POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (သက်မွေးပညာကျောင်းများ)
22-Sep-2016 tagged as ဆရာ

အခြေခံပညာ အလယ်တန်းဆင့်မှ အထက်တန်းဆင့်သို့ တက်ရောက်နှုန်းက နည်းပါးနေသေးသည်။ ကျောင်းထွက်နှုန်း များနေသည်။ ထို့ကြောင့် ပညာရေး ဝန်ကြီးဌာနက နည်းပညာနှင့် သက်မွေးပညာတို့ကို လေ့ကျင့်သင်ကြားနိုင်ရန် အစီအစဉ်များလည်း ချမှတ်နေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယင်းကဏ္ဍ ပိုမိုကောင်းမွန်ရေး လုပ်ဆောင်ရန် ပြောကြားထားသည်။ ကျောင်းပြင်ပရောက် လူငယ်များနှင့် မိမိဝါသနာပါရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ခုခုကိုသာ ရွေးချယ်သင်ကြားလို့သည် ကျောင်းသားများအတွက် တစ်နိုင်ငံလုံးရှိ စက်မှုနည်းပညာ အထက်တန်းကျောင်းများက အရေအတွက် နည်းပါးနေသေးသည်။ ထို့ပြင် သိရှိမှုလည်း နည်းပါးနေသည်။ ထို့ကြောင့် အဆိုပါကျောင်းများ ပိုမိုကောင်းမွန်လာရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပူးပေါင်းလုပ်ဆောင်သင့်သည့် အခြေအနေလည်း ဖြစ်သည်။ ယင်းကဏ္ဍနှင့် ပတ်သက်သည့် အကြံပြုချက်များ၊ သဘောထားအမြင်များကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“အမှန်တကယ် သက်မွေးရမယ့် ပညာနဲ့ ပြန်ပြီးတော့ လေ့ကျင့်ပျိုးထောင်နိုင်ရင်တော့ အဆင်ပြေမယ်”
ဦးသော်ဇင်မျိုး (ခေတ္တကျောင်းအုပ်ကြီး၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း၊ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး)

ဒီအကြောင်းအရာတွေကိုတော့ ကျောင်းအုပ်တစ်ယောက် အနေနဲ့ မဟုတ်ဘဲ ရှိတဲ့အတွေ့အကြုံပေါ် အခြေခံပြီး တစ်ဦးတည်းရဲ့ ကိုယ်ပိုင်အမြင်ကို ပြောပြမှာ ဖြစ်ပါတယ်။ ကျွန်တော့်ကျောင်းနဲ့ သက်ဆိုင်ရာ ဦးစီးဌာန၊ ဝန်ကြီးဌာနကို ကိုယ်စားပြုပြောခြင်း မဟုတ်ပါဘူး။  အစိုးရနည်းပညာ အထက်တန်းကျောင်းတွေကို ၂၀၀၉ ခုနှစ်မှာ ကျောင်းအရေအတွက် ၂၀ ကျော် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အခုချိန်ထိလည်း ဖွင့်နေတုန်းပါပဲ။ ပိတ်တဲ့ကျောင်းရယ်လို့တော့ မရှိပါဘူး။ ကျောင်းသားဦးရေ နည်းလာတာပဲ ရှိပါတယ်။ တချို့နယ်စပ်က ကျောင်းတွေဆို တော်တော်လေး နည်းပါတယ်။ စဖွင့်ချိန် ကျောင်းသားလက်ခံတော့ အခြေခံပညာအလယ်တန်း ကျောင်းတွေနဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျွန်တော်တို့ ဟောပြောပွဲတွေ လုပ်ခဲ့ကြတယ်။ အဲဒီလ ဟောပြောပွဲတွေမှာ အဆင့်မြင့်အောင်တယ်ဆိုရင် နည်းပညာတက္ကသိုလ် ပေါင်းကူးပေးမယ် ဆိုတာကို ကျွန်တော်တို့ ကတိပေးခဲ့ကြတယ်။ ဒုတိယအဆင့် အနေနဲ့ ရိုးရိုးအောင်တယ်ဆိုရင် အစိုးရ နည်းပညာ အထက်တန်းကျောင်း အောင်လက်မှတ်ရမယ်။ ကျတယ်ဆိုရင် ဆယ်တန်းကို အပြင်ဖြေခွင့် ပေးမယ် ဆိုပြီး ကျွန်တော်တို့ သွားပြီး ကတိပေးမိလိုက်တယ်။ 

ကတိသွားပေးလိုက်တော့ အဲဒီဖွင့်ဖွင့်ချင်းနှစ်မှာ ကျောင်းသားအရေအတွက် တော်တော်များ ဝင်လာခဲ့ကြတယ်။ အဲဒီတုန်းက သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနနဲ့ ပညာရေး ဝန်ကြီးဌာန နှစ်ခုကွဲနေတာ။ ဝင်လာပြီးတော့ ဒုတိယနှစ်မှာ ဆယ်တန်းကို ဖြေခွင့်မပေးနိုင်ဘူး ဆိုပြီးတော့ ပညာရေး ဝန်ကြီးဌာနဘက်ကနေ Academic နဲ့ ပတ်သက်တဲ့ ဘာသာရပ်တစ်ခုခုကို မသင်ထားတဲ့အတွက် ဖြေခွင့်မပေးနိုင်ဘူး ဆိုပြီးတော့ ဖြစ်တယ်။ ၂၀၁၀ ပညာသင်နှစ်ကျတော့ ကျွန်တော်တို့ ဘောဂဗေဒ သင်ပေးခဲ့ရတယ်။ ဘောဂဗေဒ သင်ပေးပြီးတော့ တကယ်လို့ ကျရှုံးခဲ့တယ်ဆိုရင် ဆယ်တန်းအပြင်ဖြေကို ဖြေခွင့်ရအောင်၊ အဆင့်မြင့်အောင်တဲ့ ကလေးကို နည်းပညာတက္ကသိုလ် တက်ခွင့်ရအောင်၊ ရိုးရိုးအောင်တဲ့ ကလေးကိုကျတော့ လုပ်ငန်းခွင်ထဲ လုပ်လို့ရအောင် လုပ်ခဲ့ကြတယ်။ 

လုပ်ခဲ့ကြတဲ့အခါ ကျောင်းသားမိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အခြေခံစိတ်ဓာတ်မှာ ကျွန်တော်တို့ ဘာတွေ့လာရသလဲဆိုတော့ အစိုးရ နည်းပညာ အထက်တန်းကျောင်းကို နည်းပညာတက္ကသိုလ် ပေါင်းကူးဖို့ရာအတွက် Jump လုပ်တဲ့နေရာ တစ်ခုအဖြစ် လာပြီးတော့ အားကိုးကြတယ်။ လုပ်ငန်းခွင်ကို သွားဖို့အတွက် နည်းပညာ အထက်တန်းကျောင်းကို လာတက်တာမဟုတ်ဘူး ဖြစ်သွားတယ်။ တစ်နည်းပြောရရင် ဖြတ်လမ်းလိုက်ချင်တဲ့ သဘော ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ နည်းပညာ အထက်တန်းကျောင်းကို ဝင်တဲ့ကလေးကျတော့ အဲဒီခေတ်အခါတုန်းက အမှတ် ၃၆၀၊ ၃၈၀ မရနိုင်တဲ့ ကလေးမျိုးတွေ ဝင်လာမယ်။ ဝင်လာပြီးတော့ ဖြတ်လမ်းအနေနဲ့ အသုံးချတယ်။ 

