News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (စာလွှာစစ်ဆေးခြင်း)
19-Apr-2018
အခြေခံပညာကဏ္ဍတွင် အမြင့်ဆုံးဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးခြင်း တာဝန်ယူရသော ဆရာ၊ ဆရာမများအနေနှင့် စာစစ်ကာလ ဧပြီလ ၁ ရက်မှ ၁၀ ရက်အတွင်းကြုံတွေ့ရသော နေရေး၊ ထိုင်ရေး အခက်အခဲများကို ယခုတစ်ပတ် ဆရာ၊ ဆရာမများ ရင်ဖွင့်သံကဏ္ဍအဖြစ် The Voice က စုစည်းဖော်ပြလိုက်ပါသည်။


“စာအုပ်သယ်တာက ဖိအားများတာမဟုတ်ပေမယ့် ကလေးတွေက ဖြေတုန်းကကောင်းတယ်။ ဘာလို့စာမေးပွဲကျတာလဲ ဆိုတာတွေလည်းရှိတယ်။ ဒါတွေကြောင့် ကိုယ်စစ်တာများ လိုမလားဆိုတဲ့ ပူပန်မှုမျိုးရှိတယ်”

ဦးသန်းနိုင် (ကထိက၊ ဓာတုဗေဒဌာန၊ ဒဂုံတက္ကသိုလ်)

ကျွန်တော်တို့ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေကို ဧပြီလ ၁ ရက်ကနေ ၁၀ ရက်ထိစစ်ဆေးရတယ်။ ကျွန်တော်ကတော့ ကိုယ့်အိမ်ကနေ ကိုယ်သွား စစ်ဆေးရတာဖြစ်တဲ့အတွက် စာစစ်ကာလမှာနေရေး၊ ထိုင်ရေးအတွက် အခက်အခဲမရှိပါဘူး။ နယ်က ဆရာ၊ ဆရာမတွေတော့ မသိဘူး။ တော်တော်များတော့ အဆင်ပြေတယ်ပြောတာပဲ။ ကျွန်တော်တို့ Chemistry (ဓာတုဗေဒဘာသာရပ်) မှာတော့ ဘာသာရပ်မကိုက်ညီတာမျိုးမရှိပါဘူး။ ကျွန်တော်တို့ကတော့ ကိုယ်သင်ရတဲ့ ဘာသာရပ်မဟုတ်ဘဲ တခြားဘာသာရပ်ကို စစ်ခိုင်းရင်တော့ နှစ်တိုင်းငြင်းတာပဲ။ နယ်က ဆရာ၊ ဆရာမတွေကတော့ အဆင်မပြေတာတွေ နည်းနည်းတော့ရှိမှာပေါ့။ စာစစ်လာတဲ့ ဆရာ၊ ဆရာမတွေအတွက် ဒဂုံတက္ကသိုလ်မှာဆိုရင် အဆောင်တွေရှိပေမယ့် မလောက်ငတော့ စာသင်ဆောင်တွေမှာ နေရတာရှိတယ်။ အဲဒီမှာနေရတော့ ဆရာမတွေအနေနဲ့ ရေချိုးရတာကို အပြင်မှာချိုးရတာမျိုးတော့ရှိတယ်။ အဖြေလွှာစစ်ဆေးတာနဲ့ပတ်သက်လို့ တစ်ရက်ကို ဘယ်နှအုပ်ပြီးရမယ်လို့ သတ်မှတ်ပေးတာမျိုးတော့မရှိပါဘူး။ အဖွဲ့အနေနဲ့ သတ်မှတ်ထားတဲ့ စာစစ်ကာလအတွင်းပြီးရင် အဆင်ပြေတယ်။ ဒီနှစ်စာစစ်ခက တစ်အုပ်ကို ၃၀၀ တိုးပေးမယ်ဆိုတာ သိရပါတယ်။ အဲဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့အနေနဲ့ ပြောစရာအများကြီး မရှိပါဘူး။ နယ်ကလာရတဲ့သူတွေကတော့ ဟိုတုန်းကဆိုရင် အိတ်စိုက်လာရတာတွေရှိတယ်။ အဲဒီတော့ စာစစ်ခနဲ့ပတ်သက်ပြီး ကျေနပ်လားဆိုတာတော့ သူတို့က ပိုသိမယ်။ ပြောင်းလဲစေချင်တာက ဘာလဲဆိုတော့ အမှတ်ခြစ်ရတဲ့စာအုပ်ထုပ်တွေက တခြားလူတွေလည်း သယ်လို့မရဘူး။ ကျွန်တော်တို့ပဲ မရတယ်။ အဲဒီအထုပ်တွေကို စည်းရတယ်။ မရတယ်။ အဲဒါတော့ရှိတယ်။ သူတို့ကတော့ လုံခြုံရေးအရ ဘယ်သူ့ကိုမှ သယ်ခိုင်းလို့မရဘူး။ ဆရာတွေပဲလုပ်ရတယ်။ ကျွန်တော်တို့အဖွဲ့က ပဲခူးတိုင်းအတွက် တာဝန်ယူရတယ်။ စာစစ်ပြီးတာနဲ့ နယ်ကလာတဲ့ SAT (အထက်တန်းပြ) တွေက နယ်ပြန်သွားတယ်။ အဲဒီတော့ ဒီစာအုပ်ထုပ်ထိန်းသိမ်းရေးက ကျွန်တော်တို့တက္ကသိုလ်က ဆရာတွေပဲလုပ်ရတာ။ စာအုပ်တွေကို အမှတ်မခြစ်ခင်ရော အမှတ်ခြစ်ပြီးရင်ရော သယ်ရတယ်။ သယ်ပြီးတော့ အထုပ်တွေကိုပြန်ဖြည်ရတယ်။ တစ်အုပ်ချင်းစီကို အမှတ်ပေးတာညီလား မှန်လားဆိုတာ ပြန်စစ်ရတယ်။ ကျွန်တော်တို့ အဖွဲ့က ၂၃ ယောက်ရှိတယ်။ ဒါပေမဲ့ ဒဂုံတက္ကသိုလ်က ဆရာ၊ ဆရာမက ခေါင်းဆောင်အပါအဝင် ခြောက်ယောက်လောက်ပဲရှိတယ်။ ဒီခြောက်ယောက်လောက်က နေ့စဉ် စာအုပ်ရေ ငါးထောင်လောက်ကို လှုပ်ရှားနေရတယ်။ အသွင်းအထုတ်လုပ်ရတာပေါ့။ မလုပ်လို့လည်း မရဘူး။ ဆရာ၊ ဆရာမတွေက ပညာရှင်တွေဖြစ်တဲ့အတွက် စာဖတ်မယ်၊ စာသင်မယ်ဒီလောက်သွားရတယ်ဆိုပေမယ့် ဒီအဖြေလွှာစာအုပ်တွေသယ်တာ၊ စည်းတာတွေရော လုပ်ရတယ်။ နည်းနည်းတော့ ပင်ပန်းတာပေါ့။ စာအုပ်သယ်တာက ဖိအားများတာ မဟုတ်ပေမယ့် ကလေးတွေက ဖြေတုန်းကကောင်းတယ်။ ဘာလို့ စာမေးပွဲကျတာလဲ ဆိုတာတွေလည်းရှိတယ်။ ဒါတွေကြောင့် ကိုယ်စစ်တာများလိုမလားဆိုတဲ့ ပူပန်မှုမျိုးရှိတယ်။ နိုင်ငံတော်အဆင့်စာမေးပွဲဖြစ်တဲ့အတွက် လုံခြုံမှုကိုအဓိကထားတာကြောင့် ဒါကို အဆင်ပြေအောင် ကျွန်တော့်အနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ မပြောတတ်ဘူး။ 



“စာစစ်နာမည်စာရင်းပေါက်သွားပြီဆိုတာနဲ့ မသွားချင်ဘူးလို့ ငြင်းလို့မရတော့ဘူး။ ကျွန်တော်တို့အဖွဲ့မှာဆိုရင် ကိုယ်ဝန်ဆောင်တစ်ယောက်ပါလာတယ်”

ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ ဇီဝဗေဒဘာသာရပ်၊ အထက (၇) ကလေးမြို့)

ကျွန်တော်က ဇီဝဗေဒဘာသာရပ် စစ်ရတယ်။ ကျွန်တော်တို့က စစ်ကိုင်းတိုင်းအတွက်ဆိုတော့ မုံရွာမှာ သွားစစ်ရတာ။ အပြင်ဆောင်မှာငှားနေရတယ်။ နေစရာအဆောင်စီစဉ်ပေးတာမျိုးမရှိပါဘူး။ ပညာရေးဌာနအနေနဲ့က တရားဝင်ကြေညာချက်ထုတ်ပြီး စီစဉ်ပေးတာမျိုးမရှိပါဘူး။ များသောအားဖြင့် အပြင်မှာနေကြတာများပါတယ်။ ထမင်းကလည်း အပြင်မှာသွားစားတယ်ဆိုတော့ အဆောင်ခအပါအဝင် ထမင်းဖိုးနဲ့ လမ်းစရိတ်တွေရောဆိုရင် စာစစ်သွားရင် ဆရာ၊ ဆရာမတွေအနေနဲ့ ပျမ်းမျှ တစ်သိန်းလောက်ကုန်ကျတယ်။ ဒီစာစစ်ကို ဘယ်ဆရာကမှ ကျေနပ်လို့လာတဲ့သူတစ်ယောက်မှ မရှိဘူး။ အဆိုးဆုံးကတော့ ကျန်းမာရေးကောင်းတဲ့သူတွေ မပါဘဲကိုယ်ဝန်သည်တွေပါလာတာ အရမ်းဆိုးလွန်းတယ်။ မြို့နယ်ပညာရေးမှူးအနေနဲ့က ကိုယ်ဝန်သည်တွေပါလာရင် နည်းနည်းပါးပါး စိစစ်သင့်တယ်။ စာစစ်နာမည်စာရင်းပေါက်သွားပြီဆိုတာနဲ့ မသွားချင်ဘူးလို့ ငြင်းလို့မရတော့ဘူး။ ကျွန်တော်တို့အဖွဲ့မှာဆိုရင် ကိုယ်ဝန်ဆောင်တစ်ယောက်ပါလာတယ်။ မနက်ကနေ ညနေထိတစ်နေကုန်ထိုင်နေရတယ်။ သူ့အတွက်က Absorption (ကိုယ်ဝန်ပျက်ကျခြင်း) မျိုးတွေဖြစ်သွားရင် ဘယ်သူတာဝန်ခံမှာလဲ။ ဘယ်သူတာဝန်ယူမှာလဲ။ ကျန်တဲ့သူတွေလည်းအဲဒီလိုပဲ လာချင်လို့လာရတယ်ဆိုတာမျိုး မရှိဘူး။ အဖြေလွှာတစ်အုပ်ကို အနီ၊ အစိမ်း၊ ခရမ်းဆိုပြီး လူသုံးယောက်စစ်ရတယ်။ ဒီအနီကိုင်လိုက်တဲ့သူရဲ့စိတ်ထဲမှာ အမြင်မကြည်လင်ဘူး။ စိတ်မကောင်းဖြစ်စရာတစ်ခုခုရှိမယ်ဆိုရင် သူ့အနေနဲ့ အမှတ်ပေးသင့်ပေးထိုက်တဲ့အမှတ်ကို ပေးချင်စိတ်မရှိတော့ဘူး။ စာစစ်ရာမှာ အမှားတွေများမယ်။ အဲဒီတော့ နောက်ထပ် အစိမ်းစစ်တဲ့သူက ဂရုတစိုက် သေချာပြန်လုပ်ရတယ်။ မှားတာကတော့ လူတိုင်းဆိုပေမယ့် အမှားများတာနဲ့ နည်းတာကွာတယ်။ အခုပညာရေးစနစ်အရ ကလေးတစ်ယောက်အတွက် အမှတ်က တစ်မှတ်ဆိုလည်း အရေးကြီးတယ်။ နှစ်မှတ်ဆိုလည်းအရေးကြီးတယ်။ ဒီနှစ်ဆိုရင်မုံရွာမှာ ချင်းတောင်ဘက်က ဆရာ၊ ဆရာမတွေ တော်တော်များများခေါ်တယ်။ နောက်ပြီး အင်းတော်ဘက်ကလည်းပါတယ်။ သူတို့တွေအတွက်က လမ်းခရီးမှာလာရတာ မလွယ်ဘူး။ ပြီးတော့အမှတ်စစ်တယ်။ သွားလာစရိတ်အတွက် အမှန်တကယ်ကုန်ကျတဲ့စရိတ်ရအောင် အထက်ကို ခရီးစရိတ်ပြန်တင်တယ်။ ဒါပေမဲ့ ပြန်ရလာတာက ကုန်ကျသလောက်ကာမိအောင် လုံလောက်တဲ့ခရီးစရိတ်မရဘူး။ ပေးတာကလည်း သူများမြို့နယ်တွေမှာ ၈ လပိုင်းဆို ထုတ်ပေးနေပြီဖြစ်ပေမယ့် ကျွန်တော်တို့ကလေးမြို့ဘက်မှာဆိုရင် ၂၀၁၇ ခုနှစ်အတွက် လမ်းစရိတ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလပိုင်းမှရတယ်။ တိုင်းကတော့ တစ်ချိန်တည်းချပေးလိုက်တယ်။ သူများမြို့နယ်တွေရပေမယ့် ကျွန်တော်တို့ မြို့နယ်က ဘာလို့မရတာလဲ။ သူများရတဲ့အချိန် ကျွန်တော်တို့ရချင်တယ်။ အာလုံးက ညီတူညီမျှဖြစ်သင့်တယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတော်တော်များများက မပြောရဲကြဘူး။ ဆရာ၊ ဆရာမတွေအနေနဲ့ ခုလက်ရှိပုံစံအတိုင်း ကုတ်ချုပ်ပြီးသား အဖြေလွှာတွေကို ကိုယ်မြို့နယ်၊ ကိုယ့်တက္ကသိုလ်မှာ ကိုယ်စစ်ဆေးခွင့်ရမယ်ဆိုရင် အဆင်ပြေမယ်။ အဲဒါဆိုရင် ကုန်ကျစရိတ်တွေသက်သာမယ်။ ဆရာ၊ ဆရာမတွေလည်း အများကြီးခေါ်စရာမလိုဘူး။ ပင်ပန်းတာတွေလည်း သက်သာမယ်။ ခုက တစ်တိုင်းလုံးစာအတွက် စစ်ရတယ်။ တာဝန်ကျတဲ့ဆရာအရေအတွက်က ဘာသာရပ်တစ်ခုနဲ့တစ်ခုအရေအတွက် မတူဘူး။ ကျွန်တော်တို့အဖွဲ့မှာဆိုရင် အဖြေလွှာစာအုပ် ၅၀၀၀ လောက်ရှိတာကို စစ်ဆေးတဲ့ ဆရာ ၂၅ ယောက်ပဲရှိတယ်။ စာစစ်တဲ့ ဆရာများများခေါ်စေချင်တယ်။ အဲဒီတစ်နည်းရှိတယ်။ နောက်တစ်နည်းက စစ်ဆေးမှုပုံစံကြီးကို ပြောင်းလဲမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ သူများနိုင်ငံက စစ်ဆေးမှုပုံစံတွေကိုလေ့လာပြီးတော့ ကိုယ့်နိုင်ငံနဲ့လိုက်ဖက်မယ့် စစ်ဆေးမှုပုံစံပြောင်းရမယ်။ နောက်ပြီးပြောစရာက ဘာသာရပ်မကိုက်ညီဘဲ စာစစ်ပါလာတဲ့ ဆရာတွေလည်းရှိတယ်။ ဆရာတစ်ဦးဆိုရင် ကျောင်းပိတ်ခါနီးမှာ ကျောင်းပြောင်းကျတယ်။ ကျောင်းမှာ ဘာသာရပ်လိုအပ်ချက်ကြောင့် ကိုယ်မသင်ဖူးတဲ့ ဘာသာရပ်သင်ရတယ်။ အဲဒါနဲ့ စာစစ်အတွက် စာရင်းတင်တဲ့အချိန်မှာ လက်ရှိသင်နေတဲ့ ဘာသာရပ်နဲ့ စာစစ်ပါလာတယ်။ အဲဒီတော့ ဒီဘာသာရပ်အတွက် အမှတ်ပေးစည်းမျဉ်းကို သူအလွတ်မရဘူး။ စာစစ်တဲ့အခါမှာ အမှားများပြီး ကြန့်ကြာနေတာတွေရှိတယ်။ ဒါကြောင့် စာစစ်ခေါ်တဲ့အခါ ဘာသာရပ်တစ်ခုကို အနည်းဆုံး ၂ နှစ်သင်ဖူးပြီးသား ဆရာတွေကိုပဲ ရွေးချယ်ပြီးခေါ်ရင် ပိုကောင်းတယ်။ သက်ဆိုင်ရာကျောင်းအုပ်က ပညာရေးမှူးကို စာရင်းပေးတဲ့အခါ ဘာသာရပ်မလွဲစေဖို့နဲ့ မြို့နယ်ပညာရေးမှူးတွေကလည်း သေသေချာချာစစ်ဆေးပြီး လုပ်သက်များတဲ့သူတွေကို တာဝန်ပေးသင့်တယ်။

“ဆရာ၊ ဆရာမအချို့မှာ စားရေး၊ သောက်ရေးတွေ အခက်အခဲရှိတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ ဒီထက်ဒုက္ခရောက်တဲ့နေရာတွေမှာတောင် နေခဲ့ရသေးတာပဲဆိုပြီး ဆယ်ရက်လောက်နဲ့ ဘာမှမဖြစ်ဘူးဆိုပြီး သည်းခံပြီးနေကြပါတယ်”

ဒေါ်သီတာတင့် (အထက်တန်းပြ၊ ဓာတုဗေဒဘာသာရပ်၊ ပဲခူးမြို့၊ အထကခွဲ - ၁)

ကျွန်မတို့က တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးတာနဲ့ပတ်သက်ပြီး အခက်အခဲသိပ်မရှိပေမယ့် နေရေး၊ ထိုင်ရေးမှာတော့ နည်းနည်းရှိတယ်။ နေတာက ဒဂုံတက္ကသိုလ်ထဲက အဆောင်မှာနေရတယ်။ မီးတွေပျက်တော့ ရေမရဘူး။ နောက်ပြီး ရုံးအဖွဲ့တွေလည်း ရှိတယ်။ ကျွန်မတို့က အပေါ်ထပ်မှာနေရတာ။ အဲဒီမှာက ရေမတင်ပေးတာလား မသိဘူး။ အိမ်သာတွေမှာ ရေမရှိဘူး။ ကျန်တာတွေက အဆင်ပြေပါတယ်။ ရေချိုးရတာ အဆင်မပြေဘူး။ ရေမကြည်ဘူး။ အစပိုင်းဆိုရင် အမည်းဖတ်တွေရှိတယ်။ သုံးလေးရက်လောက်က ဒီတိုင်းပဲ အဆင်မပြေဘူး။ နောက်ပိုင်းမှာ ရေက ကြည်သွားတာ။ အရင်နှစ်တွေက အဆင်ပြေတယ်။ ဒီမှာကကျတော့ ဟောတိုက်နေရတယ်။ နေရတာက အဆင်ပြေပါတယ်။ ရေပဲ အဓိက ခက်ခဲတာ။ ရေမသန့်ဘူး။ ဒီမသန့်တာကိုပဲ လုယက်ပြီးချိုးနေရတယ်။ ကိုယ်တစ်ယောက်တည်းလည်း မဟုတ်ဘူး။ အများလည်း မသန့်တဲ့ရေကိုချိုးရတယ်။ အားလုံးက