News

POST TYPE

TEACHER'S VOICE

တက္ကသိုလ်၊ ကောလိပ်များ၏ အာဏာအရှိဆုံးအဖွဲ့များတွင် ကျောင်းသားနှင့်ဆရာကိုယ်စားလှယ်များ ပထမဆုံးပါဝင်ခွင့်ပြု
21-Apr-2018

ရန်ကုန်၊ ဧပြီ ၁၉

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ အာဏာအရှိဆုံးအဖွဲ့များဖြစ်သော ပညာရေးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့များ၌ ကျောင်းသားသမဂ္ဂ၊ ဆရာအသင်း/ အဖွဲ့ချုပ်မှ ရွေးကောက်ခံ ကိုယ်စားလှယ်နှစ်ဦးစီ ပါဝင်ခွင့်ပြုကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ယခုလဆန်းပိုင်းတွင် ညွှန်ကြားချက်ထုတ်ပြန်သည်။

ပညာရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့များသည် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် အမြင့်ဆုံးသော အာဏာရှိအဖွဲ့ဖြစ်ပြီး မူလက ယင်းအဖွဲ့များတွင် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများ၊ စီမံနှင့်ဘဏ္ဍာ တာဝန်ရှိသူများ၊ ပါမောက္ခများသာ ပါဝင်သည်။

အစည်းအဝေးများကျင်းပရာတွင် ဆွေးနွေးချက်များ၊ ငြင်းချက်များ၊ တွေ့ရှိချက်များကို ရှင်းလင်းဆောင်ရွက်ခြင်း၊ မှတ်တမ်းရယူထားခြင်းများပြုလုပ်ပြီး ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်တတ်စေရန်အတွက် ဟောပြောပို့ချဆောင်ရွက်ရန် ပါဝင်ခွင့်ပြုခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက “ရွေးကောက်ခံမဟုတ်တဲ့ သူတွေကို လက်မခံပါဘူး”ဟု ပြောကြားသည်။

တက္ကသိုလ်တစ်ခုတွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နှစ်ဖွဲ့ရှိနေပါက ၎င်းတို့နှစ်ဖွဲ့ပူးပေါင်းပြီး ပါဝင်မည့်ကိုယ်စားလှယ်ကို ရွေးကောက်ရမည်ဖြစ်ကြောင်း ၎င်းက The Voice Daily သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ရှင်းပြသည်။

စစ်ကိုင်းတက္ကသိုလ်၊ သတ္တဗေဒဌာန၊ ကထိက ဒေါက်တာသက်နိုင်ဦးက ယခုကဲ့သို့ ပါဝင်ခွင့်ပြုခြင်းကိုကြိုဆိုပြီး အကောင်းမြင်ရလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များအတွက် စတင်လေ့ကျင့်မွေးမြူခြင်း ပထမခြေလှမ်းဟု ယူဆကြောင်း မှတ်ချက်ပြုသည်။

သို့သော် ဗျူရိုကရက်ဆန်သည့် စီမံခန့်ခွဲမှုယန္တရားကို ထိတွေ့မှု အလေ့အကျင့်မရှိသေးခြင်းက အားနည်းချက် ဖြစ်သွားနိုင်ကြောင်း၊ ဆရာနှင့်ကျောင်းသားများ ပါဝင်ခွင့်ရလာပြီဆိုကတည်းက ဗဟိုချုပ်ကိုင်မှု အလိုလိုလျော့ကျသွားစေမည်ဖြစ်ကြောင်း ဒေါက်တာသက်နိုင်ဦးက သုံးသပ်သည်။ 

လက်ရှိတွင် အဆင့်မြင့်ပညာဦးစီးဌာနအောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၃၃ ခုရှိပြီး ကျောင်းသားသမဂ္ဂရှိသည့် ကျောင်းပေါင်း ၉၂ ကျောင်း၊ ဆရာအသင်း၊ အဖွဲ့ချုပ်ရှိသည့် ကျောင်းပေါင်း ၅၅ ကျောင်းရှိကြောင်း ယင်းဌာနထံမှ သိရှိရသည်။

အကယ်၍ ကျောင်းသားသမဂ္ဂ၊ ဆရာအသင်း/အဖွဲ့ချုပ်မရှိသေးသည့် ကျောင်းများအနေနှင့်လည်း ယင်းအဖွဲ့အစည်းများဖွဲ့စည်းကာ အများကိုယ်စားပြုသည့် ရွေးကောက်ခံနှစ်ဦးရွေးချယ်ကာ ပါဝင်စေနိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။


  • VIA