News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ပင်စင်ကြေးကောက်ခံမှု)
17-May-2018
အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမများ ပင်စင်ယူသွားသည့်အခါ ကျန်ရှိသည့်ဆရာ၊ ဆရာမများက ဝိုင်းဝန်းထောက်ပံ့ ကူညီကြသည်။ သို့သော် ဆရာ၊ ဆရာမများကြား သို့လော သို့လော ဖြစ်နေသည်မှာ ၎င်းတို့ကူညီလိုက်သော ငွေကြေးအားလုံး ပင်စင်ယူသွားသည့် ဆရာ၊ ဆရာမများထံ အမှန်တကယ် ရောက်၊ မရောက်၊ ရ၊ မရဖြစ်သည်။ ထိုအကြောင်းအရာကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် ဆရာများ၏ သဘောထားအမြင်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

“အဲဒီဖြတ်လိုက်တဲ့ ပင်စင်ကြေးတွေကို ဘယ်လောက် သုံးတယ်၊ ဘယ်လောက်ကျန်တယ်ဆိုတာ စာရင်းရှင်းတာမျိုး မရှိဘူး”
ဦးအောင်ဆင့် (အထက်တန်းပြ၊ အထက(၅)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်)

ပင်စင်ကြေးပေးရတာကို ကျွန်တော်တို့အနေ နဲ့က ကြိုဆိုပါတယ်။ ဆရာကြီး၊ ဆရာမကြီးတွေကို ပေးရတာဖြစ်တဲ့အတွက်ဆိုတော့ ပေးပျော်ပါတယ်။ ကျွန်တော်တို့မြို့မှာတော့ ပင်စင်ကြေးအတွက် လစဉ်လစာရဲ့ ၁ ရာခိုင်နှုန်း ဖြတ်တယ်။ ကျွန်တော်ဆိုရင် လစာ ၂ သိန်း ၁ သောင်းရတာ ဖြစ်တဲ့အတွက် ၂၁၀၀ ဖြတ်ခံရတယ်။ အဲဒါက ပုံမှန် လတိုင်းဖြတ်သွားတာ။ ဒါပေမဲ့ ပင်စင်ဖြတ်တဲ့ကြေးကို ပေးရတာကို ကျေနပ်တယ်။ ခုက လစဉ် ဖြတ်သွားတယ်။ ဒါပေမဲ့ ဒီလမှာ ပင်စင်ယူတဲ့သူမရှိရင် ဖြတ်လိုက်တဲ့ငွေကြေးက ဘဏ်မှာ ရှိရမယ်။ အဲဒီဖြတ်လိုက်တဲ့ ပင်စင်ကြေးတွေကို ဘယ်လောက်သုံးတယ်၊ ဘယ် လောက်ကျန်တယ်ဆိုတာ စာရင်းရှင်းတာမျိုး မရှိဘူး။ အဲဒီအချက်ကို ရှင်းတမ်းထုတ်စေချင်တယ်။ ခုက ပင်စင်ကြေး ဘယ်လောက်ရပြီ၊ ဘဏ်မှာအပ်တယ်ဆိုရင် ဘဏ်အပ်ငွေ ဘယ်လောက်ရတယ်ဆိုတာ မရှင်းလင်းဘူး။ လစဉ် စာရင်းရှင်းတမ်း ထုတ်ပေးမယ်ဆိုရင် ဒီလိုမျိုး မကျေနပ်တာတွေ မရှိဘူး။ ရှင်းရှင်းပြောရရင် ဆရာ၊ ဆရာမတွေအနေနဲ့က ကိုယ့်ရဲ့လစာကို တစ်ထောင်ပဲဖြစ်ဖြစ်၊ ငါးရာပဲဖြစ်ဖြစ် မဖြတ်စေချင်ကြဘူး။ ခုမှ အလုပ်ဝင်ခါစတွေ လုပ်သက် ၅ နှစ် ၆ နှစ်ပဲရှိသေးတဲ့သူတွေက သူတို့ကျတော့ ပင်စင်ယူဖို့ဆိုတာ အဝေးကြီး ပဲ။ အဲဒီတော့ လစဉ်ပေးနေရတာဆိုတော့ နှစ်ချီတွက် ကြည့်ရင် မနည်းဘူး။ ပင်စင်ယူခါနီးသူတွေကတော့ ကျေနပ်တာပေါ့။ ပြောမယ်ဆိုရင် အငယ်ပိုင်းဆရာ၊ ဆရာမတွေက မကျေနပ်တာ အမှန်ပါပဲ။ သူတို့က အပေးချည်းပဲလို ဖြစ်နေတယ်။ အယူမှ မရှိသေးတာ။ ကျွန်တော့် သဘောထားကတော့ ပေးပျော်ပါတယ်လို့ ပြောချင်တယ်။ ဒါက ကိုယ့်အတွက် တစ်ထောင် နှစ်ထောင်ဆိုတော့ ထူးပြီးကုန်သွားတာ မဟုတ်ဘူး။ ဒါပေမဲ့ အချို့ကျလည်း နှစ်ရှည်ပေးရတာဖြစ်တဲ့အတွက် ငြိုငြင်ကောင်း ငြိုငြင်တာမျိုးရှိမယ်။ ပင်စင်ကောက်တာကို ဒီလမှာ ပင်စင်ဘယ်နှယောက်ယူမယ် ဘယ်လောက် ထည့်ရမယ်လို့ပြောရင် အားလုံးက ကျေနပ်ကြမယ် ထင်ပါတယ်။ ခုလို လစဉ်တိုင်းဖြတ်တော့ မကျေနပ်တာက ပိုများတယ်။ ပွင့်လင်းမြင်သာစွာ ချပြမယ်ဆိုရင် အားလုံး ကျေနပ်မယ်ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပင်စင်ယူတဲ့သူတွေရဲ့နောင်ရေးကို တစ်ဖက် တစ်လမ်းက ကူညီရတာဖြစ်တဲ့အတွက် ဘယ်ချိန်ပဲဖြစ်ဖြစ် ပေးချင်ပါတယ်။ 