ကျောင်းကပြန်လာရင် ပင်ပန်းတယ်။ အဲဒီတော့ ရေမသန့်လို့ မချိုးဘူးဆိုရင်လည်း ဘယ်သူမှ ချိုးမှာမဟုတ်တော့ တာဝန်ရှိသူတွေကိုလည်း ဘယ်သူမှသွားမပြောဘူး။ ကိုယ်လည်းချိုးလိုက်တာပေါ့။ ကျွန်မက စာစစ်ကို မနှစ်ကမှ စစ်ဖူးတာ။ ဒီနှစ်ရောမှ ၂ ကြိမ်ပဲစစ်ဖူးတယ်။ ပညာရေးဝန်ကြီး ဌာနက စာစစ်ခကို ၃၀၀ ကျပ်တိုးပေးတာကောင်းပါတယ်။ မနှစ်ကဆို ၁၀၀ ပဲရတယ်။ မလုံလောက်ဘူး။ မနှစ်ကဆို အသွားအပြန်ဆိုရင်ပဲ ခရီးစရိတ်က နှစ်သောင်းလောက်ကုန်တယ်။ စာစစ်ကာလ ဆယ်ရက်ကလည်း မနက်စာလည်း ကိုယ့်ဘာသာကိုယ်စားရတယ်။ နေ့လယ်စာရော ညနေစာရော ကိုယ့်ဘာသာကိုယ် စားရတာဆိုတော့ စာစစ်ခတိုးပေးတာ အဆင်ပြေပါတယ်။ စာစစ်ပြီးတာနဲ့ စာစစ်ခလည်း တန်းရှင်းပေးတယ်။ စာစစ်ခတိုးပေးတာတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာအချို့မှာ စားရေး၊ သောက်ရေးတွေ အခက်အခဲရှိတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ ဒီထက်ဒုက္ခရောက်တဲ့နေရာတွေမှာတောင် နေခဲ့ရသေးတာပဲဆိုပြီး ဆယ်ရက်လောက်နဲ့ ဘာမှမဖြစ်ဘူးဆိုပြီး သည်းခံပြီးနေကြပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ စားရေးသောက်ရေးအတွက် စီစဉ်ပေးစေချင်တယ်။ ကျွန်မတို့က မနက်ရှစ်နာရီကို စာစစစ်တယ်။ နေ့ခင်း ၁၂ နာရီ တစ်ခါနားပြီးရင် ညနေ ၅ နာရီထိစစ်ရတယ်။ ပြန်လာတဲ့အချိန်မှာ ဒီစားဖို့သောက်ဖို့အတွက် စီစဉ်နေရတာမျိုးမဖြစ်ချင်ဘူး။ ပင်ပန်းတယ်။ ဒီမှာ ရောင်းတာတွေကလည်း မကောင်းဘူးပေါ့။ အပြင်မှာကလည်း လိုင်းကားတွေက မစီးတတ်တော့ ဘယ်နားဆင်းရမယ်မသိတော့ အပြင်မထွက်ဖြစ်ဘူး။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ အစားအသောက်ပါ ကျွေးစေချင်တယ်။ ကိုယ့်ဘာသာကို အဆင်မပြေဘူးဆိုပေမယ့်လည်း နိုင်ငံတော်တာဝန်ဖြစ်နေတော့ စာစစ်တဲ့နေရာမှာတော့ အမှားအယွင်းမရှိအောင် လုပ်ရတာပေါ့။ တက္ကသိုလ်ဝင်စာမေးပွဲက အရေးကြီးတဲ့စာမေးပွဲဖြစ်တော့ ဒီအဆင်မပြေတာကြီးကို စာစစ်တဲ့နေရာမှာ သက်ရောက်မှုမရှိအောင် အားလုံးက ဂရုစိုက်ရတာပါ။

မြဇာခြည်သင်း