News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (သက်ငယ်မုဒိမ်းမှု ကာကွယ်ရေး)
ဆရာများ၏ ရင်ဖွင့်သံ (သက်ငယ်မုဒိမ်းမှု ကာကွယ်ရေး)

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှု တစ်နှစ်ထက်တစ်နှစ် ပိုပိုသာ တိုးလာသည်။ ယေဘုယျဆိုရလျှင် ကလေးများအပေါ် တန်ဖိုးထားမှု ကျဆင်းလာခြင်းဖြစ်သည်။ လိင်အကြမ်းဖက်ခံရမှု ကာကွယ်ရေး မြန်မာဘာသာစကားဖြင့် ထုတ်ဝေသည့်၊ အခြေခံ လူတန်းစားမိဘများ လွယ်လင့်တကူ နားလည်နိုင်မည့် လမ်းညွှန်အသိပညာပေး စာအုပ်များ၊ လက်ကမ်းစာစောင်းများက အတော်ရှားသည်။ နိုင်ငံတကာတွင်တော့ စာအုပ်၊ လက်ကမ်းစာစောင်များအပြင် အင်တာနက်တွင်လည်း ပေါပေါများများ ရှာဖတ်နိုင်သည်။ ထိုအခြေအနေတွင် ဒုတိယမိဘဟု သတ်မှတ်နိုင်မည့် စာသင်ကျောင်းများမှ ဆရာ၊ ဆရာမများအနေနှင့် ကလေးများ မိမိကိုယ်ကိုယ် ကာကွယ်နိုင်အောင် ဘာလုပ်ပေးနိုင်သနည်း။ ထိုမေးခွန်းအပေါ် ဆရာမများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“စာသင်ခန်းတွေထဲမှာလည်း အသံတွေ တိတ်မနေကြပါနဲ့”
ဒေါ်နန်းခမ်းယု (မူလတန်းပြ၊ အ မ က၊ မိုင်းဖြတ်(လယ်)၊ ဖယ်ခုံမြို့နယ်၊ ရှမ်းပြည်နယ်)

အခုနောက်ပိုင်း ကလေးငယ်တွေ မုဒိမ်းမှုကျူးလွန်ခံရတယ်၊ မုဒိမ်းကျင့်ခံရတယ်ဆိုတာ Printed သတင်းစာတွေ၊ သတင်းဝက်ဘ်ဆိုက်တွေမှာ ခပ်စိတ်စိတ်တွေ့ရ၊ ဖတ်ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ နှစ်ဆန်းကနေ နိုဝင်ဘာအထိ ၁၁ လအတွင်းမှာ သက်ငယ်မုဒိမ်းမှု ၇၀၀ ကျော်ဖြစ်ခဲ့တယ်။ အရင် ၂၀၁၆ ထက် အမှုပေါင်း ၉၀၊ ၁၀၀ လောက် တိုးလာတယ်လို့ အစိုးရထုတ်ပြန်ချက်တွေ ဖတ်ရပါတယ်။ အခြေခံပညာစာသင်ကျောင်းတွေမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကာကွယ်နိုင်ဖို့ ဆွေးနွေးပွဲတွေ၊ အသိပညာပေး ဟောပြောမှုတွေ သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ ဆရာ၊ ဆရာမများက မိမိတို့ကျောင်းသူ၊ ကျောင်းသားတွေအပေါ် ရံဖန်ရံခါ သတိပေး၊ အသိပေးတာတွေ ရှိပါတယ်။

ကလေးငယ်တွေအနေနဲ့ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မခံရအောင်၊ သက်ငယ်မုဒိမ်းမှုတွေ ကာကွယ်နိုင်အောင် စာသင်ကျောင်းတွေက ပညာပေးလှုပ်ရှားမှုတွေ တွင်တွင်ကျယ်ကျယ်ဖြစ်စေ၊ မကြာခဏဖြစ်စေ လုပ်ရင် ကလေးငယ်တွေအနေနဲ့ အသိပိုရှိပြီး ကာကွယ်နိုင်ပါလိမ့်မယ်။ ကလေးဘဝရဲ့ အချိန်တော်တော်များများဟာ ကျောင်းမှာ ကုန်ဆုံးကြပါတယ်။ နောက်တစ်ခုက ကလေးတွေဟာ ပြင်ပက ပြောပြတာထက် သူတို့လေးတွေရဲ့ ဆရာ၊ ဆရာမတွေက ပြောပြပေးတာပိုပြီး နားဝင်လွယ်ကြပါတယ်။ ဒါကြောင့် လိင်အကြမ်းဖက်မှုကို ကာကွယ်နိုင်ဖို့ အသိပညာပေးတာတွေ စာသင်ကျောင်းတွေမှာ တွင်တွင်ကျယ်ကျယ် လုပ်သင့်ပါတယ်။ ပိုပြီးလည်း ထိရောက်မှု ရှိပါလိမ့်မယ်။

မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ် တခြားသူစိမ်းတွေ ခေါ်ရင်မလိုက်ဖို့၊ လူသူဝေးတဲ့နေရာတွေ မသွားဖို့မှာတယ်။ မုန့်ကျွေးမယ်၊ ပိုက်ဆံပေးမယ်ဆိုပြီး သူစိမ်းတွေကနေ ကိုယ့်ရဲ့လိင်အင်္ဂါကို ကိုင်တွယ်မယ်ဆိုရင်၊ ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာဆိုရင် ခွင့်မပြုဖို့၊ ညစ်ညမ်းတဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ လာပြတယ်ဆိုရင် မကြည့်ဖိုနဲ့ အဲဒီလိုတွေ လုပ်လာရင် ထွက်ပြေးလာပြီး အော်ဟစ် အကူအညီတောင်းဖို့၊ မိဘတွေရှိရာကို ထွက်ပြေးလာဖို့၊ အသိပေးဖို့၊ တိုင်ဖို့ ပြောပြသင့်ပါတယ်။ ကလေးငယ်တွေအနေနဲ့ တစ်ယောက်တည်းရှိနေရင် ကျောင်းမှာဖြစ်စေ၊ အိမ်မှာပင်ဖြစ်စေ မနေသင့်ပါဘူး။ သူငယ်ချင်း အချင်းချင်း အတူတူရှိကြဖို့နဲ့ အချင်းချင်း စောင့်ရှောက်ဖို့စသဖြင့် လိင်အကြမ်းဖက်မှု ဖြစ်ပေါ်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ အသိပညာပေး ဆွေးနွေးသင့်ပါတယ်။ ကျောင်းတွေမှာ ဆရာတွေကဖြစ်စေ၊ အိမ်မှာ မိဘတွေကဖြစ်စေ သတင်းစာက အဖြစ်အပျက်မှန်တွေနဲ့ ဥပမာပေးပြီး အသိပညာပေးသင့်ပါတယ်။

ကျွန်မတို့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းဟာ ကလေးတွေအပေါ် ဂရုစိုက်မှု နည်းပါးလာပါတယ်။ ကလေးနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု နည်းသလို ကလေးအပေါ် အလေးထားမှု လေးစားမှုလည်း အလွန် နည်းပါးပါတယ်။ ကလေးတွေကို တရင်းတနှီးပြောဆို ဆွေးနွေး ခွင့်၊ မေးခွန်းမေးမြန်းခွင့်၊ ကြားနာခွင့်၊ ပြောကြားခွင့် တွေ မပေးပါဘူး။ ဒါ့ပြင် ကလေးငယ်တွေဆီကလည်း နားမထောင်ကြပါဘူး။ အဲဒါတွေအစား ကလေးငယ်တွေကို စကားဝိုင်းတွေနဲ့ဝေးရာကို ပို့လွှတ်ကြ၊ အပြစ်တင်ကြတာတွေပဲ ကလေးတွေရကြပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လျော့ကျနိုင်အောင် မိဘတွေကလည်း မိမိကလေးတွေကို လိင်ပညာနဲ့ပတ်သက်ပြီး အတိုင်းအတာတစ်ခုထိ နှီးနှောဆွေးနွေးတိုင်ပင်ခွင့်ပေးတာ၊ မေးခွန်းမေးခွင့်ပေးတာတွေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ရင် ပိုထိရောက် အောင်မြင်ပါလိမ့်မယ်။

ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု၊ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှုတွေဟာ စက်ဆုပ်စရာကောင်းပြီး ရက်စက်လွန်းတဲ့ပြစ်မှုတစ်ခုပါ။ လိင်အကြမ်းဖက်မှု ခံစားရပြီးတဲ့ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အတော်ထိခိုက်ပါတယ်။ ကလေးတွေရဲ့ အနာဂတ်နဲ့ ဆုံးရှုံးမှုဟာ ဘယ်လိုမှ ပြန်အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုကြီးပါ။ ဒါကြောင့် သက်ငယ်မုဒိမ်းမှုတွေ ကာကွယ်တားဆီးနိုင်ဖို့ စာသင်ခန်းတွေထဲမှာလည်း အသံတွေ တိတ်မနေကြပါနဲ့လို့ တိုက်တွန်းပါရစေရှင့်။