“ခုလိုပြောနေတာကို အထင်လွဲပြီး ပင်စင်ကောက်တဲ့စနစ်ကို မလိုဘူးလို့လည်း မထင်စေချင်ဘူး”
ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ အထက-၇၊ ကလေးမြို့ )

ကျွန်တော်တို့ဆီမှာက ဆရာတစ်ဦး ပင်စင်ယူရင် ပင်စင်ကြေးဆိုပြီး ဆရာတစ်ယောက်ကို တစ်ထောင်စီ ကောက်တယ်။ တစ်လကို သုံးထောင်ကနေ ၅ ထောင်လောက်ထိ ဖြတ်တောက်ခံရတာ ရှိပါတယ်။ ဖြတ်တောက်တယ်ဆိုတာက လစာထဲကပါ။ ပြီးခဲ့တဲ့ လေးလပိုင်း (ဧပြီလ)က အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆရာ တစ်ဦးပင်စင်ယူရင် ၁၅၀၀ တိုးကောက်မယ်လို့ သိရတယ်။ အစည်းအဝေးမှာတော့ ကျွန်တော် မတက်လိုက်ရဘူး။ တစ်ယောက်ကို ၁၅၀၀ ဆိုတော့ ပင်စင် ၂ ယောက်ယူရင် ၃၀၀၀၊ ၄၅၀၀ ဖြစ်သွားမှာပေါ့။ ပင်စင်ကြေး ပေးတာက ကောင်းတော့ ကောင်းပါတယ်။ အသက် ၆၀ ပြည့်သွားလို့ ပင်စင်ယူတဲ့အခါ အထောက်အကူ ဖြစ်ပါတယ်။ ပင်စင်ယူသွားတယ်။ ဝန်ထမ်းတွေအနေနဲ့က ကိုယ်တိုင် အိမ်ဝင်းတောင် မရှိတာတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် ပြန်ထောက်ပံ့ရတာ ဖြစ်သင့်ပါတယ်။ ဝမ်းလည်းသာပါတယ်။ ဒါပေမဲ့ တစ်ခု ရှိတာက ကျွန်တော်တို့မြို့နယ်မှာ တစ်မြို့နယ်လုံးဆို ရင် တစ်လကို သိန်း ၄၀ လောက်ရမယ်။ ဒါပေမဲ့ ပင်စင်ကြေးကို ပင်စင်ယူတဲ့ဆရာ၊ ဆရာမတွေကို ပြန်ပေးတဲ့ အခါမှာ ရုံးရန်ပုံငွေဆိုပြီး နုတ်ထားလိုက်တာ ရှိတယ်။ အဲဒီလို ရုံးရန်ပုံငွေနုတ်ပြီးကျန်တဲ့ဟာမှ ပင်စင်သမား တွေကိုပေးတာ။ ကျွန်တော်တို့ဆရာ၊ ဆရာမတွေက အဲဒါကိုမကျေနပ်ကြဘူး။ ကျွန်တော်တို့က