News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ရာထူးတိုးအပြောင်းအရွှေ့)
05-Apr-2018
အခြေခံပညာတွင် ဆရာ၊ ဆရာမများအတွက် ကျောင်းသားကလေးများအတွက်ပါ ကသီလင်တဖြစ်ရသည်က ဆရာ၊ ဆရာမများ၏ ရာထူးတိုး၊ ပြောင်းနှင့် အပြောင်းအရွှေ့နောက်ကျခြင်းကိစ္စဖြစ်သည်။ ကျောင်းဖွင့်ချိန်ရောက်မှ ဆရာ၊ ဆရာမများက ဟိုကျောင်းမှသည်ကျောင်း စသဖြင့်ပြောင်းကုန်ကြတော့ ကလေးများအတွက် ပညာသင်ယူမှုအပိုင်း အချိတ်အဆက်က ပြတ်ပြတ်သွားသည်။ ထိုအခြေအနေများအပေါ် ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 


“ကလေးတွေဟာ အဲဒီတစ်နှစ်ပဲ ဒုက္ခရောက်မှာမဟုတ်ဘူး”

ဒေါ်နီလာဝင်း (အထက ၃၅၊ ချမ်းမြသာစည်၊ မန္တလေး)

မနှစ်က ကျောင်းဖွင့်ပြီးမှ ၈ လပိုင်းကုန် ၉ လ ပိုင်းထဲထင်တယ်။ အဲဒီချိန်လောက်မှ ပြောင်းရွှေ့တွေ၊ ရာထူးတိုးပြောင်းတွေထွက်တော့ တော်တော်ကသီလင်တ ဖြစ်ကုန်ကြတာတွေရှိတယ်။ ဆရာအင်အားနည်းတဲ့ ကျောင်းတွေက ဆရာ၊ ဆရာမတွေ ရာထူးတိုးနဲ့ပဲဖြစ်ဖြစ်၊ ရိုးရိုးပြောင်းတာပဲဖြစ်ဖြစ် ပြောင်းသွားခဲ့ပြီး ချက်ချင်းအစားပြန်မရောက်ခဲ့ရင် ကျောင်းအုပ်အတွက် အတန်းခွဲဝေပေးမှုမှာရော သင်ကြားရေးမြှင့်တင်ဖို့ လျာထားချက်တွေမှာရော တော်တော်လေးအခက်အခဲတွေ့တာကို သိရပါတယ်။ ကလေးတွေအတွက်ကတော့ ပိုဆိုးတာပေါ့။ ဘယ်ကလေးမဆို သူငယ်ချင်းအပြောင်းအလဲမှာပဲဖြစ်ဖြစ်၊ ဆရာအပြောင်းအလဲမှာပဲဖြစ်ဖြစ် သူတို့မှာ စိတ်ခံစားချက်တွေရှိကြပါတယ်။ ဒီလိုမျိုး စိတ်အခြေအနေဖြစ်နေတာကို နောက်ဆရာ၊ ဆရာမ အစားဝင်လာတာနောက်ကျပြီး ကြားကာလကွာဟနေချိန်မှာ သင်ခန်းစာချိတ်ဆက်မှုတွေပြတ်သွားတဲ့အပြင် အရှိန်ပျက်စေပါတယ်။ နားလည်သဘောပေါက်မှုရော ကြိုးစားအားထုတ်မှုတွေရော အားနည်းလာပါတယ်။ နောက်ရောက်လာတဲ့ ဆရာမနဲ့ အာဘော်မငြိလို့ အချိတ်အဆက်မိဖို့ အချိန်ပေးရရင် ပိုဆိုးတော့တာ။ ဒီကြားထဲ ပြောင်းသွားတဲ့ ဆရာ၊ ဆရာမက KG, G1 သင်ဆရာမဆို တစ်ခါ ဒုက္ခရောက်ရပြန်ရော။ သင်တန်းတက်ထားတဲ့ ဆရာ၊ ဆရာမနဲ့ မတက်ရသေးတဲ့ ဆရာ၊ ဆရာမ ပြဿနာက ရှုပ်ထွေးပြန်ရော။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းဖွင့်ချိန်အမီ ပြောင်းရွှေ့ကိစ္စ၊ ရာထူးတိုးကိစ္စ လုပ်မပေးနိုင်တာဟာ ကလေးတွေရဲ့ သင်ကြား၊ သင်ယူမှုတွေမှာ အများကြီးနှောင့်နှေးခက်ခဲစေပါတယ်။

