POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ ( ပထမတန်းသင်ရိုးသစ်သင်တန်း )
08-Mar-2018

KG +12 (ဆယ့်နှစ်တန်း) ပညာရေးစနစ်သစ်အရ ဘာသာရပ်ဆိုင်ရာ သင်ရိုးသစ်များ တစ်နှစ်တစ်တန်းနှုန်းဖြင့် ပြဋ္ဌာန်းနေပြီး အခြေခံဆရာ၊ ဆရာမများကို ယင်းသင်ရိုးသစ်သင်တန်းများကို ဗဟို၊ တိုင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဟူ၍ အဆင့်ဆင့်ခွဲခြား၍နှစ်စဉ်ပို့ချလျက်ရှိရာ G1 (ပထမတန်း)သင်တန်းများကိုပို့ချပြီးဖြစ်သည်။ လာမည့်ဧပြီနှင့် မေလတို့တွင် G2 (ဒုတိယတန်း) သင်ရိုးသစ်များကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပို့ချမည်ဖြစ်သည်။ ထို့ကြောင့် ယခင်နှစ်များက ဆရာ၊ ဆရာမများအတွက် ပထမတန်း (G1)သင် တန်းများပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏သင်တန်း အတွေ့အကြုံများနှင့် အခက်အခဲများကို The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

“သင်တန်းတက်တဲ့ ဆရာ၊ ဆရာမတွေကိုတောင် ဆရာကိုင်စာအုပ်တွေ ပြဋ္ဌာန်းစာအုပ်တွေစုံအောင် မပေးနိုင်ဘူး”
ဦးမြတ်သီဟထွန်း (မူလတန်းပြ၊ အမက၊ ရွာသစ်စု (လေးအိမ်စု)၊ မအူပင်မြို့နယ်)

ကျွန်တော် KG (သူငယ်တန်း) သင်ရိုးသစ်အတွက် သင်တန်းကို၂၀၁၆ ခုနှစ်က မြို့နယ်အဆင့် တက်ရတယ်။ ဒါပေမဲ့ ပြောရရင်တော့ သူတို့ (နည်းပြ ဆရာ၊ ဆရာမ) ပို့ချတဲ့ သင်နည်းကြားနည်းတွေကို ပြည့်ပြည့်ဝဝမရဘူးလို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီသင်တန်းတွေက ဗဟိုအဆင့်ကနေ တိုင်း၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်ပြီးမှ မြို့နယ်အဆင့်ဆိုပြီး အဆင့်ဆင့်ကျော်ပြီးမှ သင်ကြရတာ။ မြို့နယ်အဆင့်မှာ ပြန်သင်ဖို့အတွက်ကို နည်းပြတွေက သင်တန်းအရင် တက်ရတယ်။ နည်းပြတွေက တိုင်းအဆင့်သင်တန်း တက်ရတယ်။ ခရိုင်အလိုက်၊ မြို့နယ်အလိုက် ကိုယ်စားပြုဆရာတွေက သင်တန်း သွားတက်ရတယ်။ အဲဒီနည်းပြတွေကမှ ကျွန်တော်တို့ မြို့နယ်အဆင့်ကို ပြန်ပို့ချတယ်။ သင်တန်းသွားတဲ့ နည်းပြဆရာ၊ ဆရာမတွေအနေနဲ့ကလည်း ဒီသင်တန်းတွေကို တာဝန်တစ်ခုအနေနဲ့ သွားကြတယ်။ ဘာကြောင့်ဆို ခရီးစရိတ်ကစ နေရေး စားရေးကစ အထောက်အပံ့ ဘာညာ ပြည့်ပြည့်စုံစုံ မရှိဘူး။ သူတို့ (သင်တန်းနည်းပြဆရာတွေ) အနေနဲ့ကလည်း ငွေကြေးအကုန်ခံပြီး တာဝန်တစ်ခုအနေနဲ့ သွားကြတာ ဖြစ်တဲ့အတွက် ဒီသင်တန်းတက်တဲ့နေရာမှာ အခက်အခဲတွေ အဆင်မပြေမှုတွေ များတယ်။ ဒီတော့ သင်တန်းတက်ရတာ စိတ်ပျော်ရွှင်မှု မရှိဘူး။ စိတ်ဝင်စားမှု အားနည်းတယ်။ သူတို့စာသင်ရတဲ့ အနေအထားက စိတ်ညစ်စရာတွေ ရှိနေတဲ့အတွက် သင်ယူမှုပတ်ဝန်းကျင် မကောင်းဘူး။ ဒါကြောင့် အာရုံစိုက်ပြီး မသင်ယူနိုင်ဘူး။ ဒါကြောင့် ပြန်လာတဲ့အခါ သင်ကြားမှုစနစ်တွေကို ပြည့်ပြည့်ဝဝမရခဲ့ဘူး။ သူတို့က မြို့နယ်အဆင့် ပြန်ပို့ချတဲ့အခါမှာလည်း ပြည့်ပြည့်ဝဝ မသင်ကြားနိုင်ဘူး။ နောက်လာတက်တဲ့ ဆရာမတွေကလည်း အခက်အခဲတွေရှိတယ်။ နောက်ပြီး သင်တန်းတက်တဲ့ ဆရာ၊ ဆရာမတွေကိုတောင် ဆရာကိုင်စာအုပ်တွေ ပြဋ္ဌာန်းစာအုပ်တွေ စုံအောင်မပေးနိုင်ဘူး။ အရမ်းကို လိုချင်တဲ့သူက ကိုယ့်ပိုက်ဆံနဲ့ကို မိတ္တူဆွဲရတယ်။ အဲလို အခြေအနေတွေ ရှိတယ်။ သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းထားတဲ့ ပုံနှိပ်စာအုပ် မမြင်ရဘဲနဲ့ ကျွန်တော်တို့အနေနဲ့ သင်ရတာ အခက်အခဲဖြစ်တယ်။ ဘာကို ဘယ်လိုဂိုက်လိုင်းပေးပြီး သင်ရမယ်ဆိုတာ မသိဘူး။ လာမယ့်နှစ်မှာ Grade-2 (ဒုတိယတန်း)သင်ရိုးစပြီ။ Grade-2 ကို အဲလိုပုံစံနဲ့ ဆက်လုပ်မယ်ဆိုရင်တော့ ကျိန်းသေတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ KG+12 ပညာရေးစနစ် ဖော်ဆောင်တဲ့အပေါ်မှာ စိတ်ပျက်မှုက တော်တော်လေး ပိုကြီးထွားလာမယ်။ ဒီသင်တန်းတွေနဲ့ပတ်သက်လို့ သင်ရိုးကြီး တစ်ခုလုံးက KG+12 စနစ်ကြီးတစ်ခုလုံး ဖော်ဆောင်နေတဲ့ မူဝါဒ ရေးဆွဲနေတဲ့သူတွေကို အကြံပြုချင်တာဗျ။ သူတို့အနေနဲ့ ဒီစနစ်ကို အကောင်အထည်ဖော်မယ်ဆိုရင် ညွှန်ကြားချက်တွေ မူဝါဒတွေ တည်ငြိမ်ဖို့လိုတယ်။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုးဖြစ်လို့ မရဘူး။ နှစ်ပေါင်း ၂၀ ကျော်လောက်ကို ပညာရေးလောကမှာ ဟိုစနစ်ပြောင်းလိုက်၊ ဒီစနစ်ပြောင်းလိုက်နဲ့ အမျိုးမျိုး ပြောင်းခဲ့ကြတယ်။ နောက်ပိုင်း ဘယ်ဟာမှမအောင်မြင်ဘဲ အဖျားရှူးသွားတယ်။ ဆိုတော့ ဆရာ၊ ဆရာမတွေ စိတ်ထဲမှာလည်း ဒီ KG+12 