ပင်စင်သမားအတွက် ပင်စင်ကြေးဆိုပြီး ထည့်လိုက်တယ်ဆိုတာ ဒီပင်စင်သမားကို ပိုက်ဆံအပြည့်ရစေချင်တာ။ ရုံးရန်ပုံ ငွေအဖြစ်ဆိုပြီးမှ ထည့်လိုက်တဲ့ပိုက်ဆံက ဆရာ၊ ဆရာမတွေ သင်တန်းသွားတဲ့အချိန်မှာ ဆရာ၊ ဆရာမတွေအတွက် လမ်းစရိတ် ပြန်ထောက်ပံ့တာမျိုး လုပ်တယ်။ ဒါပေမဲ့ အဲဒါမျိုးကို ကျွန်တော်တို့မလိုချင်ဘူး။ ပင်စင် သမားအတွက်ပေးတဲ့ပိုက်ဆံက ပင်စင်သမားဆီကိုပဲ ရောက်သင့်တယ်။ ပြီးတော့ သင်တန်းတွေသွားရင် သင်တန်းအတွက် ခရီးစရိတ်ဆိုတာက သတ်သတ်တင်ရတယ်။ အဲဒီတော့ ပင်စင်သမားတွေကိုလည်း ပင်စင်အပြည့်ပေးချင်တယ်။ နောက် ပင်စင်ကြေးကောက် တာကိုလည်း ရပ်မပစ်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ခေတ်အဆက်ဆက် ထည့်လာတဲ့သူတွေအနေနဲ့ ဒီပင်စင်ကောက်တဲ့လုပ်ငန်းကြီးက ပျက်သွားပြီဆိုရင် နစ်နာတယ်။ အဲဒီတော့ ဒီပင်စင်ကောက်တဲ့အဖွဲ့ကို လည်း မပျက်စေချင်ဘူး။ သို့သော် ကျွန်တော်တို့ထည့်လိုက်တဲ့ ပင်စင်ကြေးအားလုံး ပင်စင်သမားတွေ အပြည့်အဝ ရစေချင်တယ်။ အကယ်၍ ကျွန်တော်တို့က ခုလိုပြောနေတာကို အထင်လွဲပြီး ပင်စင်ကောက်တဲ့စနစ်ကို မလိုဘူးလို့လည်း မထင်စေချင်ဘူး။ ပင်စင်ကောက်တာကို ဆက်ရှိစေချင်တယ်။ ဒါပေမဲ့ မှန်ကန်စေချင်တယ်။ ဒါမှလည်း ကျွန်တော်တို့အနေနဲ့ ပင်စင်ကြေး ထည့်ဝင်ရတာကို အကုသိုလ်စိတ် မဖြစ်တော့ဘူးပေါ့။

“ကိုယ်လှူလိုက်တဲ့ငွေက ပင်စင်ယူတဲ့ဆရာ၊ ဆရာမကြီးတွေဆီ အကုန်ရောက်သလား ဆိုတာတော့ မသိဘူး”
ဦးမျိုးမင်းနိုင် (အလယ်တန်းပြ၊ မူလွန်-တောင်မော်၊ အမ်းမြို့နယ်၊ ရခိုင်ပြည်နယ်)

