News

POST TYPE

TEACHER'S VOICE

ပညာရေးဝန်ထမ်းများ ရင်ဖွင့်သံ (နေ့စားလပေး)
26-Apr-2018
အအခြေခံပညာ ဦးစီးဌာနအောက်ရှိ မြို့နယ်ပညာရေးမှူးရုံးများတွင် တစ်ရက်လျှင် လုပ်အားခ ၃,၆၀၀ ကျပ်ဖြင့် ဝင်ရောက်လုပ်ကိုင်နေသော နေ့စားလပေး ရုံးဝန်ထမ်းများ လုပ်သက်တစ်နှစ်ခွဲကျော်သည်ထိ အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်း မခံရသေးသဖြင့် နေထိုင်စားသောက်ရေးနှင့် လူမှုရေး အခက်ခဲများ တွေ့ကြုံနေရသည်ကို ပညာရေးဝန်ထမ်းများ ရင်ဖွင့်သံအဖြစ် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“လစာကိုမျှော်တာထက် ကျွန်တော်တို့ လုပ်သက်ရချင်တယ်”
ဦးထူးဇော် [စာရေး(၁)၊ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူးရုံး၊ နေပြည်တော်]

ကျွန်တော်တို့ နေ့စားလပေးအဖြစ် ၂၀၁၆၊ ဩဂုတ် ၁ ရက်နေ့ စခန့်တာပါ။ ၂ နှစ်နီးပါးရှိပါပြီ။ ကျွန်တော်တို့ ကို ၆ လနဲ့ အတည်ပြု ခန့်ထားမယ်ဆိုပြီး ခုချိန်ထိ မခန့်တာပါ။ ခန့်စာမှာတော့ မပါဘူး။ ဒါပေမဲ့ အရင် နေ့စား လပေးဆိုရင် တစ်နှစ်ပြည့်ရင် ခန့်ပါတယ်။ ဘယ်ရာထူးမဆို တစ်နှစ်ပါပဲ။ ကျွန်တော်တို့အရင်က အဖွဲ့ဆိုရင် ဝင်ဝင်ချင်း တန်းပြီးတော့ အတည်ခန့်တာ။ လုံးဝ နေ့စား လပေး မဖြစ်လိုက်ဘူး။ ကျွန်တော်တို့ကျတော့ ၆ လဆိုရင် ဖြစ်မယ်လို့ပြောတယ်။ ပြီးခဲ့တဲ့ တစ်လခွဲလောက်က ထောက်ကြန့်အုပ်ချုပ်မှုသင်တန်းကျောင်းမှာ ပညာရေးဝန်ကြီးက ဆရာ၊ ဆရာမတွေကို သင်တန်းပေးတယ်။ အဲချိန်မှာ ဆရာ၊ ဆရာမတွေကို မေးလိုရာမေးနိုင်တယ် ဆိုတော့ ဆရာမတွေက မေးခိုင်းလို့ ဘယ်ချိန်မှာ နေ့စား လပေးတွေကို အတည်ပြုခန့်ထားနိုင်မလဲ မေးတဲ့အခါ ကျတော့ ပညာရေးဝန်ကြီးက သူမသိပါဘူး။ နေ့စားတွေကို အတည်ပြုဖို့ခန့်ထားတာ မဟုတ်ပါဘူးလို့ ပြောတယ်။ အမှန်တော့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ နေ့စားလပေး