News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ပညာအတွက် အသက်ရင်းကြသူများ)
15-Sep-2016 tagged as ဆရာ

မြန်မာနိုင်ငံတွင် ပညာပေးမည့် ဆရာများလည်း အသက်နှင့် ရင်းရသည်။ ပညာယူမည့် ကျောင်းသားများသည်လည်း အသက်နှင့် ရင်းရသည်။ ပညာပေးသူ၊ ပညာယူသူများ၏ လုံခြုံရေးက ယခုနှစ်ပိုင်းတွင် လူထုကြား ဝမ်းနည်းစရာ အဖြစ်အပျက်များအဖြစ် ဆက်တိုက်ဖြစ်ပွားလာသည်။ ကျောင်းသွား၊ ကျောင်းပြန် စက်လှေမှောက်၍ သေဆုံးခြင်း၊ တောင်ကျချောင်းရေနှင့် မျောပါသေဆုံးခြင်း စသည့် ဝမ်းနည်းဖွယ်ရာ သတင်းများ ခပ်စိပ်စိပ်ကြားရ၊ မြင်ရသည်။ မူလတန်းကျောင်းအဆင့် ရှိသည့် ရွာတွင် အလယ်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းအဆင့်ရှိသည့် ရွာတွင် အထက်တန်းကျောင်းခွဲ စသည်ဖြင့် တိုးမြှင့်ဖွင့်လှစ်ပေးပါက မြစ်ကူး၊ ချောင်းခြား ပညာသင်ကြား သင်ယူမှု ပြုရသည့် အခြေအနေများ လျော့နည်းသွားစေနိုင်မည်ဟု ယူဆရသည်။ ယင်းသို့ ဖြစ်ပွားနေမှုများအပေါ် ဆရာ၊ ဆရာမများ၏ သဘောထားများကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“ချောင်းကို ဖြတ်နေချိန်မှာ ရုတ်တရက် တောင်ကျချောင်းရေ ကျလာပြီး ဆရာမလေး တောင်ကျချောင်းရေနဲ့ မျောပါသွားတယ်”
ဦးစိုးမင်း (ဖျောက်ဆိပ်ကုန်းကျေးရွာ၊ မူလတန်းကျောင်းအုပ်၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီး)

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက တောင်တွင်းကြီး မြို့နယ်ထဲမှာ ရင်နာစရာ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခြေခံပညာမူလတန်း ပိတ်စွယ်ခုံကျောင်းက နေ့စားမူလတန်းပြ ဆရာမလေး တစ်ယောက် ကျောင်းကိုအသွား ဖြတ်နေကျချောင်းကို ဖြတ်နေချိန်မှာ ရုတ်တရက် တောင်ကျချောင်းရေ ကျလာပြီး ဆရာမလေး တောင်ကျချောင်းရေနဲ့ မျောပါသွားတယ်။ လိုက်ရှာကြတယ်။ ဒါပေမဲ့ ပြန်တွေ့ချိန်မှာ ဆရာမလေးဟာ သေဆုံးသွားခဲ့ပါပြီ။ ကြိုမမြင်နိုင်တဲ့ တောင်ကျချောင်းရေနဲ့အတူ ကြိုမသိနိုင်တဲ့ သေဆုံးခြင်း ပေါင်းဆုံသွားပါတယ်။ 

အဲဒီဆရာမလေးဟာ တာဝန်ချိန်ကို လေးစားလိုက်နာပါတယ်လို့ အတူနေ၊ အတူတာဝန်ထမ်းနေတဲ့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီဆရာမလေးရဲ့ နောက်ဆုံးရလဒ်က နေ့စားဖြစ်နေတာရယ်၊ လုပ်သက်လည်း မရှိသေးတာရယ် စတဲ့ အကြောင်းကြောင်းတွေကြောင့် အစိုးရဆီက ဘာထောက်ပံ့ကြေးမှ ရမှာ မဟုတ်ပါဘူး။ မြို့နယ်တွင်း ပညာရေး ဝန်ထမ်းများရဲ့ ကရုဏာကြေး ထောက်ပံ့ပေးတာ လောက်ပါပဲ။ 