ကျွန်တော်တို့ လစာထုတ်လို့ ဆရာကြီး၊ ဆရာမကြီးတစ်ဦး ပင်စင်ယူရင် လစာထဲက တစ်ထောင်ဖြတ်တောက်ပါတယ်။၂ ယောက်ဆို ၂ ထောင်ပေါ့။ နာရေးတစ်ခုဖြစ်ရင်လည်း တစ်ထောင်ပါပဲ။ တစ်ခါတည်း ရုံးက နုတ်ယူလိုက်တာပါ။ ပင်စင်ကြေးပေးရတာ ကျေနပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထက်စီနီယာ ဆရာ၊ ဆရာမကြီးတွေကို တကူးတက သွားပြီး မကန်တော့နိုင်ဘူး။ ဒီလိုလစာထဲက ဖြတ်တောက်လိုက်တာ ကောင်းပါတယ်။ ကိုယ်လည်း တစ်ချိန်ချိန်ရောက်ရင် ပင်စင်ယူရတဲ့အခါ ကိုယ်လည်း အကျိုးခံစားရမှာပါ။ ဘယ်လောက်ပဲဖြတ်ဖြတ် လက်ခံနိုင်ပါတယ်။ ပင်စင်ကြေးတို့၊ နာရေးတို့က ကုသိုလ်ရပါတယ်။ ဒါပေမဲ့ ရုံးဖြတ်ငွေကိစ္စနဲ့ပတ်သက်ပြီးတော့ ဆရာ၊ ဆရာမတွေကြားမှာ ပြောကြတာရှိတယ်။ ရုံးဖြတ်ငွေဆိုပြီး ပိုက်ဆံဖြတ်တာရှိတယ်။ အဲဒါက ဆရာ၊ ဆရာမတွေ သင်တန်းဖြစ်ဖြစ်၊ ခရီးသွားတာပဲဖြစ်ဖြစ် ထောက်ပံ့ ဖို့ဖြတ်တဲ့ငွေပါ။ အဲလိုသွားရင် မြို့နယ် ထောက်ပံ့ကြေးဆိုပြီး ပေးရတယ်။ မြို့နယ် ထောက်ပံ့ကြေးအတွက်ကတော့ ၅၀၀ သုံးတယ်လို့ သိရတယ်။ ဒါပေမဲ့ ၁၀၀၀ ဖြတ်တယ်။ ကျန်တဲ့ ၅၀၀ ကိုတော့ ဘယ်နေရာမှာသုံးလဲဆိုတာမသိရဘူး။ ဘာပဲဖြစ်ဖြစ် ပင်စင်ကြေးအတွက် ဘယ်လောက်ဖြတ်ဖြတ် လက်ခံပါတယ်။ ကိုယ့်နိုင်ငံမှာ ပညာရေးတိုးတက်ဖို့အတွက် အားသွန်ခွန်စိုက် လုပ်သွားတဲ့ ဆရာ၊ ဆရာမကြီးတွေအတွက် ကိုယ်က ပိုက်ဆံတစ်ထောင်လောက်လေး အလှူငွေထည့်လိုက် ရလို့ အကျိုးယုတ်သွားတာမျိုး မရှိဘူးလို့ ပြောချင် တယ်။ ဝန်ထမ်းဆိုတာက နေရာ အတည်တကျမရှိဘူး။ အဲလိုနေရတဲ့ အတိုင်းအတာမှာ လုပ်သက် ၆၀ ပြည့်လို့ ပင်စင်ယူသွားတဲ့အခါ နေရေးထိုင်ရေးကစ အဆင်မပြေ မှုတွေရှိတယ်။ ကျွန်တော်တို့ ကူညီလိုက်တဲ့ပိုက်ဆံက မများပေမယ့် စုပေါင်းလိုက်တဲ့အခါ သူ့အတွက် အိမ်ခန်းလေး တစ်ခန်းလောက်နဲ့ အလုပ်အကိုင် တစ်ခုလောက် အတွက် ရင်းနှီးမြှုပ်နှံလို့ ရသွားတာပေါ့။ ဒါကြောင့် ပင်စင်ကြေးကောက်တဲ့ကိစ္စကို ဆက်လက်ရှိစေချင်ပါ တယ်။ ကိုယ်လှူလိုက်တဲ့ငွေက ပင်စင်ယူတဲ့ဆရာ၊ ဆရာမကြီးတွေဆီ အကုန်ရောက်သလား ဆိုတာ တော့ မသိဘူး။ ကျွန်တော်တို့မြို့နယ်မှာတော့ ဆရာတစ်ဦး အနားယူသွားရင် ဝန်ကြီးဌာနက သိန်း ၃၀ ထောက်ပံ့တယ်ဆိုရင် မြို့နယ်က နောက်ထပ် သိန်း ၃၀ ထပ်ပြီး ထောက်ပံ့ပေးပါတယ်။

မြဇာခြည်သင်း