News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ကျောင်းပြောင်းလက်မှတ်)
10-May-2018
ကျောင်းသားများ ကျောင်းပြောင်းလက်မှတ် ထုတ်ယူရာတွင် တိုင်း၊ ပြည်နယ်ခြားဖြစ်လျှင် မြို့နယ်ပညာရေးမှူး၏ လက်မှတ်လိုအပ်သည်။ ထိုအခြေအနေတွင် ကျောင်းသားမိဘများအတွက် အချိန်ကြန့်ကြာမှု၊ သွားလာရေးခက်ခဲမှု စသည့် အခက်အခဲရှိသကဲ့သို့ ကျောင်းအုပ်များဘက်တွင်လည်း အခက်အခဲများ ရှိနေသည်။ ထိုအခြေအနေအကြောင်း ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

“ကျောင်းအုပ်က လက်မှတ်ထိုးပေးပြီးတာနဲ့ ပြောင်းလို့ရတဲ့စနစ်ကို ပိုပြီးသဘောကျတယ်”
ဦးကိုကိုလေး (ကျောင်းအုပ်၊ အထက(ခွဲ) ကျောက္ကာ၊ ပုလောမြို့နယ်၊ တနင်္သာရီတိုင်း)

ကျွန်တော်တို့အနေနဲ့ ကျောင်းသားက တိုင်းခြား (ဥပမာ - ဧရာဝတီတိုင်းမှ တနင်္သာရီတိုင်း၊ တနင်္သာရီတိုင်းမှ ဧရာဝတီတိုင်း) ကို ပြောင်းမယ်ဆိုရင်တော့ မြို့နယ်ပညာရေးမှူးလက်မှတ် ယူရပါတယ်။ တနင်္သာရီတိုင်းအနေနဲ့ကတော့ မြို့နယ်ခြားဆိုရင် မြို့နယ်ပညာရေးမှူးလက်မှတ် ယူစရာမလိုဘူးလို့ ပြောထားပါတယ်။ အရင်နှစ်တွေက ကျောင်းအုပ်က လက်မှတ်ထိုးပေးလိုက်တာနဲ့ မြန်မာတစ်နိုင်ငံလုံးက ဘယ်ကျောင်းမှာမဆို တက်ခွင့်ရပါတယ်။ ကျွန်တော်တို့ကျောင်းမှာ ဆိုရင် မူလတန်းပိုင်းနဲ့ အလယ်တန်းကတော့ ကျောင်းပြောင်းတာ နည်းပါတယ်။ အထက်တန်းပိုင်းကတော့ တစ်နှစ်ကို မရှိပါဘူးဆိုရင် ကိုးတန်းနဲ့ ဆယ်တန်းမှာ အယောက် ၂၀၊ ၂၅ ယောက်လောက်တော့ ပုံမှန်ရှိပါတယ်။ ကျောင်းပြောင်းတဲ့ ခုနောက်ပိုင်းမှ မြို့နယ်ပညာရေးမှူးလက်မှတ်ပါမှ ရတယ်ဆိုတာပေါ်မှာ ကျွန်တော်တို့ ကျောင်းအုပ်တွေအနေနဲ့က ထူးထူးခြားခြား ခံစားရတာ မရှိပါဘူး။ ဒါပေမဲ့ မိဘတွေအနေနဲ့က အခက်အခဲ ရှိတယ်။ တချို့မိဘတွေက တိုင်းပြောင်းမယ်ဆိုရင် သွားချင်တာက အမြန်ယူသွားချင်တယ်။ သက်ဆိုင်ရာ ကျောင်းအုပ်ကလည်း မြို့နယ်ကို သွားစရာ အချိန်သီးသန့် မဖြစ်သေးဘူးဆိုရင် သူတို့ကို ကျွန်တော်တို့က စောင့်ခိုင်း ထားရတယ်။ သူတို့တစ်ယောက်ချင်းစီအတွက် ကျွန်တော်တို့က သီးခြားခရီးစရိတ် တောင်းခွင့်မရှိဘူး။ တောင်းခွင့်မရှိတာကြောင့် ကျွန်တော်တို့ကလည်း ကျောင်းသားတစ်ယောက်ချင်းစီကို တစ်ခေါက်ချင်း လက်မှတ်သွားထိုးမပေးနိုင်ဘူး။ များသောအားဖြင့်တော့ ကျွန်တော်တို့က ကျောင်းသားတွေ စုလိုက်တယ်။ ကျွန်တော်တို့ မြို့နယ်ကို သွားတဲ့အခါမှာ သူတို့ရဲ့ (ခ) စာရင်းပါ ယူသွားပြီး တစ်ခါတည်း မြို့နယ်ပညာရေးမှူးရုံးမှာ လက်မှတ်ထိုးပေးတယ်။ ပြီးတဲ့အခါမှာ သက်ဆိုင်ရာ မိဘကိုပြန်ပေးတယ်။ အဲဒါကြောင့် မိဘတွေအနေနဲ့ စောင့်ရတာကြာတဲ့ အခက်အခဲတွေ ရှိတယ်။ မိဘတွေအတွက် အခက်အခဲပဲ ရှိတာပါ။ တခြားအကျိုးဆက်တွေတော့ မများပါဘူး။ 

