News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ပါမောက္ခချုပ်များ ကော်မတီ)
15-Mar-2018

ရက်ပိုင်းအတွင်းက ဖွဲ့စည်းလိုက်သော ပါမောက္ခချုပ်များ ကော်မတီသည် လွန်ခဲ့သည့် ၄ နှစ်ခန့်က ဆရာနှင့်ကျောင်းသားများ ကန့်ကွက်ခဲ့ကြသည့် တက္ကသိုလ်များ ဗဟိုကောင်စီနှင့် အလားသဏ္ဌာန် တူနေသည့် သဘောလည်းရှိကြောင်း ဆရာအသိုင်းအဝိုင်းက အသံထွက် ဝေဖန်လာကြသည်။ ထို့ကြောင့် ယင်းကော်မတီ ဖွဲ့စည်းမှုအပေါ် ဆရာများ၏ သဘောထား အမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“တက္ကသိုလ်တွေမှာက ပါမောက္ခချုပ်နဲ့ ကျောင်းအုပ်ကြီးတွေပဲရှိတော့ ပါမောက္ခချုပ် ကော်မတီပဲ ဖွဲ့တာပေါ့”
ဒေါက်တာခိုင်မြဲ (ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်)

ကျွန်တော်တို့ မနေ့ (မတ်လ ၁၂ ရက်)က ပါမောက္ခချုပ်များ ကော်မတီအဖွဲ့ဝင်တွေ ရွေးတယ်။ နောက်အဖွဲ့ဝင် ၄၅ ဦးပါတဲ့ ဗဟိုအလုပ်မှုဆောင် ဖွဲ့တယ်။ နောက်ပြီး ဆရာတို့ ရှေ့လုပ်ငန်းစဉ်တွေကို ဘာလုပ်ရမလဲဆိုတာ စဉ်းစားကြတာပေါ့။ ရုံးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ အဲဒါတွေ ဝိုင်းစဉ်းစားကြတယ်။ ဖွဲ့စည်းတာကတော့ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် NEPC က ဖွဲ့ပေးရမှာပေါ့။ ကျွန်တော်တို့က အဖွဲ့ဝင်တွေ ရွေးချယ်တာ။ မနေ့ကတည်းက ဖွဲ့စည်းတယ်လို့လည်း ပြောလို့ရတာပေါ့။ ဒါပေမဲ့ NEPC က တရားဝင်ထုတ်ပြန်မှ အတည်ဖြစ်မှာ။ ခုက စာနဲ့ တရားဝင် မထုတ်ပြန်ရသေးဘူး။ သူတို့က အတည်ပြုပေးရမှာ။ ကျွန်တော်တို့က ရွေးရုံပဲ။ ဒါဖွဲ့စည်းပြီးရင်လည်း ဆရာတို့အနေနဲ့က ဘာ Guide Line မှ မပေးတော့ဘူး။ ဒီကော်မတီအနေနဲ့ ဘာတွေလုပ်ရမယ်ဆိုတာ ဆရာတို့က အစီအစဉ်တွေပဲ ပြောပြတယ်။ ဒီကော်မတီရဲ့ လုပ်ငန်းစဉ်တွေကိုတော့ ကော်မတီဝင်တွေပဲ ပြောနိုင်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်ငန်းစဉ်ကို သူတို့ကိုယ်တိုင်ပဲ ချမှတ်ခိုင်းတယ်။ ဆရာတို့က ဘာမှ ချမပေးတော့ဘူး။ အဆင့်မြင့်ပညာကဏ္ဍအတွက် သူတို့ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေလုပ်ရမလဲဆိုတာ ကျွန်တော်တို့က ချမပေးတော့ဘူး။ သူတို့ဘာသာ အချင်းချင်း ညှိနှိုင်းလုပ်ကြမှာ။ အမျိုးသားပညာရေး ဥပဒေပုဒ်မ ၂၇ အရ ဖွဲ့စည်းလိုက်တာပါပဲ။ ၂၀၁၄ ဥပဒေမှာတော့ အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီလို့ ပါတာပေါ့။ ပြင်ဆင်တဲ့ ဥပဒေထဲမှာက ကော်မတီတစ်ရပ်လို့ပဲ ပါတယ်ဆိုတော့ ပါမောက္ခချုပ်များ ကော်မတီကို ဖွဲ့လိုက်တာ။ တက္ကသိုလ်တွေမှာက ပါမောက္ခချုပ်နဲ့ ကျောင်းအုပ်ကြီးတွေပဲ ရှိတော့ ပါမောက္ခချုပ်ကော်မတီပဲ ဖွဲ့တာပေါ့။ တရားဝင်အနေနဲ့ကတော့ အမျိုးသားပညာရေး မူဝါဒကော်မရှင်က စာထုတ်တဲ့အချိန်ပေါ့။