ဆရာအင်အားလုံလောက်သည်ဖြစ်စေ၊ မလုံလောက်သည်ဖြစ်စေ အရှိန်တန့်ပြီး ကလေးတွေအတွက် ဆုံးရှုံးနစ်နာမှုတွေရှိစေတာက ပြောစရာတောင် လိုမယ်မထင်ဘူး။ အားလုံးသိနိုင်တာပါ။ ဒီလိုအချိန်မီ အခါမီ မဟုတ်တာ မနှစ်ကမှာမဟုတ်ပါဘူး။ အရင်နှစ်တွေကလည်း ရှိနေတာပါပဲ။ ဘယ်လောက်တောင် နစ်နာကြမလဲ။ နောက်တစ်ခု ကာယကံရှင် ဆရာမအချို့မှာလည်း ကျောင်းဖွင့်တဲ့အခါ မိမိတာဝန်ကျရာကို အထုပ်အပိုးနဲ့ ပြင်ဆင်သွားရရော။ ဟိုမှာနေသားကျမလို့ပြင်တုန်း အပြောင်းအရွှေ့အော်ဒါလာတော့ ပြန်ပြောင်းဖို့ဖြစ်လာပြန်တော့ ကသီရပြန်ရော။ အဝေးမှာရှိနေတဲ့ ဆရာမလေးတွေမှာလေ။ ကျောင်းမဖွင့်မီ မေလထဲမှာ အချိန်မီဆိုရင်တော့ အဲဒါမျိုးပြဿနာလျော့သွားတာပေါ့။ ဘယ်လိုအခြေအနေရှိနေပါစေလေ။ ကျောင်းမဖွင့်ခင် မေလထဲမှာ စီစဉ်ထားရင် အားလုံးအဆင်ပြေမယ့်ဟာကို ကလေးတွေရော ကာယကံရှင်ဆရာရော သက်ဆိုင်ရာကျောင်းအုပ်ရော အခက်အခဲဖြစ်စေတာကြောင့် နောက်မကျသင့်ဘူးလို့ မြင်ပါတယ်။ အနစ်နာဆုံး အထိခိုက်ဆုံးကတော့ ကလေးတွေပါပဲ။ 

ကျောင်းရဲ့အဓိကလုပ်ငန်း၊ ကလေးတစ်ယောက်ရဲ့ အဓိကရလဒ်တွေရမယ့် သင်ကြားသင်ယူမှုမှာ အရှိန်တန့်ပြီး အဟန့်အတားမဖြစ်အောင် ကြိုတင်ပြင်ဆင်စီစဉ်ရမယ်လို့ မြင်ပါတယ်ရှင်။ မဟုတ်ရင် ကလေးတွေဟာ အဲ့ဒီတစ်နှစ်ပဲ ဒုက္ခရောက်မှာ မဟုတ်ဘူး။ တက်တက်သွားမယ့် အတန်းစဉ်မှာ အရှိန်တန့်သွားတဲ့ နှစ်က အခြေခံမပါတာကြောင့် အခက်အခဲတွေဖြစ်ရတာရှိလို့ ဘဝတစ်လျှောက်လုံးနဲ့ ဆိုင်သွားတာတွေ ရှိလာနိုင်ပါတယ်ရှင်။ 


“အမြဲနောက်ကျတတ်တာမို့ အကုန်မယုံကြည်နိုင်သေးပါဘူး”

ဦးထင်လင်းထက် (အလယ်တန်းပြ၊ လ (ခွဲ) အောင်ဆုပန် ကဝမြို့နယ်၊ ပဲခူးတိုင်း)