မိဘတွေအနေနဲ့က သက်ဆိုင်ရာကျောင်းတွေမှာ သွားရောက် အပ်နှံပြီးသားလည်း ဖြစ်နိုင်ပါတယ်။ မိဘတွေအနေနဲ့ ကျောင်းပြောင်းလက်မှတ် သွားပို့ရတာ အခေါက်ခေါက် အခါခါ သွားရတာမျိုး အခက်အခဲတွေတော့ ရှိနိုင်ပါတယ်။ ဒီလိုအခက်အခဲ မဖြစ်ရအောင် သက်ဆိုင်ရာ ကျောင်းအုပ်တွေ မြို့နယ်ရုံးကို သွားရတဲ့အချိန်ကို သက်ဆိုင်ရာ ကျောင်းအုပ်ဆီကနေ မိဘတွေက စုံစမ်းထားသင့်တာပေါ့။ ဘယ်ရက်လောက်ကို ဆရာကြီးတွေ မြို့နယ်သွားနိုင်သလဲ အဲလိုမျိုး သွားမယ့်ရက်ကို ချိန်ကိုက်ထားမယ်ဆိုရင် ကျွန်တော်တို့ အဆင် ပြေမယ်လို့ထင်တယ်။ ကျွန်တော့်အနေနဲ့ပြောရမယ် ဆိုရင် အရင်ပုံစံအတိုင်း ကျောင်းအုပ်ရဲ့လက်မှတ်နဲ့ မြို့နယ် ပညာရေးမှူးရဲ့ လက်မှတ်မပါဘဲ ပြောင်းရတာက ကလေးအတွက် ပိုအဆင်ပြေမယ်။ ဒါဆို ကလေးက အချိန်မရွေး ထုတ်သွားလို့ရတယ်။ မြို့နယ်ပညာရေးမှူးရုံးကို သွားရတဲ့အခါကျ ကျောင်းအုပ်က (ခ) စာရင်းစာအုပ်ကိုလည်း မိဘတွေကို ပေးလို့မရဘူး။ ကျောင်းအုပ် သို့မဟုတ် ကျောင်းမှာရှိတဲ့ ကိုယ်စားလှယ်ဆရာ၊ ဆရာမတစ်ယောက် သို့မဟုတ် စာရေးက ကိုယ်စား သွားထိုးပေးရတာ ဖြစ်တဲ့အတွက် အချိန်ကြန့်ကြာမှုကတော့ ဖြစ်တယ်။ အရင်အတိုင်း ကျောင်းအုပ်က လက်မှတ် ထိုးပေးပြီးတာနဲ့ ပြောင်းလို့ရတဲ့စနစ်ကို ပိုပြီး သဘောကျတယ်။

“အခက်အခဲတွေ ဖြေလျှော့တဲ့အနေနဲ့ မလိုအပ်ကြောင်း ဝန်ကြီးက ညွှန်ကြားခဲ့ပါတယ်”
ဦးအောင်ကျော်သူ (ကျောင်းအုပ်၊ အထက(ခွဲ)အေးမွန်၊ ကဝမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး)