“တက္ကသိုလ်တွေရဲ့ အုပ်ချုပ်မှုတွေကို ဝင်ပြီးနှောင့်ယှက်မယ့် ဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ်ပုံစံမျိုးတွေ မဖြစ်ဖို့လိုတယ်”
ဒေါက်တာ စိုင်းခိုင်မျိုးထွန်း (ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန၊ ကထိက)

ပါမောက္ခချုပ် ကော်မတီဖွဲ့မယ်ဆိုတာ ကြားတော့ကြားပါတယ်။ သေချာမသိဘူး။ အဓိကအချက်က ပါမောက္ခချုပ်ကို ဘယ်သူရွေးလဲပေါ့။ လွတ်လပ်တဲ့ ကျောင်းတွေကမှ ကိုယ့်ပါမောက္ခကို ရွေးသလား။ နောက်တစ်ခုက ပါမောက္ခချုပ်ကော်မတီမှာ ဘယ်လို လုပ်ပိုင်ခွင့်မျိုးရှိမလဲ။ သူတို့က ဘာတွေလုပ်ကြမှာလဲ ထပ်တော့ စဉ်းစားစရာရှိတာပေါ့။ ကျွန်တော်တို့ ယေဘုယျအားဖြင့် ဘယ်အဖွဲ့မှ အပေါ်ကနေ ထိန်းချုပ်တာမျိုး မဖြစ်ချင်ကြဘူးလေ။ သူတိုက ဘယ်လိုပါချုပ်မျိုးတွေလဲ။ နောက် ဒီအဖွဲ့က ဘယ်လိုလုပ်ငန်းတာဝန်မျိုးတွေ ရှိသလဲ။ တက္ကသိုလ်တွေပေါ်မှာ သူတို့ရဲ့လွှမ်းမိုးမှု ဘယ်လောက်ရှိမလဲ။ ဒီအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေက အရေးကြီးတာပေါ့။ ဖွဲ့စည်းပြီးမှ ဘာလုပ်မယ်မှန်းမသိရင် မကောင်းဘူးပေါ့။ ဥပမာ- ဖွဲ့တာက ပညာရေးအပေါ်မှာ ဘယ်လောက် တိုးတက်မှု ရှိနိုင်မလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အမျိုးသားပညာရေး ဥပဒေမှာပါတဲ့ ပုဒ်မ ၂၇ ကိုက ဒီကော်မတီ ဖွဲ့စည်းရေးမှာ ဗဟိုချုပ်ကိုင်မှု နည်းနည်းရှိနေပြီးသားသဘောပဲ။ ဒါပေမဲ့ နိုင်ငံအပြောင်းအလဲလုပ်တဲ့အနေနဲ့ ကျွန်တော်တို့က အပြုသဘော တွေးမိပါတယ်။ တကယ်ကို တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရသွားတဲ့အချိန်မှာ ဒီပါမောက္ခချုပ်တွေကို ကိုယ်စားလှယ် ပုံစံမျိုးနဲ့ ရွေးပြီးဖွဲ့ရင်တော့ ဒါက သိပ်ပြဿနာမရှိဘူး။ ဒီလိုမဟုတ်ဘဲနဲ့ ဒီဖွဲ့စည်းက လုပ်ပိုင်ခွင့်တွေ အရမ်းများပြီး တက္ကသိုလ်တွေရဲ့ အုပ်ချုပ်မှုတွေကို ဝင်ပြီးနှောင့်ယှက်မယ်၊ ဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ်ပုံစံမျိုးတွေ မဖြစ်ဖို့လိုတယ်။

