငယ်တန်းက စတုတ္ထတန်းထိ အနေအထားမှာ မူလတန်းသင်ဆရာတွေပဲ ရှိနေတာဆိုတော့ အဆင့်တိုးသွားရင် အလယ်တန်း သင်ဖို့လိုလာပြီ။ အဲဒီတော့ အလယ်တန်းကိုသင်ဖို့ ဆရာမရှိရင် အခက်အခဲဖြစ်မယ်။ ဒါပေမဲ့ ကျောင်းအဆင့်တိုးတာနဲ့ ဆရာတွေကို တစ်ယောက် နှစ်ယောက်တော့ ချပေးပါတယ်။ ဒီတစ်ယောက်နှစ်ယောက်နဲ့ပဲ လက်ရှိ အနေအထားအရ အဆင်ပြေတယ်လို့ ပြောရမှာပေါ့။ မူလတန်းကျောင်းကနေ အလယ်တန်းအဆင့်တိုးလိုက်တာနဲ့ ပထမဆုံး ချထားပေးရမှာက ငါးတန်း၊ ခြောက်တန်း အရင်လာမှာပေါ့။ အဲဒီအချိန်မှာ တိုးလာတဲ့ဆရာ နှစ်ယောက်လောက်က အဲဒီအတန်းတွေ ဝင်လိုက်ရင်တော့ အဆင်ပြေမယ့် အနေအထားပါ။ အဲဒီဆရာခန့်တာက ဇွန်လလယ်လောက်ဆိုရင်တော့ ခန့်မယ်လို့ထင်ပါတယ်။ ကျောင်းအဆင့် တိုးလိုက်တယ်ဆိုပေမယ့် အခြားကျောင်းက လာတက်တဲ့ကျောင်းသားက ရှားတယ်။ ခုလက်ရှိကျောင်းက ကျောင်းသားတွေပဲ ပြန်တက်ကြမှာပါ။ အထက်တန်းကျောင်းကြီးတွေနဲ့ ဝေးတဲ့ကျောင်းတွေကလောက်ပဲ တက်ကြတာများမယ်။

လက်ရှိ အနေအထားအရက ကျောင်းသား ဘယ်လောက်များများ ရှိတဲ့ဆရာနဲ့ပဲ အဆင်ပြေအောင် သင်ရတယ်ပေါ့။ နောက်မှပဲ မြို့နယ် ပညာရေးမှူးရုံးကတစ်ဆင့် ဆရာတွေ တောင်းရတယ်။ ကျောင်းတွေက အဆင့်တိုးတယ်။ ဆရာတွေ မပြည့်စုံသေးဘူးဆိုပြီး အများကတော့ ထင်မြင်ချက်ပေးကြမှာပေါ့။ ခုလောလောလတ်လတ်မှာ အထက်တန်းပြဆရာ အပြောင်းအရွှေ့တွေ ထွက်ပြီးသွားပြီ။ မူပြနဲ့ လယ်ပြ အပြောင်းအရွှေ့တွေ၊ ရာထူးတိုးတွေ ကျန်နေသေးတယ်ဆိုတော့ သူတို့ကိုတော့ အဆင့်တိုးတဲ့ကျောင်းတွေမှာ ခန့်ထားပေးဖို့ စီစဉ်နေတယ်လို့ မျှော်လင့်ရတာပဲ။ သူတို့ခန့်ထားလိုက်ရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ အဲဒါဆိုရင် ခုအဆင့်တိုးကျောင်းတွေလည်း အဆင်ပြေမယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ကျောင်းကတော့ အဆင့်တိုးတာထဲ မပါသေးပါဘူး။ ခုတိုးတဲ့ကျောင်းတွေက တိုးပေးသင့်တဲ့ ကျောင်းတွေပဲဖြစ်မှာပါ။ ကျောင်းအဆင့်တိုး စာရင်းတွေကို ကျောင်းဖွင့်ခါနီးမှ ထွက်တယ်ဆိုတာကလည်း အပြစ်ပြောလို့မရဘူး။ တာဝန်ရှိသူတွေကလည်း ဒီအလုပ်တစ်ခုတည်း လုပ်နေရတာမှ မဟုတ်တာ။ ကျောင်းဖွင့်ခါနီးမို့ ကျောင်းအဆင့် တိုးတာကြောင့် ကသိကအောက်ဖြစ်တယ်ဆိုတာ နည်းပါတယ်။

မြဇာခြည်သင်း