ကျောင်းပြောင်းလက်မှတ် (Transfer Certificate –TC) ကိစ္စ ဝန်ကြီးရဲ့လမ်းညွှန်ချက်အရ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး (Township Education Officer –TEO)ရဲ့ ထပ်ဆင့် လက်မှတ်ထိုးဖို့မလိုဆိုပြီး ညွှန်ကြားထားပေမယ့်လည်း ပြည်နယ်နဲ့ တိုင်းတွေမှာ မြို့နယ် ပညာရေးမှူးတွေရဲ့ ထပ်ဆင့် လက်မှတ်ထိုးမှ ကျောင်းတွေက လက်ခံနေခြင်းကိစ္စပါ။ ဒီလို မြို့နယ်ပညာရေးမှူးရဲ့ ထပ်ဆင့်လက်မှတ် တောင်းရတဲ့ကိစ္စကြောင့် ကျောင်းသားမိဘတွေ၊ ကျောင်းသားတွေ အတော် ဒုက္ခရောက်ကြရပါတယ်။ ပြည်နယ်၊ တိုင်းခြားအတွက် ကျောင်းတွေက ကျောင်းပြောင်းလက်မှတ် ထုတ်ရာမှာ မြို့နယ်ပညာရေးမှူးဆီ ကျောင်းဝင်မှတ်ပုံတင် စာအုပ်ကို ဝန်ထမ်းတစ်ဦးနဲ့ ယူသွားစေပြီး တိုက်ဆိုင်စစ်ဆေး လက်မှတ်ထိုးပြီးမှ ယူရပါတယ်။ ဝေးလံတဲ့ကျောင်းများမှ သွားလာစရိတ် မိဘက ခံရသလို မြို့နယ်ပညာရေးမှူး လက်မှတ်အတွက် အချို့ငွေပေးရတာလည်း ရှိပါတယ်။ 

မိုးဦးကျချိန် သွားလာရေး အခက်အခဲ ဖြစ်တတ်သလို မြို့နယ် ပညာရေးမှူးမရှိ၊ မအားရင်လည်း စောင့်ဆိုင်းနေရတတ်ပါတယ်။ အရေးကြီး ထိန်းသိမ်းထားနေရတဲ့ ကျောင်းဝင်မှတ်ပုံတင်စာအုပ် ရေစို စုတ်ပြဲ ပျက်စီးခြင်း အန္တရာယ်လည်း ဖြစ်တတ်ပါတယ်။ ပြန်တမ်းဝင်အရာရှိ (Gazetted Officer) အလယ်တန်းကျောင်းအုပ်၊ အထက်တန်း ကျောင်းအုပ်များ တာဝန်ခံ လက်မှတ်ရေးထိုး ထုတ်ပေးတဲ့ ကျောင်းပြောင်းလက်မှတ်ကို မခိုင်လုံ၊ မယုံကြည်ခြင်းကလည်း လုပ်ငန်းနှောင့်နှေးစေပါတယ်။ ဟိုးအရင်တုန်းက မြို့နယ်ပညာရေးမှူးလက်မှတ် ထပ်ဆင့်ထိုးစရာ မလိုပါဘူး။ ပြည်နယ် တိုင်း မေးခွန်း ကွဲပြားတဲ့ခေတ်မှာ တိုင်းပြည်နယ်ခြားရင် မြို့နယ် ပညာရေးမှူးလက်မှတ်ထိုးဖို့ လမ်းညွှန်လာပါတယ်။ ၂၀၁၇ ဩဂုတ် ၁၉ ရက် တောင်ငူတွေ့ဆုံပွဲမှာ ပညာရေးဝန်ကြီးနဲ့ ပဲခူးတိုင်း မြို့နယ်ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေ တွေ့ဆုံပွဲမှာ တက်ရောက်လာသူတွေက ဆွေးနွေးမေးမြန်းချက်အရ အခက်အခဲတွေ ဖြေလျှော့တဲ့အနေနဲ့ မလိုအပ်ကြောင်း ဝန်ကြီးက ညွှန်ကြားခဲ့ပါတယ်။ ကျန်ပြည်နယ်တိုင်းများမှာ ညွှန်ကြားခြင်း ရှိ၊ မရှိ မသိရပါဘူး။ တရားဝင်စာထုတ် ထုတ်ပြန်သင့်တယ် ထင်မိပါတယ်။ 