ဆရာ၊ ဆရာမတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အခုလိုကျောင်းပိတ်ရက်ကာလမှာ ခက်ခဲတဲ့ ဒါမှမဟုတ် မျှော်လင့်မိတာက ဆရာခန့်ထားရေးနဲ့ အတိုးအပြောင်းကိစ္စပါ။ ဖြစ်သင့်တာကတော့ အခု ၄ လပိုင်းနဲ့ ၅ လပိုင်းကြားမှာ ခန့်ထားရေးနဲ့ အတိုး၊ အပြောင်းတွေကို Order (အမိန့်ကြေညာစာ) ထွက်ပေးရပါ့မယ်။ ဒါမှလည်း တာဝန်ထမ်းဆောင်ရမယ့် ဆရာတွေနဲ့ သက်ဆိုင်ရာကျောင်းတွေအတွက် ကြိုတင်ပြင်ဆင်ချိန်ရှိမှာပါ။ ရပ်ဝေးကိုကျလာတဲ့ ဆရာ၊ ဆရာမတွေဆိုကပ်ပြီးမှ Order (အမိန့်ကြေညာစာ) ရရင် အတော်ဒုက္ခရောက်ပါတယ်။ သွားလာဖို့၊ နေထိုင်ဖို့၊ ချက်ပြုတ်စားသောက်ဖို့ကအစ အကုန်လုံး ကစဉ့်ကလျားတွေဖြစ်ကုန်တယ်။ ပြီးတော့ Order က နောက်ကျတာမို့ လုပ်သက်လည်းနစ်နာသလို၊ နောက်ပိုင်း ရာထူးတိုး၊ အပြောင်းအရွှေ့နဲ့ ပင်စင်အထိပါ ဆုံးရှုံးနစ်နာရပါတယ်။ ကျောင်းတွေလည်းဒီလိုပါပဲ။ စောစောသိထားမှ ကျောင်းလုပ်ငန်းတွေကို အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဇွန် ၁ ရက် မှာ တာဝန်ထမ်းဆောင်ရမယ်ဆိုရင် ကျောင်းအပ်နှံရေး သီတင်းပတ် (မေ ၂၅ မှ ၃၁ အထိ) မတိုင်ခင် နောက်ဆုံးထားပြီး ဆရာခန့်ထားရေးနဲ့ အတိုးအပြောင်း Order တွေကိုထွက်ပေးရပါ့မယ်။ 

တစ်ခုဖြတ်ပြောချင်တာက ကျောင်းအဆင့်တိုးမြှင့်ရေးကိစ္စပါ။ ဆရာတွေမခန့်ထားခင်မှာ ဘယ်ကျောင်းတွေကို အဆင့်တိုးမြှင့်မယ်၊ အဲ့ဒီကျောင်းတွေအတွက် ဆရာဘယ်လောက်လိုတယ်၊ အဆောက်အအုံ ပရိဘောဂ ဘယ်လောက်လိုမယ် စတဲ့ စီမံချက်၊ စီမံမှုတွေပြုလုပ်စေချင်ပါတယ်။ အခုက ကျောင်းတွေသာ အဆင့်တိုးပေးလိုက်တယ်၊ ဆရာလည်း မချပေးနိုင်၊ အဆောက်အအုံလည်းမပေးနိုင်ဘဲ စာသင်ခန်းမရှိ ဆရာဟောင်းလောင်းနဲ့ မနိုင်ဝန်ကိုထမ်းရင်း နှစ်ပါးသွားနေရတယ်။ ဒါက ကောင်းကျိုးထက် ဆိုးကျိုးကိုပိုဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ မနှစ်က အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးပြီး အခုထိ ကျောင်းအုပ်ခန့်ထားပေးနိုင်ခြင်းမရှိသေးတဲ့ ကျောင်းတွေရှိနေပါသေးတယ်။ ဒီအပြင် ၂၀၁၅ ခုနှစ်က မူလွန်အဆင့်တိုးခဲ့တဲ့ ကျောင်းတွေမှာ အခုထိ ဆရာလုံလောက်အောင်ချပေးနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ကျောင်းအဆင့်တိုးတာ၊ ဆရာခန့်ထားရေးနဲ့ အတိုးအပြောင်းကိစ္စတွေကို အချိန်မီ၊ အခါမီအောင် စနစ်တကျ စီမံဆောင်ရွက်စေချင်ပါတယ်။ 