ခန့်တာပါ။ ၂ နှစ်တောင် ပြည့်တော့မယ်။ အဲဒီလို တာဝန်မဲ့စကား ပြောတယ်။ ကျွန်တော်တို့မှာ ဝန်ကြီးပြောထားတဲ့ သက်သေ အထောက်အထားတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နေပြည်တော်ဌာနချုပ်ကို ဆက်သွယ်တဲ့အခါမှာလည်း ဘာအကြောင်းမှ မပြန်ပါဘူး။ ကျွန်တော်တို့ အကြိမ်ကြိမ် စာတင်ပါတယ်။ အကြောင်း မပြန်တာပါ။ ကျွန်တော်တို့လို အခက်အခဲဖြစ်နေတာက နေပြည်တော် တစ်တိုင်းတည်းမှာပဲ နေ့စား လပေး ဝန်ထမ်းတွေ ၃၀၀ ကျော် ၄၀၀ နီးပါးလောက် ရှိပါတယ်။ တစ်နိုင်ငံလုံးဆို ပိုများမှာပေါ့။ ရုံးအကူတွေ ရော၊ ငွေစာရင်းကိုင်တွေရောပါ။ ကျွန်တော်အပါအဝင် သူတို့တွေအားလုံးက တစ်ရက်ကို ၃၆၀၀ ပဲရတာပါ။ ကျွန်တော်က နေပြည်တော်ဇာတိမဟုတ်ပါဘူး။ နေတာ က အခန်းတစ်ခန်းကို တစ်လကို လေး၊ ငါး၊ ခြောက်သောင်းပေးပြီး ငှားနေရပါတယ်ခင်ဗျ။ နေပြည်တော်မှာက အခန်းခတွေ အရမ်း ဈေးကြီးပါတယ်။ ကျွန်တော်တို့လို နေရာအခန်းရတဲ့ နေ့စားလပေးတွေက နေပြည်တော်မှာ မရှိသလောက်ပါပဲ။ နေပြည်တော်အခံဖြစ်တဲ့သူတွေက နည်းပါတယ်။ ကျွန်တော်တို့အတွက် တခြားအသုံးစရိတ်တွေကို အိမ်ကနေ ပြန်မှာရပါတယ်။ အိမ်က လစဉ် ပို့ပေးရပါတယ်။ ဒီလို အမြဲတမ်းပေးရတဲ့အတွက် မိဘတွေကလည်း ကိုယ့်အပေါ် ယုံကြည်မှု နည်းသွားတယ်။ နေ့စားလပေးက သူများနဲ့မတူဘဲ ၂ နှစ်ပြည့်တော့မှာဆိုတော့ အိမ်ကလည်း ဒီလစာနည်းအလုပ်ကို ဆက်မလုပ်ဖို့ပြောတယ်။ တခြား အလုပ်ပဲ ပြောင်းလုပ်ပါလားလို့ပြောတယ်။ ဒီလို ဖိအားပေါင်းစုံကို ကျွန်တော်တို့ ကြုံနေရတယ်။ မိသားစုတွေကြားမှာ မျက်နှာငယ်ရတယ်။ ကျွန်တော်တို့ကလည်း ဒီပညာရေး ဝန်ကြီးဌာနမှ ဝါသနာပါလို့ ဝင်လုပ်ကြတာပါ။ တစ်နေ့နေ့မှာ ဆရာ၊ ဆရာမဖြစ်တန်းကောင်းရဲ့ဆိုပြီး မျှော်လင့်ချက်နဲ့ ဝင်လုပ်ကြတာပါ။ ကျွန်တော်တို့က ၂၀၁၅ မှာတက်လာတဲ့ ဒီမိုကရေစီအစိုးရကို ယုံကြည်လို့ မဲပေးခဲ့တာပါ။

ဒီအစိုးရလက်ထက်မှ ကျွန်တော်တို့ နေ့စားလပေး အောက်ခြေဝန်ထမ်းတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုတွေ အင်မတန် နည်းလာတာ တွေ့ရတယ်။ ကုန်ဈေးနှုန်းတွေ တက်နေတာလည်း သူတို့ နားလည်ပါတယ်။ လုပ်သက်လည်း နစ်နာတယ်။ လစာလည်း နစ်နာတယ်။ ဒါကို လတ်တလော ဖြေရှင်းပေးရမယ့်ကိစ္စလို့ ထင်မြင်ပေးစေချင်တယ်။ ကျွန်တော်တို့ကို ဘယ်တော့ခန့်မလဲ၊ ဘယ်ချိန်ခန့်မလဲဆိုပြီး ဘာမှမသိရဘဲ စမ်းတဝါးဝါး နေရတယ်။ ကျွန်တော်တို့နဲ့အတူတူ စခန့်တဲ့ နေ့စားလပေး သင်ကြားရေးဆရာတွေကိုတော့ ခန့်လိုက်ပါပြီ။ တစ်နှစ်တိတိအကြာမှာ ခန့်တာပါ။ မူပြနဲ့ အဆင့်တူတဲ့ စာရေး(၁) အောက်ခြေဝန်ထမ်း ခြောက်မျိုးကိုတော့ လုံးဝ အတည်မခန့်သေးပါဘူး။ ကျွန်တော်တို့ ခန့်ထားတဲ့နေရာတွေက ရုံးမှာ အမှန်တကယ် လိုအပ်တဲ့နေရာတွေပါ။ ကျွန်တော်တို့ ပါမစ်ရပြီးသား ဝန်ထမ်းတွေနဲ့ တန်းတူ အလုပ်လုပ်ပါတယ်။ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာလည်း သင်တန်းတွေရှိရင် ရုံးအလုပ်တွေရှိရင် လုပ်ပေးပါတယ်။ ဒီကြားထဲမှာ နေ့စားဆိုပြီး ခွဲခြားဆက်ဆံမှုတွေလည်း ခံရပါတယ်။ ဖြစ်နိုင်ရင်တော့ အမြဲတမ်း ဝန်ထမ်းတွေ လစာတိုးပေးသလို ဖြစ်စေချင်တယ်။ လစာကိုမျှော်တာထက် ကျွန်တော်တို့ လုပ်သက်ရချင်တယ်။

“နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဖြစ်ချင်လို့ပဲ ဝင်လုပ်ခဲ့တာပါ”
ဦးထက်လွင် [ငွေစာရင်းကိုင်(၄)၊ ငပုတောမြို့ နယ်ပညာရေးမှူးရုံး]

ကျွန်တော့်ကို ဧရာဝတီတိုင်း ငပုတောမြို့နယ် ပညာရေးမှူးရုံးမှာ တာဝန်ကျပါတယ်။ ရုံးဝန်ထမ်းပါ။ တာဝန်ကျကတည်းက ခုချိန် ၂ နှစ်နီးပါးကြာသည်ထိ နေ့စားလပေးပါပဲ။ တစ်ရက်ကို ၃၆၀၀ နဲ့ ပျမ်းမျှတွက်ရင် တစ်လကို ခြောက်သောင်းခွဲလောက်တော့ ရပါတယ်။ စခန့်တုန်းကလည်း ဘယ်နှနှစ်နေရင် အတည်ခန့်မယ်ဆိုတာ မပြောဘူး။ နေ့စားဆိုပြီး ခန့်လိုက်တာ။ အရင် ဝန်ထမ်းတွေဆိုရင် တစ်နှစ်နဲ့ဖြစ်သွားတာ။ ကျွန်တော်တို့နဲ့အတူ အလုပ်စဝင်တဲ့ သင်ကြားရေးဆရာတွေက ခန့်ပြီးသွားပြီ။ ရုံးဝန်ထမ်းတွေပဲ ကျန်ခဲ့တာပေါ့။ သင်ကြားရေးကပဲ လတ်တလော လိုအပ်နေလို့ အရင်ခန့်လိုက်တာလား ကျွန်တော်တို့လည်း မစဉ်းစားတတ်ဘူး။ နေ့စားဖြစ်တဲ့အတွက် အခက်အခဲတွေက အများကြီးပဲ။ ကျွန်တော်ဆိုရင် ကိုယ့်မြို့မဟုတ်တဲ့အတွက် အိမ်လခတွေရှိတယ်။ သုံးသောင်းလောက် ပေးရတယ်။ သူတို့ပေးတဲ့လစာနဲ့ဆို ဘယ်လိုမှ အဆင်မပြေဘူး။ အရမ်း ခက်ခဲတယ်။ ဒီလိုပဲ ကိုယ့်မိဘဆီမှာ ပြန်ပြီးတောင်းရတာပေါ့။ မိဘဆိုတော့ မပေးချင်တာမဟုတ်ပေမယ့် တစ်ခါမဟုတ်၊ နှစ်ခါမဟုတ်ဆိုတော့ ငြိုငြင်တာပေါ့။ အမှန်တကယ်က နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဖြစ်ချင်လို့ပဲ ဝင်လုပ်ခဲ့တာပါ။ အရင်က အပြင်ကုမ္ပဏီမှာလုပ်တာ။ လူမှုဆက်ဆံရေးပိုင်းမှာတော့ အကုန် အဆင်ပြေပါတယ်။ လစာနည်းတာတစ်ခုပါပဲ။ အမြဲတမ်း ဝန်ထမ်းခန့်တာက ပြီးခဲ့တဲ့နှစ်တွေက အစမ်းတစ်နှစ်ဆိုရင်ခန့် တယ်ဆိုတော့ ဒီအလုပ်ကို ဝင်ဖြစ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကျ ငွေကြေးရော၊ လုပ်သက်တွေရော အကုန်နစ်နာတယ်။ ကိုယ့်နေရပ်မှာ တာဝန်ကျတဲ့သူက အဆင်ပြေပေမယ့် ကျွန်တော်တို့လို သူများဒေသမှာကျတော့ နေရေး၊ စားရေး အကုန်လုံးဒုက္ခရောက်တယ်။ ဝန်ထမ်းအိမ်ရာလည်း မရှိဘူး။ ပညာရေးမှူးတွေကို မေးကြည့်တယ်။ ဒါပေမဲ့ အခြေခံဌာနကို တိုက်ရိုက် မေးကြည့်ဆိုလို့ နေပြည်တော်ကို ဖုန်းဆက်မေးတယ်။ ဌာနချုပ်ကို ဖုန်းဆက်မေးကြည့်သေးတယ်။ သူတို့ကတော့ အဲဒီတုန်းက ဘတ်ဂျက်မရှိဘူးလို့ ဖြေတာ ပေါ့နော်။ ပညာရေးဝန်ကြီးဌာနက ဘတ်ဂျက်ခွင့်မပြုသေးလို့လို့ ပြောတယ်။ ခုနောက်ပိုင်းကျလည်း မခန့်သေးဘူး။ ကျွန်တော်တို့အနေနဲ့ကလည်း အမြန်ဆုံး အတည်ခန့်စေချင်တယ်။