“မြို့နယ်ပညာရေးမှူး လက်မှတ်မပါဘဲ ပြောင်းခွင့်ရမယ်ဆိုရင် ကျောင်းအုပ်တွေအတွက်လည်း အဆင်ပြေသလို မိဘတွေအတွက်လည်း အဆင်ပြေလိမ့်မယ် ထင်ပါတယ်”
ဒေါ်ခင်ကျော့ကျော့ခိုင် (ကျောင်းအုပ်၊ ကန်ရွာ အထက်တန်းကျောင်း၊ ကန်ကြီးထောင့်မြို့ နယ်၊ ဧရာဝတီတိုင်း)

ကျောင်းပြောင်းလက်မှတ်ထုတ်ရတာ ကျွန်မတို့အနေနဲ့က သိပ်ပြီး အခက်အခဲ မရှိပါဘူး။ နားမလည်တဲ့ ကျောင်းသားမိဘတွေအတွက် အခက်အခဲရှိတယ်။ မြို့နယ်ခြားတာနဲ့ ပြောင်းရွှေ့မယ်ဆိုရင် ပညာရေးမှူး လက်မှတ်လိုပါတယ်။ တိုင်းခြားရင်လည်း လိုပါတယ်။ ကျွန်မတို့အနေနဲ့ တခြားကျောင်းကနေ ကျောင်းပြောင်း လက်မှတ်လာယူရင် မြို့နယ်ပညာရေးမှူးဆီမှာ လက်မှတ်သွားထုတ်ပေးလိုက်တယ်။ ဒါပေမဲ့ ကျွန်မတို့ ကန်ရွာက ကန်ကြီးထောင့်မြို့နယ်နဲ့ မိုင် ၃၀ ကျော်လောက် ဝေးတယ်။ အဲလိုမျိုးဆိုတော့ သွားလာရေး အခက်အခဲတော့ ရှိတာပေါ့။ ဘယ်လိုစီစဉ်ရလဲဆို ကျောင်းသား ၃၊ ၄ ဦးလောက်စုပြီးမှ တစ်ခါတည်း သွားတာမျိုး လုပ်ရတယ်။ ဒါကတော့ ကိုယ့်ကျောင်းက လုပ်ပေးတာပေါ့။ နောက်တစ်ခါ ကိုယ့်ကျောင်းကို မြို့နယ်ကျော်ကလာမယ်ဆိုရင်လည်း မြို့နယ်ကျော်ဖြစ်နေ တယ်။ မြို့နယ်ပညာရေးမှူး လက်မှတ်မပါဘူး။ အဲလိုဆိုရင် သူတို့ကို တစ်ခါပြန်ယူခိုင်းတယ်။ အဲဒီအခါ TC (Transfer Certificate)က တော်တော်နဲ့ ပြန်မရတာ မျိုးတွေဖြစ်တယ်။ ကလေးက ကျောင်းနောက်ကျမှာ စိုးတဲ့အတွက် ကျောင်းကိုတော့ လက်ခံထားရတယ်။ TC ကိုတော့ မြို့နယ်ကျော်၊ တိုင်းကျော်ဆို ပိုဆိုးတယ်။ ရှမ်းပြည်တို့ဆိုရင် ပိုဆိုးတယ်။ သူတို့ကို ပြန်စောင့်ရတယ်။ ကလေးကိုတော့ ကျောင်းတက်ခိုင်းရတယ်။ လက်မှတ်ပြန်ယူခိုင်းတဲ့အခါမှာလည်း ကလေးက ကျောင်းတက်နေပြီဖြစ်တဲ့အတွက် မိဘတွေက တော်တော်နဲ့ ပြန်မလာတတ်ဘူး။ အဲဒီကြားမှာ TC က ပျောက်သွားတာမျိုးရှိတယ်။ ပျောက်တဲ့အခါမှာလည်း အကြောင်းကြားတာ၊ ပျောက်ကြောင်းကြော်ငြာတာ အဲဒါမျိုးတွေ လုပ်ပေးရတဲ့အခါကျ အလုပ်ရှုပ်တာပေါ့။ တစ်ခါကလည်း လက်မှတ်မပါလို့ ပြန်ယူရင်းကနေ TC ပျောက်သွားတာ။ အခက်အခဲကတော့ အဲဒါမျိုးတွေ ရှိပါတယ်။