“လက်ရှိ အပေါ်ကခန့်ထားတဲ့ Selected တွေနဲ့ ဖွဲ့လိုက်တဲ့ ပါမောက္ခချုပ်များ ကော်မတီဆိုတာကို မထောက်ခံနိုင်ပါဘူး”
ဒေါက်တာဇော်မျိုးလှိုင် (ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရူပဗေဒဌာန၊ ကထိက)

၂၀၁၃ က စခဲ့တဲ့ ဓာတ်ပြားကြီး ပြန်အဖွင့်ခံရတယ်လို့ ခံစားရပါတယ်။ ၂၀၁၃ ဒီဇင်ဘာတုန်းက အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဆွေးနွေးခဲ့ကြတယ်။ ဥပဒေပါ တက္ကသိုလ်များ ဗဟိုကောင်စီ ဆိုတာကြီး ပါလာတယ်။ ဒီဗဟိုကောင်စီဆိုတာဟာ တော်လှန်ရေး ကောင်စီခေတ်က ဆိုရှယ်လစ်ပညာရေးကို အကောင်အထည်ဖော်ဖို့ ရေးဆွဲခဲ့တဲ့ ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေး ဥပဒေမှာပါဝင်ခဲ့တဲ့ တက္ကသိုလ်များ ဗဟိုကောင်စီနဲ့ အသွင်တူနေတယ်။ တက္ကသိုလ် လွတ်လပ်ရေး၊ လွတ်လပ်စွာ စီမံခန့်ခွဲရေးကို ထိပါးစေနိုင်တဲ့ ဖွဲ့စည်းမှုမျိုး ဖြစ်နေခဲ့လို့ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း (UTA) များကနေ ကန့်ကွက်ခဲ့ကြတယ်။ ဒီကန့်ကွက်မှုတွေကြောင့် UTA ကိုယ်စားလှယ်တွေကို စိန်ရတုကို ဆွေးနွေးဖို့ ဖိတ်ကြားခဲ့တယ်။ ဆွေးနွေးရာမှာ ဆွေးနွေးပွဲနဲ့မတူဘဲ တစ်ဖက်သတ်ပုံစံနဲ့ ရေးပြီးသား အချက်အလက်တွေကို ဖတ်ကြားရှင်းလင်းတာမျိုးနဲ့ အချိန်ကုန်နေလို့ ထပ်မံ ကန့်ကွက်ကြတယ်။ နောက် သီးသန့်ပုံစံဆွေးနွေးပွဲ ထပ်လုပ်ပေးခဲ့တယ်။ ဆရာတို့ဘက်က ဆွေးနွေးတာက ဒီဗဟိုကောင်စီဆိုတာကို လက်မခံနိုင်ကြောင်း အထောက်အထားများနဲ့တကွ အကြောင်းသင့် အကျိုးသင့် ဆွေးနွေးကြတယ်။ အမျိုးသား ပညာရေးဥပဒေကို အများသဘောတူ ကြည်ဖြူတဲ့အဆင့်အထိ ညှိနှိုင်းဆွေးနွေးပြီးမှ အတည်ပြုဖို့၊ အဲဒီနောက်မှ ဆက်စပ် ဥပဒေတွေဖြစ်တဲ့ အဆင့်မြင့်ပညာရေးဥပဒေနဲ့ တက္ကသိုလ် ပဋိညာဉ်တွေကို ဆက်လက် ရေးဆွဲဖို့ အဆိုပြုတယ်။ ဆက်စပ်ဥပဒေတွေ တက္ကသိုလ်တိုင်းမှာ အတည်ဖြစ်ပြုပြီးမှ Bottom Up ပုံစံနဲ့ တက္ကသိုလ်အလိုက် ကိုယ်စားလှယ်တွေ ရွေးချယ်ရမယ်။ အဲဒီကိုယ်စားလှယ်တွေနဲ့ကျမှ တက္ကသိုလ်များ ဗဟိုကောင်စီ မဟုတ်တဲ့ အဆင့်မြင့်ပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဖွဲ့ဖို့ အဆိုပြုတယ်။ လက်ခံသယောင်ပြုခဲ့ပြီး ဒီနာမည်ကိုတော့ အသုံးပြုတယ်။ ဖွဲ့စည်းကြမယ့် Procedure ကိုကျတော့ ခေါက်ထားခဲ့တယ်။ ဒီလိုနဲ့ အမျိုးသားပညာရေး ဥပဒေကို ပညာရှင်တွေ၊ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ အတန်တန် ကန့်ကွက်တဲ့ကြားက ၂၀၁၅ မှာ အတင်း အတည်ပြုခဲ့တယ်။ ဒါကြောင့် ကျောင်းသားသမဂ္ဂတွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ၊ သပိတ်မှောက်မှုတွေနဲ့ ကြုံရတယ်။ နောက်ဆုံး အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေနဲ့ ပြန်ပြင်ဆင်ခဲ့ရတယ်။ 