အဲဒီနောက် ၂၀၁၁ ခုနှစ်လောက် ကတည်းက ဝန်ကြီးဌာနနဲ့ အစိုးရက နေပြီးတော့ နည်းပညာ အထက်တန်းကျောင်းကို အသက် ၁၇ နှစ်အောက် ရှစ်တန်းအောင် ကလေးကို လက်ခံပေမယ်လို့ ကျွန်တော်တို့ ပခုက္ကူမှာကျတော့ အသက်ကန့်သတ်ချက် မထားဘဲနဲ့ တဖြည်းဖြည်းချင်း လက်ခံကြည့်ခဲ့တယ်။ လက်ခံတယ်ဆိုတာ လမ်းပေါ်မှာ လေလွင့်နေတဲ့ ကျောင်းထွက်ကလေးတွေ ပြန်ဝင်လာမလားဆိုပြီး လုပ်ကြည့်တဲ့အခါ ဝင်လာတယ်။ ဒါပေမဲ့ သူတို့ကလည်း ဖြတ်လမ်းအတွက်ပဲ ဝင်လာကြတယ်။ အလုပ်ထဲကို ပြန်သွားဖို့ ဝင်လာတဲ့ ကလေးက တော်တော်နည်းတယ်။ ရာခိုင်နှုန်းက ဆယ်ဦးမှာ တစ်ဦးကို လုပ်ငန်းခွင်ကို ဝင်သွားဖို့ရာ တော်တော်ကိုရှားတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ကြဘူး။ 

အဲဒီကာလကို ကျော်လွန်လာတဲ့ အခါကျတော့လည်း အစိုးရ နည်းပညာ အထက်တန်းကျောင်းတွေကို ကျောင်းသားတွေ အဝင်နည်းလာတယ်။ နည်းလာတဲ့ အခါကျတော့ ပြီးခဲ့တဲ့နှစ်ကနေ စပြီးတော့ လွှတ်တော်နဲ့ အစိုးရက နေပြီးတော့ (ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ လက်ထက်) ပြန်ပြီးစဉ်းစားတာက ကျွန်တော်တို့ ကျောင်းအုပ်တွေဘက်ကနေ တင်ပြတာက ကျောင်းသားတွေအတွက် ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေ နေထိုင်နိုင်ဖို့ အဆောင်တွေ ထားပေးသင့်တယ်။ ကမ့်လိုမျိုး လေ့ကျင့်ပျိုးထောင် ပေးသင့်တယ်ပေါ့။ လက်တွေ့များများ၊ စာတွေ့နည်းနည်းနဲ့ ဒီကျောင်းသားတွေကို သူတို့ကို လေ့ကျင့်ပျိုးထောင် ပေးသင့်တယ်ပေါ့။ အဲဒီလို စဉ်းစားပြီး ပြောတဲ့အခါ အခြေခံအဆောက်အဦက ချက်ချင်းမလွယ်တဲ့အခါ သူတို့က ကျောင်းသား၊ ကျောင်းသူတွေကို လစဉ် သုံးသောင်းကျပ်ထောက်ဖို့ တင်လိုက်တာ။ အဲဒါ ရသွားတယ်။ ကျောင်းသား၊ ကျောင်းသူတွေက တစ်လကို ကျပ်သုံးသောင်း ဒီမှာကျောင်းတက်ရင် ရမယ်။ ကျောင်းပြီး ရင်လုပ်ငန်းခွင်ကို ပို့နိုင်ဖို့ ကျွန်တော်တို့က ကြိုးစားကြမယ်ဆိုပြီး လုပ်လိုက်ကြတယ်။ ပထမဖြတ်လမ်းက နည်းပညာတက္ကသိုလ်ကို မျှော်လင့်ပြီး လာကြတယ်။ ဒုတိယဖြတ်လမ်းကျတော့ အချို့က အချောင်ခိုချင်စိတ်နဲ့ လာကြတာ။ ကျောင်းသားမိဘနဲ့ ကျောင်းသားက နည်းပညာ အထက်တန်းကျောင်း တက်ပြီးလို့ လုပ်ငန်းခွင်ဝင်ဖို့ ဆိုတာထက် ကျောင်းသားမိဘရဲ့စိတ်မှာ ကျောင်းထားရင် ကျူရှင်၊ ဝိုင်းထားစရာ မလိုဘူး။ ကျောင်းတက်ရာခိုင်နှုန်းပြည့်ရုံနဲ့ တစ်လကို ကျပ် သုံးသောင်းရတယ်။ ကျောင်းထားရတဲ့စရိတ် သက်သာတယ်။ အဲဒီတော့ ကျောင်းသားမိဘနဲ့ ကျောင်းသားတွေရဲ့ အမြင်သဘောထားကို ပြောင်းသင့်တာက လုပ်ငန်းခွင်ကို ဝင်ဖို့အတွက် သက်မွေးပညာကို သင်တာလို့ မြင်ဖို့လိုတယ်။ ကျွန်တော့်တစ်ဦးတည်း အမြင်က အဲဒီအမြင် သဘောထား များများပြောင်းနိုင်မှ ရမယ်၊ အောင်မြင်မယ်လို့ ထင်တယ်။ 