မြန်မာနိုင်ငံအတွင်းမှာ နေရာဒေသအနှံ့နီးပါး စာသင်ကျောင်းတွေ ရှိနေပါတယ်။ ဝန်ထမ်းတိုင်း မရောက်ဖူး၊ မနေဖူးတဲ့ ဒေသတွေမှာ ဆရာ၊ ဆရာမတွေ ရောက်နေပါတယ်။ ဝန်ထမ်းမှန်ရင် တာဝန်ကျရာဒေသကို သွားရောက်တာဝန်ထမ်းဆောင်ရမယ် ဆိုပေမယ့် အသက်အန္တရာယ် ကျရောက်စေနိုင်တဲ့ ခရီးလမ်းဒေသကြမ်းတွေကို ဘောလ်ပင်နဲ့ မြေဖြူကိုင်ပြီး သွားရောက်တာ ဝန်ထမ်းဆောင်နေတာကိုရော သက်စွန့်ဆံဖျားကြေး မပေးသင့်ဘူးလား။ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းအရ သတ်မှတ်ချက်တွေ ရှိနေပေမယ့် ဝေးလံသီခေါင်တဲ့ ဒေသတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေ၊ အသက်အန္တရာယ် ရှိနိုင်တဲ့ ဒေသတွေ၊ ခရီးလမ်းတွေမှာ သွားရောက်တာဝန်ထမ်းဆောင်နေကြရတဲ့ ဆရာ၊ ဆရာမတွေကိုတော့ အထူးထောက်ပံ့ကြေး ပေးသင့်ပါတယ်။ မြို့နယ်တိုင်းမှာ မြို့နယ်ပညာရေးမှူး (TEO) နဲ့ နယ်မြေတာဝန်ခံ လက်ထောက်မြို့နယ်ပညာရေးမှူး (ATEO) တို့ရဲ့ အတည်ပြုချက်အရ လုံခြုံတဲ့ ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ပေးသင့်ပါတယ်။ 

ကျောင်းဖွင့်ချိန်ဟာ မိုးရာသီမှာဖြစ်တဲ့ အတွက်ကြောင့် မြစ်ကူး၊ ချောင်းခြား ကျောင်းသွား ကျောင်းတက်နေရတဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ မတော်တဆ အသက်အန္တရာယ် ကျရောက်တဲ့အထိ ကြုံတွေ့ရင်ဆိုင်နေရာတာတွေကို တွေ့မြင်ကြားသိနေရတာ စိတ်မကောင်းစရာပါပဲ။ ဆရာတွေကလည်း အသက်နဲ့ရင်းပြီး ပညာသင်ကြားပေးရသလို၊ ကျောင်းသား၊ ကျောင်းသူတွေကလည်း အသက်နဲ့ရင်းပြီး ပညာကို သင်ယူနေကြရပါတယ်။ အဲဒီလို အန္တရာယ်တွေ လျော့နည်းလာအောင်၊ မဖြစ်အောင် ပညာရေး ဝန်ကြီးဌာန အနေနဲ့ ကျောင်းသား၊ ကျောင်းသူ ဘယ်လောက်ရှိမှ ကျောင်းဖွင့်လှစ်ခွင့်ပေးမယ်ဆိုတဲ့ မူဝါဒကို ခြွင်းချက်ထားပြီး ကျောင်းသား၊ ကျောင်းသူကလေးတွေ မြစ်ကူးချောင်းခြား ကျောင်းတက်၊ ကျောင်းဆင်းမပြုရစေဖို့အတွက် ပညာရေးဌာန၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ၊ ဒေသခံ မိဘပြည်သူတွေ ပူးပေါင်းပြီး ကျောင်းခွဲတွေ အလျဉ်းသင့်သလို စီမံဆောင်ရွက်ပေးသင့်တယ်လို့ ပြောကြားလိုသလို ဆရာတွေရဲ့ လူမှုဘဝ လုံခြုံရေးကိုလည်း အလေးထား စဉ်းစားပေးနိုင်ဖို့ အခက်အခဲတွေကို ရင်ဖွင့်အကြံပြုပါတယ်။ 

မြန်မာ့ပညာရေး ပြောင်းလဲရာမှာ နယ်ပယ်စုံက ပြောင်းလဲမှ လက်တွေ့ကျမှာပါ။ သင်ကြားနည်းတွေ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကျောင်းဥပဓိရုပ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ စတာတွေကို ခြွင်းချက်မရှိ ပြောင်းလဲပေးရမှာ ဖြစ်သလို ဌာနတွင်းက ဆုံးဖြတ်ချက်ချနိုင်တဲ့ အရာရှိ လူကြီးတွေကလည်း မိမိကုလားထိုင်မြဲရေး သာမကြည့်ဘဲ နိုင်ငံရဲ့ အနာဂတ် သားကောင်းရတနာတွေ ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ရှေ့ရေးကိုကြည့်ပြီး ဆုံးဖြတ်ချက်တွေ သမာသမတ်ကျဖို့၊ မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာတွေ မဖြစ်အောင်နဲ့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ညွှန်ကြားမှုတွေ ရှိလာရင်လည်း ရဲရဲဝံ့ဝံ့ အမှန်ကို တင်ပြပေးနိုင်ဖို့ တိုက်တွန်းအပ်ပါတယ်။                                                                          