မြို့နယ်ပညာရေးမှူးရုံးကိုသွားမယ် လိုင်းကားစီးမယ်ဆိုရင် ကန်ရွာကနေ ပုသိမ်ကို တစ်ဆင့်သွားရတယ်။ ပုသိမ်ကမှ ကန်ကြီးထောင့်မြို့နယ်ကို ရောက်တာ။ ကား ၂ ခါစီးရတာမျိုးတွေရှိတယ်။ ဆိုင်ကယ်နဲ့ဆိုရင်လည်း တစ်ဖက်ကမ်းကိုကူးပြီး သွားရတာဖြစ်တဲ့အတွက် ခရီးထောက်ပါတယ်။ နောက် TC ယူတဲ့ အချိန်ကလည်း မိုးတွင်းဖြစ်တဲ့အတွက် သွားရေးလာရေး ခက်ခဲတာမျိုးရှိတယ်။ လမ်းခရီးမှာ စာရွက်တွေ စုတ်သွားမှာ၊ ပြဲသွားမှာ စိတ်ပူရတယ်။ နောက် TC သွားပို့ရတဲ့အခါ လက်ခံဖြတ်ပိုင်း ရှိတယ်။ လက်ခံဖြတ်ပိုင်းဆိုတာက စာအုပ်လိုက်ကြီး ယူသွားရတာမျိုးရှိတော့ အခက်အခဲ ရှိတာပေါ့။ TC ပေးတဲ့အခါမျိုးမှာ ငွေကောက်ခံမှုတွေ မလုပ်ရဘူး။ ဒါကြောင့် ကျောင်းသားတစ်ယောက်ချင်းစီအတွက် TC ယူဖို့ ဝန်ထမ်းတစ်ယောက်ကို လွှတ်ဖို့ဆိုတာ မဖြစ်ဘူး။ ၃၊ ၄ စောင်လောက်စုပြီးမှ ဝန်ထမ်းကို တစ်ခါလွှတ်ရတာကြောင့် TC ယူတဲ့မိဘတွေကလည်း အချိန်ကြာတော့ ငြိုငြင်တာပေါ့။ ဒါကြောင့် ကျောင်းအုပ်တွေမှာ အခက်အခဲရှိတယ်။ ကိုယ့်လက်မှတ်နဲ့ ကိုယ်ပေးလိုက်မယ်ဆိုရင် အဆင်ပြေတာပေါ့။ မိဘတွေကို မြို့နယ်ပညာရေးမှူးဆီမှာ တစ်ခါတည်း လက်မှတ်သွားထိုးဆိုပြီး ပေးလိုက်လို့လည်း မရဘူး။ မြို့နယ်ပညာရေးမှူးက လက်မှတ် ၂ ခုထိုးရတာကိုး။ မိဘတွေကိုပေးမယ့် ွှဃ မှာလည်း ထိုးရတယ်။ ကျောင်းမှာထားမယ့် TC အတွက်လည်း ထိုးရတယ်။ ဒါကြောင့် အရေးကြီးပါတယ်။ တကယ်တော့ မြို့နယ် ပညာရေးမှူးလက်မှတ်မပါဘဲ TC ထုတ် ပေးလိုက်နိုင်ရင် ကောင်းတာပေါ့။ ဒါပေမဲ့ ကလေးတွေရဲ့ Dropout စာရင်းကို ကောက်တဲ့အခါမှာ မြို့နယ် ပညာရေးမှူးဆီမှာ မှတ်တမ်းတစ်ခုအနေနဲ့တော့ ဝင်သွားတယ်ပေါ့။ တကယ်တော့ အဲလိုမယူဘဲ တကယ် ပြောင်းမယ့်ကျောင်းကို ဘယ်ကျောင်းကိုပြောင်းမယ်ဆိုတာ မြို့နယ်ပညာရေးမှူး ကိုယ်စား ကျောင်းကနေ မှတ်တမ်းပြုစုထားမယ်ဆိုရင် နှစ်ခုစလုံး အဆင်ပြေသွားမယ် ထင်ပါတယ်။ တကယ်လို့ မြို့နယ်ပညာရေးမှူးလက်မှတ်မပါဘဲ ပြောင်းခွင့်ရမယ်ဆိုရင် ကျောင်းအုပ်တွေအတွက်လည်း အဆင်ပြေသလို မိဘတွေအတွက်လည်း အဆင်ပြေလိမ့်မယ်ထင်ပါတယ်။

မြဇာခြည်သင်း