ကျွန်တော်တို့ရဲ့ ဗဟိုချက်မ သုံးခုက နားလည်မှု လွဲနေတယ်။ ကျွန်တော်တို့ နည်းပညာ အထက်တန်းကျောင်းပဲ ဆင်းဆင်း၊ GTI (Government Technical Institute) ကပဲ ဆင်းဆင်း၊ ITC ပဲ ဆင်းဆင်း ဆင်းလိုက်ပြီဆိုရင် ITC (Industrial Training Center) ကနေ ပေးလိုက်တဲ့ ဝရိန် ကျွမ်းကျင်သင်တန်း ကျွမ်းကျင်တဲ့အဆင့် လက်မှတ်ပေးလိုက်တယ်။ ကျွန်တော်တို့ကလည်း ဥပမာ-ဂဟေဆော်တဲ့သင်တန်း ကျွမ်းကျင်တဲ့ လက်မှတ်ပေးလိုက်တယ်။ ဒါပေမဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုခုမှာ လျှောက်တယ်ဆိုရင် ကျွန်တော်တို့မှာ NSSA (National Skills Standards Authority Myanmar) လက်မှတ်လိုတယ်။ NSSA ဆိုတာ အလုပ်သမား ဝန်ကြီးဌာနကနေ လုပ်သားကျွမ်းကျင်အဆင့် သတ်မှတ်ပေးတဲ့ လက်မှတ်။ NSSA က ကျွန်တော်တို့အတွက် ဘာလိုအပ်နေလဲဆိုရင် NSSA မှာ ရှိနေတဲ့ လုပ်သား ကျွမ်းကျင်အဆင့် အကဲဖြတ် စမ်းသပ်ရေး စင်တာက အခုလောလောဆယ် ရန်ကုန်မှာပဲ ရှိတယ်။ ဆိုတော့ NSSA က ITC က ဆင်းဆင်း၊ THS က ဆင်းဆင်း၊ GTI ကဆင်းဆင်း ဆင်းတဲ့ သင်တန်းသားကို NSSA လက်မှတ်ထုတ်မပေးနိုင်ဘူး။ အဲဒီမှာ အစစ်ဆေးခံရမယ်။ စစ်ဆေးခံရမယ် ဆိုတော့ သူတို့ရဲ့ စစ်ဆေးတဲ့ပုံစံ၊ စာအုပ်၊ Soft Coy, Testing Equipmentတွေ ကျွန်တော်တို့ ကျောင်းတွေကို ပေးထားနိုင်မယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ဆီကနေ သင်ပေးလိုက်တဲ့ ပုံမှန်သင်ရိုးနဲ့ စစ်ဆေးခံရမယ့် အဆင့်နဲ့ တချို့ဟာတွေ အများကြီး ကွာဟမှု ရှိတယ်။ ဥပမာ- အုတ်စီတဲ့ပုံစံ ဆိုရင်တောင် NSSA က စမ်းသပ်စစ်ဆေးတဲ့ ပုံစံကတစ်မျိုး။ ကျွန်တော်တို့ စာသင်ပေးဖို့ ချထားတာက တစ်မျိုး ဖြစ်နေတယ်။ 