“ရေလမ်းခရီးနဲ့ သွားရတဲ့ ရွာတွေမှာ အလယ်တန်း အဆင့်လောက် စာသင်ကျောင်းတွေ ရွာတိုင်း ရှိသင့်ပါတယ်”
ဒေါ်အေးမြနန္ဒာလင်း (မူလတန်းပြ၊ မော်ရွာကျေးရွာ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်)

ရခိုင်ပြည်နယ်က ရေလမ်းခရီး သွားလာရတဲ့ နေရာတွေများတော့ ကျောင်းတက်မယ် ဆိုရင်လည်း လှေစီးပြီး သွားလာနေကြရတာ များပါတယ်။ ကျွန်မ တာဝန်ကျနေတဲ့ရွာက မြောက်ဦးမြို့ကနေ ဆိုင်ကယ်နဲ့ တစ်နာရီလောက် သွားပြီးတော့မှ လေးမြို့မြစ်ထဲကို လေးဆယ့်ငါးမိနစ်လောက် စက်လှေစီးရပါတယ်။ နေ့တိုင်း အသွားအလာ မလုပ်နိုင်တော့ ရွာမှာပဲ နေနေရတာ များပါတယ်။ 

ရေလမ်းခရီးကို သွားလာရတာ ကျွန်မအနေနဲ့တော့ ကြောက်တာပေါ့။ ဒါပေမဲ့ စက်လှေစီးရတာ၊ ရေလမ်းခရီး သွားရတာဟာ အဲဒီဒေသ (မော်ရွာ) သူ တွေကတော့ မွေးကတည်းက အကျင့်ဖြစ်နေတော့ မကြောက်ကြတော့ပါဘူး။ ကလေးတွေကအစ တစ်ရွာနဲ့ တစ်ရွာကို လှေနဲ့ပဲ သွားလာနေရတာ များပါတယ်။ ဒီဘက် (မော်ရွာကျေးရွာ) တွေမှာတော့ စက်လှေမှောက်တာ မကြားဖူးပါဘူး။ ဒါပေမဲ့ တခြားနေရာတွေမှာ ကျောင်းသွားတဲ့ စက်လှေတွေ မှောက်တယ်ဆို ကြားရရင် ကလေးတွေအတွက် အရမ်းစိတ်မကောင်း ဖြစ်မိတယ်။ 

ကျွန်မအနေနဲ့ မှတ်မှတ်ရရ ဆိုရင်တော့ ဒီနှစ် ရေကြီးတဲ့ အချိန်တုန်းက လေးမြို့မြစ်မှာ ရေတွေကြီးပြီးတော့ စက်လှေတွေ သွားလို့မရ၊ ဖုန်းအဆက်အသွယ်လည်းမရ ဖြစ်ဖူးပါတယ်။ ရေတွေကြီးပြီး ရွာကနေ သွားလာလို့ မရတဲ့ အချိန်တုန်းက အိမ်နဲ့ သီတင်းတစ်ပတ်လောက် အဆက်အသွယ် ပြတ်သွားတယ်။ တစ်အိမ်လုံး စိတ်ပူနေကြတယ်။ ဖြစ်နိုင်ရင်တော့ ရခိုင်ပြည်နယ်ထဲမှာ ဘွဲ့ရပြီး အလုပ်လက်မဲ့တွေလည်း များတယ်လေ။ ရွာတိုင်းရွာတိုင်းမှာ အထူးသဖြင့် အခုလို ရေလမ်းခရီးနဲ့ သွားရတဲ့ ရွာတွေမှာ အလယ်တန်းအဆင့်လောက် စာသင်ကျောင်းတွေ ရွာတိုင်းရှိသင့်ပါတယ်။           

“အခုက အသက်နဲ့ရင်းပြီး ပညာကို သင်ကြား၊ သင်ယူနေကြရပါတယ်”
ဒေါ်အေးမြတ်ခင် (အလယ်တန်းပြ၊ ပုဇွန်ဖေကျေးရွာ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်)