ခု မတ်လ ၁၂ရက်က အမျိုးသားပညာရေး ဥပဒေပုဒ်မ (၂၇) ဆိုတာနဲ့အညီဆိုပြီး ပါမောက္ခချုပ်များ ကော်မတီကို အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီနဲ့ အမည်မတူဘဲ ဖွဲ့လိုက်ပြန်တယ်။ အမျိုးသားပညာရေး ဥပဒေပုဒ်မ (၂၇) မှာလည်း ပါမောက္ခချုပ်များ ကော်မတီဆိုတဲ့ နာမည်မပါဘူး။ အခုဖွဲ့လိုက်တဲ့ ပါမောက္ခချုပ်များ ကော်မတီမှာ အလုပ်အမှုဆောင် အဖွဲ့ဝင် ၄၄ ဦးပါဝင်ပြီး၊ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနဲ့ ဖွဲ့လိုက်တယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ ကျွန်တော့်အနေနဲ့ကတော့ Procedure Out နေတယ်လို့ မြင်တယ်။ ၂၀၁၅ ကတည်းက အကြမ်းရေးပြီးသား အဆင့်မြင့်ပညာရေး ဥပဒေကိုကျတော့ ၃နှစ်ကျော် ကြာလာသည်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ မလုပ်သေးဘဲ ချောင်ထိုးထားတယ်။ ဒီဥပဒေပြီးမှ တက္ကသိုလ် ပဋိညာဉ်တွေ အသေအချာ ဆွေးနွေးညှိနှိုင်းပြီး ပြဋ္ဌာန်းဖို့လိုတယ်။ ဒီ တက္ကသိုလ် ပဋိညာဉ်တွေကနေ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်တဲ့ Academic Autonomy, Administrative Autonomy, Financial Autonomy, Staffing Autonomy စတာတွေကို အရင်ဖော်ဆောင်ရမယ်။ အဲဒီကနေမှ ရွေးချယ်တင်မြှောက်ခံ တက္ကသိုလ်ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေ ပေါ်လာမယ်။ အဲဒီ ပါမောက္ခချုပ်တွေနဲ့မှ အများကြည်ဖြူတဲ့ ရွေးချယ်ခံ Elected Peson တွေနဲ့ ခု ကော်မတီကို ဖွဲ့သင့်တယ်လို့ မြင်တယ်။ လက်ရှိအပေါ်ကခန့်ထားတဲ့ Selected တွေနဲ့ဖွဲ့လိုက်တဲ့ ပါမောက္ခချုပ်များ ကော်မတီဆိုတာကို မထောက်ခံနိုင်ပါဘူး။ ခုလို ကန့်ကွက်တာဟာ လက်ရှိပါချုပ်တွေကို ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်နေတာ မဟုတ်ပါဘူး။ မူအရ မလုပ်သင့်သေးဘူးလို့ မြင်လို့ပါ။ ဆရာတို့အမြင်ကတော့ အရင်ဆုံး လုပ်သင့်တာတွေ မလုပ်ကြဘဲ ဥပဒေပါအချက်ကို အကိုးအကား အကာအကွယ်ယူပြီး ဖွဲ့စည်းတာမျိုးက တက္ကသိုလ် အသိုင်းအဝိုင်းက ဆရာတွေ၊ ကျောင်းသားတွေရဲ့ ဆန့်ကျင်မှုတွေနဲ့ ကြုံရလိမ့်မယ်လို့ မြင်ပါတယ်။

မြဇာခြည်သင်း