ဝန်ကြီးဌာန မတူတာလည်း ပြဿနာ တစ်ခုပါ။ NSSA က ကျွန်တော်တို့အတွက် အကန့်အသတ် ဖြစ်နေတာက ဘာလဲဆိုရင် ဥပမာ- ကျွန်တော်က ပခုက္ကူမှာ ITC က ကျောင်းအုပ်နဲ့ပေါင်းမှာ သင်တန်းတစ်ခုခုကို အယောက် ၅၀ ဖြစ်ဖြစ်၊ ၁၀၀ ဖြစ်ဖြစ် ပေးလိုက်မယ်။ ပေးလိုက်တဲ့ သင်တန်းသားဦးရေကို ကျွန်တော်တို့က NSSA ကို အစစ်ဆေးခံနိုင်တယ်။ အစစ်ဆေးခံနိုင်တယ် ဆိုတာ သူတို့အဖွဲ့ အနေနဲ့ လာစစ်ပေး။ အဲဒီလိုကျတော့လည်း သူတို့က လာမစစ်ပေးနိုင်ပြန်ဘူး။ ကျွန်တော်တို့ ကလေးတွေကို အဲဒီကို လွှတ်ရမယ်။ ပြီးတော့ သတ်မှတ်ထားတဲ့ စာမေးပွဲ၊ ရက်၊ စမ်းသပ်မှုတွေကို သူတို့ဆီမှာ သွားပြီး ဖြေရတယ်။ အဲဒါက အခက်အခဲ နည်းနည်းလေး ရှိတယ်။ 

ဆိုတော့ ဒီကျောင်းတွေကို ကျွန်တော်တို့က ကလေးတွေ ကျောင်းအပြင်မှာ အလုပ်မရှိ၊ မလေလွင့်ဘဲ သက်မွေးဝမ်းကျောင်းပညာ တစ်ခုခု၊ လုပ်ငန်းတစ်ခုခုကို လုပ်နိုင်အောင်၊ ကျွမ်းကျင်အောင်ဆိုပြီး ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ ချုပ်ပြောရရင် အောင်မြင်မှု မရှိသေးဘူး။ စဖွင့်လိုက်တဲ့ အချိန်တုန်းက တကယ်က အခြေခံအဆောက်အဦး မပြည့်မစုံ၊ Lab Equipment မပြည့် မစုံ၊ Workshop တွေ မပြည့်မစုံနဲ့ပေါ့။ အဲဒီလို အနေအထားတွေကြောင့် အခုထိ အောင်မြင်မှု ဝေးနေတုန်းပါပဲ။ 

ဒေသအလိုက်၊ မြို့နယ်အလိုက်၊ ခရိုင်အလိုက် လုပ်သင့်တဲ့နေရာမှာ ကျွန်တော့်စိတ်ကူးက ဒေသအတွင်းမှာ ရှစ်တန်းအောင်ကနေ ဆယ်တန်းကျ ပတ်ဝန်းကျင် ကလေးတွေ ကျောင်းထွက်နေတဲ့ ကလေးတွေကို ဘာတွေလုပ်နေလဲဆိုတာ အရင်ဆုံး လေ့လာမှု (Survey) လုပ်သင့်တယ်။ တချို့လည်း အုတ်သယ်၊ ကျောက်သယ်၊ တချို့ကလည်း စားပွဲထိုး။ အဲဒီလို အများကြီး ရှိတယ်။ အဲဒါတွေကို Survey လုပ်လိုက် ပြီးတော့ အဲဒီကလေးတွေကို ကျောင်းထဲကို ပြန်လာဖို့ လုပ်မယ်။ ကျောင်းပြန်လာပြီး ကိုယ်ဝါသနာပါရာနဲ့ အသက်မွေးနိုင်ဖို့ရာအတွက် သူတို့အတွက် အမှန်တကယ် သက်မွေးရမယ့်ပညာနဲ့ ပြန်ပြီးတော့ လေ့ကျင့်ပျိုး ထောင်နိုင်ရင်တော့ အဆင်ပြေမယ်။ အဲဒါကို ပြင်ပအဖွဲ့အစည်း၊ အာဏာပိုင် အဖွဲ့အစည်း၊ ကျွန်တော်တို့ ကျောင်းတွေနဲ့ အားလုံးပေါင်းမှပဲ အဆင်ပြေပြီး ခရီးရောက်မြန်မယ်။ 

စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အမြင်မှာလည်း လုပ်အားခေါင်းပုံ ဖြတ်တာထက် ပိုပြီးတော့ မြင်တဲ့ အမြင်ရှိမှ အဆင်ပြေမယ်။ အလုပ်မခန့်တာမှာလည်း အပိုင်းက နှစ်ပိုင်း ရှိပါတယ်။ ကျွန်တော်တို့ ကျောင်းကနေပြီးတော့ ရှစ်တန်းအောင် ကလေးကို လက်ခံပြီးတော့ ၂ နှစ် လေ့ကျင့်သင်ကြားပေးလိုက်တဲ့အခါ ပုံမှန် တစ်နှစ်တစ်တန်းအောင်ပြီး ကျွန်တော်တို့ကျောင်း လာတက်တဲ့ ကလေးဆိုရင် THS လက်မှတ်ရတ ခုနှစ်သည် သူ့အတွက် အသက် ၁၈ နှစ် မပြည့်သေးဘူး။ ဆယ်တန်းကျ ကလေးတွေနဲ့ တက်တဲ့အချိန်မှာ ကျွန်တော်တို့ကျောင်းက ဆင်းတဲ့အခါ အသက် ၁၈ နှစ် ပြည့်သွားပြီ။ အဲဒီတော့ အလုပ်သမား ဝန်ကြီးရုံးက အလုပ်သမားကတ် ထုတ်ပေးတဲ့ အချိန်မှာ အသက်မပြည့်တဲ့ ကလေးကို ထုတ်မပေးဘူး။ လုပ်ငန်းရှင်ကလည်း အသက် ၁၈ နှစ် မပြည့်သေးတော့ မခိုင်းရဲဘူး။ သူ့ကို အလုပ်သင် အနေနဲ့ ခန့်ထားနိုင်ဖို့ပေါ့။ လမ်းကြောင်းတစ်ခု ဖွင့်ပေးတဲ့ အနေနဲ့ပေါ့။ ကျောင်းသားမိဘရယ်၊ ကျောင်းသားရယ်၊ ဆရာတွေရယ်၊ စီမံအဖွဲ့တွေရယ်က သက်မွေးပညာက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတဲ့ အသိအမြင်ကို ပြောင်းနိုင်ကြပါစေ။                                        

“သက်မွေးနည်းပညာတွေက သာမန်အများစု ကျောင်းသားတွေအတွက် အလွန်ဝေးကွာနေပါတယ်”
ဦးအောင်ကျော်သူ (အတက်တန်းပြ၊ သက္ကလ၊ ကဝမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး)  

ပညာရေးမှာ သက်မွေးမှု အတတ်ပညာ Vocational School ဆိုတာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အရေးပါလှပါတယ်။ 

ဒါကြောင့် နိုင်ငံတကာမှာ Vocational School တွေ Institute တွေ ဖွင့်လှစ်သင်ကြားကြပါတယ်။ ဒီကျောင်းတွေကနေ ကလေးတွေ ဘဝအတွက် စားဝတ်နေရေး ပြေလည်စေမယ့် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခု သင်ပေးလိုက်ခြင်းက ဘဝအာမခံချက် တစ်ခု ဖြစ်သွားပါတယ်။