ကျွန်မက ပုဇွန်ဖေလို့ခေါ်တဲ့ ဒီရွာမှာ တာဝန်ထမ်းဆောင်နေတာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။ နေ့တိုင်း ကုန်းလမ်းရော ရေလမ်းပါ တစ်နာရီကျော်လောက် သွားရပါတယ်။ လှေစီးရမှာကို အစတုန်းကတော့ ကြောက်ပါတယ်။ နေ့တိုင်း အသွားအပြန် သွားနေရတာ ကြာလာပြီ ဆိုတော့လည်း ကြောက်ရမယ်မှန်းတောင် မသိသလိုပါပဲ။ ကျွန်မတို့ရွာက အလယ်တန်းကျောင်းဆိုတော့ အနီးအနား ရွာအများစုက စက်လှေတွေနဲ့ပဲ ကျောင်းလာတက်ကြတာပါ။ 

အစိုးရအနေနဲ့ မြို့နဲ့ဝေးပြီး သွားလာရေးခက်ခဲတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကို ဂရုတစိုက်နဲ့ ရွာတိုင်းမှာ အလယ်တန်းကျောင်း အဆင့်လောက် တိုးချဲ့ပေးသင့်တယ်လို့ မြင်ပါတယ်။ ဥပမာ- ဆရာမတွေအတွက် နေဖို့အဆင်ပြေအောင် စီစဉ်ပေးရင် ကောင်းတယ်လေ။ အခုက ရွာမှာ နေထိုင်ဖို့ အတွက်လည်း လုံးဝအဆင်မပြေပါဘူး။ ရသေ့တောင်မှာ စက်လှေမှောက်တယ် ဆိုတော့ လှေစီးရမှာကို ကြောက်လို့ အသက်ကယ်အင်္ကျီတွေ ဝယ်ထားရတယ်။ တချို့မိဘတွေဆိုရင် ကလေးတွေကို ကျောင်းကိုတောင် မလွှတ်တော့ဘူး။ ကျောင်းသားတွေ လှေမှောက်တယ်ဆိုတော့ စိတ်ပူကြတာပေါ့လေ။ သက်ဆိုင်ရာက ဆရာမတွေ အတွက်ကို စဉ်းစားပြီး နေထိုင်ဖို့ အဆင်ပြေအောင် လုပ်ပေးစေချင်တယ်။ ကလေးတွေအတွက် သွားလာတာမှာလည်း စိတ်ချရအောင် စီစဉ်ပေးစေချင်ပါတယ်။ အခုက အသက်နဲ့ရင်းပြီး ပညာကို သင်ကြား၊ သင်ယူနေကြရပါတယ်။

စုစည်းရရှိသည့် စာရင်းအချို့အရ သေဆုံးခဲ့သည့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူစာရင်း 
ဇွန်လ ၁ ရက် - ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် စက်လှေနစ်မြုပ်မှု ဖြစ်ပွားရာ ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦး သေဆုံးခဲ့သည်။
သြဂုတ်လဆန်းပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်း ရေကြီး၊ ရေလျှံမှုကြောင့် လစာထုတ်သွားသည့် ဆရာ၊ ဆရာမများ စက်လှေတိမ်းမှောက်ရာမှ ဆရာ၊ ဆရာမ သုံးဦး သေဆုံးခဲ့သည်။
သြဂုတ်လ ၁၉ ရက် - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသကုန်းတမ်း ကျေးရွာမှ ရန်အောင်မြင်ကျေးရွာ အထက်တန်းကျောင်းသို့ ကျောင်းသွားတက်သည့် ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါသည့် ကူးတို့စက်လှေ တိမ်းမှောက်မှုကြောင့် ကျောင်းသူလေးဦး သေဆုံးခဲ့သည်။
သြဂုတ်လကုန်ပိုင်း - မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အတွင်းရှိ ပိတ်စွယ်ခုံ ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမတစ်ဦး ကျောင်းသွားစဉ် တောင်ချချောင်းအဖြတ် တောင်ကျချောင်းရေးနှင့်အတူ မျောပါသေဆုံးသွားခဲ့သည်။
သြဂုတ်လ ၁၂ ရက်(၂၀၁၅) - ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်း ကွင်းသုံးဆင့် အထက်တန်းကျောင်းမှ ကျောင်းသူသုံးဦး ကျောင်းဆင်းချိန် အိမ်အပြန် စက်လှေတိမ်းမှောက်၍ သေဆုံးခဲ့သည်။

(Source: ပြည်တွင်းသတင်းဌာနများ)