ကလည်း အရင်လို ဖြစ်မှာပဲလို့ တွေးမှာပဲ။ ကျွန်တော်တို့လည်း ဒီလိုပဲ တွေးတယ်။ လက်ခံနိုင်တယ်လို့ ပြောလို့ရမယ်။ အဆင်သင့် မဖြစ်တဲ့ကျောင်းတွေကို ဘယ်လိုပုံစံဖြည့်ဆည်းမလဲ ဆိုတဲ့စာရင်း ရှိထားသင့်တယ်။ နိုင်ငံတော်ဘတ်ဂျက်အရ မလုပ်ပေးနိုင်သေးရင်လည်း အစီအစဉ် ရှိထားရမယ်။ အဓိကတော့ သင်တန်းတက်တဲ့ဆရာတွေကို အေးအေးချမ်းချမ်း သင်ကြားနိုင်ဖို့ လုံလုံလောက်လောက် မထောက်ပံ့နိုင်တာရယ် နောက်သင်ရိုးသစ်နဲ့ပတ်သက်လို့ မတည်ငြိမ်တဲ့ညွှန်ကြားချက်တွေ အဲဒီအချက်တွေကိုသာ ဖြည့်ဆည့်ပေးနိုင်ရင် အဆင်ပြေမယ်လို့ ကျွန်တော် ယူဆပါတယ်။


“ဒါက နည်းပြသင်တန်းဖြစ်ပြီး ကလေးတွေကို သင်ပေးရမယ့် သဘောတရားတွေကို သင်ပေးတာဖြစ်လို့ ကလေးတွေကို ဒီသင်ခန်းစာကို ဘယ်လို သင်ပေးရမယ်ဆိုတာ ချပေးတာမဟုတ်ဘူး”
ဒေါ်နီလာဝင်း (မူလတန်းပြ၊ အ.မ.က(၃၅)၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်း)

ကျွန်မက KG (သူငယ်တန်း) သင်ရိုးသစ်သင်တန်းကို မြို့နယ်အဆင့်မှာ တက်ခဲ့တယ်။ မနှစ်က G1(ပထမတန်း) သင်ရိုးသစ်သင်တန်းကို တိုင်းအဆင့်မှာ သွားတက်ရတယ်။ ကျွန်မတို့ တိုင်းအဆင့်မှာ သွားတက်ရတဲ့ နည်းပြဦးရေက နည်းတယ်လို့ ကျွန်မထင်တယ်။ ဘာကြောင့်လဲဆိုတော့ မြို့နယ်အဆင့်မှာ လက်တွေ့သင်ရတဲ့ ဆရာ၊ ဆရာမတွေကို ပြန်ပို့ချရတဲ့အခါမှာ သင်တန်းသားဦးရေနဲ့ နည်းပြဦးရေက အရမ်း ကွာဟနေတယ်။ သင်တန်းသားဦးရေကများပြီး နည်းပြဦးရေက နည်းနေတယ်။ သင်တန်းပို့ချမှု ပုံစံကတော့ ကောင်းပါတယ်။ ဗဟိုအဆင့်၊ တိုင်း၊ ပြည်နယ်အဆင့်ကနေ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဆိုပြီး အဆင့်ဆင့် ပို့ချပေမယ့် ဗဟိုမှာရခဲ့သလောက် တိုင်းမှာပို့ချတယ်။ ရအောင်ယူနိုင်ရင် ရမှာပါပဲ။ ဆိုလိုတာက အဆင့်ဆင့်ကိုဖြတ်ကျော်ပြီး သင်ကြားလို့ လျော့သွားတာထက် အဆင့်အဆင့်ကို သွားတက်တဲ့သူရဲ့ ခံယူမှုပေါ်မှာ မူတည်တယ်လို့ထင်တယ်။ ဒါက နည်းပြသင်တန်းဖြစ်ပြီး ကလေးတွေကို သင်ပေးရမယ့် သဘောတရားတွေကို သင်ပေးတာဖြစ်လို့ ကလေးတွေကို ဒီသင်ခန်းစာကို ဘယ်လိုသင်ပေးရမယ်ဆိုတာ ချပေးတာ မဟုတ်ဘူး။ သင်ကြားနည်း သဘောတရားတွေကို သင်ပေးတာ။ ကျွန်မအတွက်ကတော့ မြို့ပေါ်ကနေ သင်တန်း သွားတက်ရတာဖြစ်လို့ ဘယ်လူမှုရေး အခက်အခဲမရှိဘူး။ ကျွန်မအမြင်အရ လိုအပ်တာတွေလည်း ရှိနေသေးတယ်။ လက်တွေ့သင်ကြားရတဲ့ ဆရာ၊ ဆရာမတွေကကျ သင်တန်းတက်ချိန်က နည်းတယ်။ သင်တန်းချိန်နည်းတဲ့အပေါ်မှာ ဆရာလမ်းညွှန်နဲ့ သင်ရိုးသစ် ပြဋ္ဌာန်းစာအုပ်က အချိန်မီ မရဘူး။ အဲဒီတော့ မမြင်ရတဲ့စာတွေကို အရုပ်ရေးပြီး ပြောနေရသလိုပဲဖြစ်နေတော့ ဆရာမတွေရဲ့ခေါင်းထဲ ကိုမရောက်ဘူးဖြစ်တာပေါ့။ အမှန်က သင်တန်းစကတည်းက သင်တန်းသားတွေ လေ့လာဖို့အတွက် ဆရာလမ်းညွှန်ရော ကလေးတွေအတွက် ပြဋ္ဌာန်း စာအုပ်တွေရော ကြိုရထားရမှာ။ အဲဒီစာအုပ်တွေနဲ့ ဘယ်နေရာမှာ ဘယ်လိုသင်မယ်၊ ဘယ်လို သဘောတရားနဲ့ သင်မယ်ဆိုတာ လေ့လာလို့ရတယ်။ အဲဒီတော့မှာ ဆရာ၊ ဆရာမတွေအနေနဲ့ နည်းပြတွေဆီက အကြံဉာဏ်တွေနဲ့ လက်တွေ့ သင်ကြားပုံတွေကို ဆွေးနွေးလို့ရမယ်။ ဆရာ၊ ဆရာမတွေကလည်း ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်အတိုင်း လိုချင်တဲ့ရလဒ် ရအောင် ဆွဲယူပြီး သင်နိုင်မယ်လို့ မျှော်လင့်တာပေါ့။ ခုကျတော့ ဘာမှမမြင်ဖူးသေးတဲ့ဟာကို မှန်းဆပြီးသင်ယူရတယ်။ ကလေးတွေကို လက်တွေ့လည်း ပြန်သင်ရရော ငါသင်တန်းမှာတုန်းက ဒါမသင်ခဲ့ရပါဘူး ဆိုတာမျိုးတွေ၊ မသိပါဘူး ဆိုတာမျိုးတွေဖြစ်လာတော့ သင်ကြားရေးမှာ လွယ်လွယ်ကူကူ မဖြစ်ဘူး။ အဲဒီတော့ ကျွန်မတို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ကလေးတွေဆီက လိုချင်တဲ့ရလဒ်တွေ အကုန်မရဘဲ လမ်းရိုးကြီးအတိုင်း ပြန်ရောက်နေသလို ဖြစ်နေတယ်။ စာမေးပွဲ စစ်တာကစ အလွဲတွေ တွေ့နေရတယ်။ ဘယ်ကျောင်းမှာ စာမေးပွဲစစ်နေတယ် ဆိုတာမျိုးတွေ ရှိနေတယ်။ အမှန်က သင်ရိုးသစ်မှာ စာမေးပွဲဆိုတာ မရှိဘူး။ တစ်ခန်းချင်း အကဲဖြတ် စစ်ဆေးရတာမျိုးပဲ ရှိတယ်။ မိဘနဲ့ ဆရာနဲ့ ညှိနှိုင်းမယ် ဒီလိုလုပ်ရမယ်။ ဒါပေမဲ့ တချို့ကျောင်းတွေမှာဆိုရင် ဒီသင်ရိုးသစ်ကို စာမေးပွဲကြီးတွေ စစ်နေတော့ တကယ် ရည်ရွယ်တဲ့ရလဒ်နဲ့ တက်တက်စင်အောင် လွဲနေတယ်။ မိဘတွေကလည်း ဒီသင်ရိုးကို ယုံကြည်မှုမရှိဘူး။ ကျူရှင်တွေကြိုထားတယ်။

“ဆရာမအနေနဲ့ ဒီသင်တန်းကို တကယ် စိတ်ဝင်စားပြီး ကလေးတွေကို တကယ် သင်ချင်တဲ့ဆရာမတွေကိုပဲ သင်တန်းပေးသင့်တယ်”