မြန်မာနိုင်ငံ ပညာရေးမှာလည်း နည်းပညာ သက်မွေးပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါတယ်။ အခြေခံပညာ အောင်မြင်ပြီးသူများအတွက် တက္ကသိုလ်၊ ကောလိပ်များ ရှိနေပါတယ်။ အခြေခံပညာ အဆင့်မှာ ဆိုရင်တော့ ကျောင်းတွေမှာ သက်မွေးပညာချိန် သီးသန့်သတ်မှတ်ထားပြီး စက်မှု လက်မှု၊ အိမ်တွင်းမှု အတတ်ပညာများ အခြေခံ သင်ကြားပေးရပါတယ်။ အဋ္ဌမတန်း အောင်မြင်ပြီးသူများကို စက်မှုအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်းအရေအတွက်ကတော့ အလွန်နည်းလှပါတယ်။ တချို့ သိတောင်မသိပါဘူး။ 

အခြေခံကျောင်းတွေမှာ သင်ကြားရေးကလည်း တတ်ကျွမ်းသူ ပညာရှင်များ သင်သလောက် မပြည့်စုံသလို သင်ကြားရေး အထောက်အကူပြုပစ္စည်း နည်းပါးပါတယ်။ တက္ကသိုလ်ကောလိပ် အဆင့်မှာတော့ အမှတ်သတ်မှတ်ချက်နဲ့ သင်ကြားခွင့် ပြုတာမို့ သက်မွေးနည်းပညာတွေက သာမန်အများစု ကျောင်းသားတွေအတွက် အလွန်ဝေးကွာနေပါတယ်။ 

အကျိုးဆက်အဖြစ် အဋ္ဌမတန်း အောင်ပြီးသူများ စာပေအခြေခံနည်းပြီး လက်ရှိပညာရေးအရ ဘာသာတွဲ ၇ နဲ့ ၁ များ သင်ယူရာမှာ အင်္ဂလိပ်လို သင်ကြားမှုတွေနဲ့ Physics, Chemistry, Biology ဘာသာရပ်များအား ဘာမသိ ညာမသိ ကျက်မှတ်ရင်း ဘာပညာမှမရဘဲ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရာမှာ ၁၀၀ မှာ ၇၀ လောက်က ကျရှုံးနေပါပြီ။ အဲဒီ ၇၀ မှာ ၃၀ လောက် ပြန်ဖြေပြီး ၁၅ ယောက်ပဲ အောင်မြင်ကာ တစ်နှစ်ကို Drop out နှုန်းက ၅၅ ရာခိုင်နှုန်းလောက်က အပြင်လောကမှာ ဆက်လက်ကြီးပြင်းသွားပါပြီ။ အဲတော့မှ ဘဝအတွက် ကြုံရာအလုပ်လုပ်ရင်း သွားနေကြပါတယ်။ ဆယ်တန်းအောင်များ ကျတော့လည်း သာမန်မေဂျာတွေနဲ့ ဘွဲ့ရ၊ အဝေးသင်နဲ့ ဘွဲ့ရပြီးတော့ အလုပ်တစ်ခုနဲ့ လစာဝင်ငွေရဖို့ မလွယ်လှပါဘူး။ 

ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးဖို့ လူနေမှုစနစ် တိုးတက်ဖို့ ထိုက်သင့်တဲ့ သက်မွေးမှု နည်းပညာတွေ သင်ကြားပေးရင်း ဘဝအာမခံ ချက်တွေ ရှိလာမယ်။ အလုပ်လုပ်ရင်း စိတ်လေစိတ်လွင့်မှုတွေ လျော့ပါးလာမယ့် စာပေမရပေမယ့် ဝါသနာပါရာ လုပ်ငန်းလေးတွေ သင်ယူကြရင်း အဖိုးတန်လူငယ်များ ဖြစ်လာဖို့ စက်မှုအထက်တန်းကျောင်းများ၊ သက်မွေးနည်းပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးမယ် ဆိုရင် နောင်အနာဂတ်မှာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမှာ အသေအချာပါပဲ။        

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)