ဒါပေမဲ့ မနှစ်ကဖြစ်ရပ်တွေကိုပြန်ကြည့်ရင် ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအတော်ညံ့ဖျင်းတာကို တွေ့ရပါတယ်။ မနှစ်ကပညာရေးတက္ကသိုလ်၊ ကောလိပ်ဆင်းဆရာတွေနဲ့ အတိုးအပြောင်းတွေကို ကျောင်းဖွင့်ပြီး ၂ လ အကြာ ဩဂုတ်လထဲရောက်မှ ခန့်ထားနိုင်ခဲ့ပါတယ်။ ဒါတောင် ဖဲကြိုးလှုပ်ရှားမှုတွေ ဆန္ဒထုတ်ဖော်မှုတွေ တောင်းဆို ညှိနှိုင်းမှုတွေကြောင့် ကသုတ်ကရိုက် ခန့်လိုက်တဲ့ပုံစံမျိုးပါ။ ၂၀၁၄ မှာ ဇူလိုင်မှာခန့်တယ်။ ၂၀၁၅ မှာ ဇွန်မှာခန့်တယ်။ ၂၀၁၆ ကျတော့ ဖေဖော်ဝါရီထဲက ခန့်တယ်။ မနှစ်က ၂၀၁၇ ကျတော့ ဩဂုတ်မှခန့်နိုင်တယ်။ ဒါက ကျွန်တော်သိသလောက် ကောလိပ်ဆင်း ဆရာတွေ ခန့်ထားမှုပါ။ ကျန်တဲ့ ဖြစ်ကတတ်ဆန်းနိုင်တဲ့ ခန့်ထားမှုတွေလည်း အများကြီးရှိပါတယ်။ ဒီအပြင် ရာထူးတိုးအပြောင်းအရွှေ့တွေမှာလည်း မသမာမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေရှိနေပြီး ဝန်ထမ်းအခွင့်အရေး တန်းတူရရှိနိုင်မှုတွေ မရသေးတာကို တွေ့ရပါတယ်။ ဥပမာ-ကျွန်တော်တို့မြို့နယ်မှာ ဘွဲ့မရသေးပေမယ့် D.TEd ဆရာတွေက ရာထူးတိုးလျှောက်ရပြီး အခြားမြို့နယ်တွေမှာ မရတာမျိုးပေါ့။ ဒါတွေကိုခြုံကြည့်ရင် ဝန်ကြီးဌာနမှာ ဆရာခန့်ထားရေး၊ ရာထူးတိုးမြှင့်ရေးနဲ့ အပြောင်းအရွှေ့တွေအတွက် တိကျခိုင်မာတဲ့ မူဘောင်၊ မူဝါဒမရှိဘဲဖြစ်သလို ဆေးမြီးတိုနည်းနဲ့ ကုသနေတာကို တွေ့ရပါတယ်။ 

ဒါကြောင့် ဝန်ကြီးဌာနအနေနဲ့ တိကျတဲ့မူဝါဒ၊ မူဘောင်တွေချမှတ်ပြီး ဆရာတွေနဲ့ ဆွေးနွေးသင့်ပါတယ်။ ဒီနှစ်တော့ ကျောင်းတွေမဖွင့်ခင် Order ထွက်နိုင်ဖို့ ပြင်ဆင်နေတာကိုလည်းတွေ့ရပါတယ်။ တချို့ Order တွေဆို အခုရက်ပိုင်းလေးကပဲ ထွက်ပြီးသွားပါပြီ။ ကြိုဆိုရမယ့် အနေအထားပါ။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း အမြဲနောက်ကျတတ်တာမို့ အကုန်မယုံကြည်နိုင်သေးပါဘူး။ ကျွန်တော်တို့ အခြေခံဆရာ၊ ဆရာမတွေခမျာ အခါခါသေဖူးနေလို့ ပျဉ်ဖိုး (တစ်ခါသေဖူးပြင်ဖို့ နားလည်ဟုလည်း အဆိုရှိ) လည်း အတော်နားလည်နေပါပြီ။ Order ကိုယ့်လက်ထဲရောက်မှ သက်ပြင်းချနိုင်တဲ့ အနေအထားမျိုးပါ။ ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေနည်းပါစေလို့ ဆုတောင်းရမှာပဲ။ ဘာလို့လဲဆိုတော့ အနည်းအများပဲ ကွာသွားတာပါ။ လွဲတာကတော့ ဆက်လွဲနေဦးမှာ အသေအချာပါပဲ။ 

နေဇာကျော်