ဒေါ်သီတာ (မူလတန်းပြ၊ အမက (၁၀)၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း)

ကျွန်မ KG (ပထမတန်း) သင်ရိုးသင် သင်ကြားနည်းကို မြို့နယ်အဆင့် သင်တန်းစတက်ရတယ်။ အဲဒီမှာ ဆရာ၊ ဆရာမတွေက အကုန်လုံး တက်ကြွတယ်။ စိတ်ဝင်စားတယ်။ အဲတော့ လိုချင်သလောက် ရလာတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ G-1(ပထမတန်း) သင်တန်းသွားတဲ့အခါကျ နည်းပြဆရာမတွေက ဗဟိုအဆင့် သွားတက်တယ်။ တိုင်းအဆင့် တက်တယ်။ ခရိုင်အဆင့် တက်လာတယ်။ အဲဒီလို အဆင့်ဆင့် တက်ရတဲ့အခါ နည်းပြတွေက သူတို့ကိုယ်တိုင် စိတ်ဝင်စားမှု မရှိဘူး။ သင်တန်းကိုလည်း တာဝန်အရ တက်လာတယ်။ ပြန်ပို့ချတော့လည်း တာဝန်အရ ပို့ချတယ်။တစ်ခါတလေကျ စာအုပ်ကိုဖတ်ပြရုံပဲ ရှိတယ်။ စာဖတ်တာက လူတိုင်း ဆရာမတို့လည်း လုပ်တတ်တယ်။ စာဖတ်ပြရုံဆိုတော့ သင်ရတာ အားမရဘူးပေါ့။ ဘာမှလည်း ပံ့ပိုးမှုမရှိဘူး။ ဖတ်စာအုပ်ကအစ ဘာမှမရှိဘူး။ နားထောင်ရုံပဲ ရှိခဲ့တယ်။ သေသေချာချာ နားမလည်ခဲ့ဘူး။ ပညာရသင့်သလောက် မရဘူးလို့လည်း ပြောလို့ရတယ်။ ခံယူတဲ့သူပေါ်မှာလည်း မူတည်တာပေါ့။ တချို့ကျလည်း စိတ်ဝင်စားသလောက်တော့ ရလာမယ်။ စိတ်မဝင်စားရင် ပိုဆိုးတာပေါ့။ ဆရာမ လိုချင်သလောက်တော့ မရခဲ့ဘူးလို့ ပြောချင်တယ်။ သင်တန်းတွေကလည်း အဆင့်ဆင့် ပို့ချတာကြောင့်လည်း ပါမှာပေါ့။အဲလိုမပို့ချလို့လည်း မရဘူး။ တစ်နိုင်ငံလုံးကို တစ်ပြိုင်နက် ပို့ချလို့မှ မဖြစ်နိုင်တာ။ ပြောရရင် ဘာသာရပ်တစ်ခု၊ စာပိုဒ်တစ်ခုကို သင်တဲ့အခါမှာ ကလေးဖတ်တတ်ရုံပဲလား။ နားလည်အောင် သင်ရမှာလား မသိကြဘူး။ တချို့ကျလည်း အရင်နည်းဟောင်းအတိုင်း လေ့ကျင့်ခန်းတွေ လုပ်တယ်။ အဓိကအားဖြင့် သင်တန်းတက်တဲ့အချိန်မှာ ဘာလမ်းညွှန်စာအုပ်မှ မရှိတဲ့အခါ သူတို့ပြောတာ ဝေဝေဝါးဝါးနဲ့ သိပ်နားမလည်ဘူး။ ဒီတော့ စာအုပ်တွေ ရလာပြီ ကိုယ်ကိုယ်တိုင် လေ့လာတဲ့အခါမှာ ဒါက ဒီလိုပါလားဆိုတာ နားလည်ရတယ်။ ဆရာမအနေနဲ့ ဒီသင်တန်းကို တကယ် စိတ်ဝင်စားပြီး ကလေးတွေကို တကယ်သင်ချင်တဲ့ ဆရာမတွေကိုပဲ သင်တန်း ပေးသင့်တယ်။ အဓိကကတော့ ဆရာမတွေအနေနဲ့ သင်ရိုးသစ်ကို ငါရအောင် ယူမယ်ဆိုတဲ့ စိတ်ဝင်စားမှု လိုတယ်။

မြဇာခြည်သင်း