“နေ့စားဆိုပြီး နှိမ်တာမျိုးလည်းရှိတယ်”
ဒေါ်အိမွန်မြင့် [ငွေစာရင်းကိုင်(၄)၊ သနပ်ပင်မြို့ နယ်ပညာရေးမှူးရုံး]

ကျွန်မတို့က ၂၀၁၆ ကတည်းက ဒီအလုပ်ကို စလုပ်တာပါ။ ဘွဲ့လည်းရပြီးပါပြီ။ ဒါပေမဲ့ အတည်ဝန်ထမ်း မဖြစ်သေးပါဘူး။ ကျွန်မတို့ ရုံးဝန်ထမ်းတွေပဲ ကျန်ပါတယ်။ ကျွန်မတို့နဲ့အတူ စလုပ်တဲ့ သင်ကြားရေး ဝန်ထမ်းတွေကျ ခန့်ပြီးပါပြီ။ သူတို့ကိုကျ ၂၀၁၇၊ ရှစ်လပိုင်းမှာ အတည်ခန့်သွားတယ်။ ရုံးဝန်ထမ်းတွေကိုတော့ အတည်ခန့်မလိုလိုနဲ့ ခုချိန်ထိ မခန့်သေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူကမှ ဘာမှမပြောကြဘူး။ အထက်က လူကြီးတွေကို မေးတော့လည်း ဘာမှမပြောကြဘူး။ သိလည်း မသိကြဘူး။ အရင်ကဆို ပညာရေးဝန်ထမ်းတွေကို အများဆုံး အစမ်းခန့် တစ်နှစ်ဆိုရင် အတည်ခန့်တယ်။ ကျွန်မတို့ရှေ့မှာ ခန့်သွားတဲ့ ရုံးဝန်ထမ်းတွေလည်း တစ်နှစ်နေတော့ အတည်ဖြစ်တယ်။ ကျွန်မတို့က တောင်ငူဘက်က လာတာဆိုတော့ နေဖို့အတွက် အခန်းငှားနေရတယ်။ တစ်လကို သုံးသောင်း။ မိဘတွေကပဲ ပြန်ထောက်ပံ့တာပါ။ နေ့စားခက ၄၈၀၀ သတ်မှတ်လိုက်ပေမယ့် ကျွန်မတို့ကိုတော့ ဒီလပိုင်း (ဧပြီလ)ထိ ဘာမှမသေချာသလိုပဲ။ ခုချိန်ထိတော့ ၃၆၀၀ နဲ့ပဲ ရှင်းပေးတယ်။ ရုံးမှာလည်း ဘာမှ သေသေချာချာ မသိရသေးဘူး။ လစာနည်းနည်းနဲ့ဆိုတော့ အခက်အခဲတွေက အများကြီးပဲ။ မိဘတွေဆီကလည်း လစဉ်လတိုင်း တောင်းရတာဆိုတော့ မျက်နှာငယ်ရတယ်။ မိဘဆိုတော့ ဘာမှမပြောပေမယ့် ကိုယ်ကလည်း မိဘကိုပြန်ပေးချင်တယ်။ ကိုယ်က အလုပ်လုပ်နေပြီဆိုတော့ ပေးချင်တာပေါ့။ အခက်အခဲ အမျိုးမျိုးရှိတယ်။ အစားအသောက်ရော သုံးစွဲတာကစ အလုပ်လုပ်နေတယ်ဆိုပေမယ့် အကုန် လက်ဖြန့်တောင်းနေရတယ်။ မကောင်းဘူးပေါ့နော်။ အများနဲ့ဆိုရင် ကိုယ်က နေ့စား လပေး ဝန်ထမ်းဖြစ်တဲ့အတွက် မျက်နှာငယ်ရတယ်။ လုပ်သက်ကသာ ၂ နှစ်ရှိပေမယ့် နေ့စားလပေးဆိုပြီး အနှိမ်ခံရတယ်။ ငွေရေးကြေးရေးကျတော့လည်း အဆင်မပြေပြန်ဘူး။ အစစအရာရာ ခက်ခဲတယ်။ ထမင်းစရိတ်တွေ၊ အခန်းငှားခတွေနဲ့ဆိုရင် တစ်လတစ်လမှာ အိမ်ကိုခုနစ်သောင်းလောက် ပြန်ပြန်တောင်းရတယ်။ ဒါ့အပြင် ခရီးစရိတ်တွေလည်း ကုန်တယ်။ ကိုယ်က နေ့စားဆိုပေမယ့် ရုံးမှာ ကထိန်ကြေးတို့လို လူမှုရေး ကိစ္စတွေကို ဘာပဲဖြစ်ဖြစ် ကိုယ့်အလိုက်သိမှုနဲ့ ထည့်ရတယ်။ အဲလိုမျိုး အများနဲ့လုပ်တဲ့ကိစ္စတွေမှာလည်း သတ်မှတ်ထားတာမရှိပေမယ့် မထည့်ရင် မကောင်းဘူးလေ။ ပထမတော့ တစ်နှစ်လောက်ဆို အတည်ဖြစ်မယ်လို့ ထင်ခဲ့တာ။ နောက်ပိုင်းကျတော့ ပိုက်ဆံပြန်တောင်းရတာရော နစ်နာတာတွေ အရမ်း များလာတယ်။ နောက်ပြီး တစ်နယ်တစ်ကြေးက လာတာဆိုတော့ ကိုယ့်ဒေသကို ပြန်ပြောင်းချင်တယ်။ လုပ်သက်လည်း ရချင်တယ်။ နောက်ပြီး တချို့ဝန်ထမ်းတွေက ကျွန်မတို့ကို နေ့စား ဆိုပြီး နှိမ်တာမျိုးလည်းရှိတယ်။ ကိုယ်ကလည်း မျှော်လင့်ချက်နဲ့ သည်းခံပြီး လုပ်နေကြတာဆိုတော့ ခုလို ဘာမှမသိရတော့ ပင်ပန်းတယ်။ ရုံးကိုရောက်တိုင်းလည်း မေးတယ်။ ပညာရေးမှူးတွေကလည်း မသိဘူး။ ဘတ်ဂျက်မရှိတာကြောင့်လို့ပဲ ပြောတယ်။ ဒီလိုဝန်ထမ်း အလုပ်က မိန်းကလေးတစ်ယောက်အတွက် သင့်တော်တယ် နောက်ပြီး ဆရာမအလုပ်ကို ဝါသနာပါလို့ လျှောက်တာပါ။ ဒါပေမဲ့ သင်ကြားရေးဘက် မရောက်ဘဲ ရုံးဝန်ထမ်းဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်ဝင်တာ ၂ နှစ်လည်း ပြည့်တော့မယ်ဆိုတော့ အမြဲတမ်း ဝန်ထမ်းခန့်သင့်ပြီလို့ ထင်ပါတယ်။ အချိန်လည်းကျပါပြီ။

မြဇာခြည်သင်း