“သူတို့ကို နွေးနွေးထွေးထွေးဆက်ဆံပြီးမှ သင်ပေးတာ ပိုကောင်းတယ်”
ဒေါ်ခိုင်ငြိမ်းထွန်း (မူလတန်းပြ၊ အလက(ခွဲ)၊ ထိန်တော၊ စစ်ကိုင်းတိုင်း)

ခုတစ်လော ကျွန်မဖတ်ရသမျှ သတင်းတွေထဲ မှာ ကလေးတွေက မိဘစောင့်ရှောက်မှုအောက်မှာ ရှိနေတဲ့ကလေးအရွယ်တွေကို အကျင့်ပျက်နေတဲ့ လူကြီးတွေက သူတို့ဆန္ဒဖြေဖျောက်ဖို့ ညှဉ်းပန်းနှိပ်စက်ပြီး မုဒိမ်းကျင့်တာမျိုးတွေ ကျူးလွန်တာမျိုးတွေ အများဆုံး တွေ့ရတယ်။ ဒါကြောင့် သူများကျောင်းတွေတော့ မသိဘူး။ ဒီမှာတော့ ကျွန်မတို့က သက်ငယ်မုဒိမ်းတွေ မဖြစ်အောင် အတတ်နိုင်ဆုံး ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်အောင် သင်ပေးတယ်။ စာသင်ခန်းတွေမှာ ဒီလိုလိင်မှုဆိုင်ရာ အသိပေးမှုတွေလည်း လုပ်သင့်တယ်လို့ ထင်တယ်။ အနည်းဆုံး ကလေးတွေ ဘယ်လိုနေထိုင်ရမယ်ဆိုတာ သိသွားမယ်။ ဒီလိုအသိပညာ ပေးလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းသိမ်းရမယ်။ သူစိမ်းတွေရှေ့မှာ လက်ပွန်းတတီး မနေသင့်ဘူးဆိုတာ သိလာမယ်။ ဒါပေမဲ့ ဆရာမတွေအနေနဲ့ ဒီလိုကိစ္စတွေ သင်ပေးဖို့က ရှက်စရာကိစ္စလို့ မြင်ကြတယ်။ အစဉ်အဆက်ကိုက ဗိုင်းကောင်းကျောက်ဖိနေခဲ့ရတာဆိုတော့ ဒီလိုကိစ္စဆိုတာ လူကြားထဲမှာ မပြောရဘူးဆိုပြီး ရှေးအစဉ်အဆက်ကတည်းက ဒီလိုအသိမျိုးကို လက်ဆင့် ကမ်းလာတယ်။ တလွဲအယူအဆတွေ ယူဆနေကြတယ်လို့ ထင်တယ်။

ကလေးတွေကို ဒီလို သင်လိုက်ခြင်းအားဖြင့် ကလေးတွေက သူတို့ စောင့်ထိန်းရမယ့် စည်းကမ်းတွေ၊ စဉ်းစားတွေးခေါ်မှုတွေ မြင့်လာပြီး သက်ငယ်မုဒိမ်းတွေ လျော့ကျမယ်လို့ ထင်ပါတယ်။ ကျွန်မကတော့ စာသင်ခန်းထဲမှာဆိုရင် ယောက်ျားလေးနဲ့ မိန်းကလေး လိင်မှုဆိုင်ရာ ကိစ္စဖြစ်ရင် မိန်းကလေးဘက်က နစ်နာတယ်။ စိတ်ကစားတဲ့အရွယ်ဆိုရင် ပိုသိသာတယ်။ သူတို့လိုအရွယ်တွေကို ပိုပြီးထိခိုက်မှာ စိုးရိမ်တယ်။ ဒါကြောင့် သူတို့ကို ပိုပြီးသင်ပေးဖြစ်တယ်။ ကလေးငယ်တွေကိုလည်း သူစိမ်းတွေကို သတိထားဖို့၊ ကိုယ့်မိဘ မဟုတ်ဘဲခေါ်ရင် မလိုက်ဖို့ ယုံကြည်ရတဲ့ ကိုယ့်မိဘ အသိုင်းအဝိုင်းအပြင် ဘယ်လိုလူတွေက ယုံကြည်ရတဲ့သူဆိုတာမျိုးသိအောင် သင်ပေးဖြစ်တယ်။ ကျောင်းအုပ်ကလည်း ကျန်းမာရေးဌာနနဲ့ပေါင်းပြီး ဆွေးနွေးပွဲတွေ လုပ်ဖြစ်တယ်။ ဒါပေမဲ့ ဒီလို အကြောင်းအရာနဲ့ပတ်သက်ပြီး ပြောတာက နည်းပါတယ်။ ကျောင်းစာသင်ခန်းတွေမှာ ပြောတာက ပိုများတယ်။ ဒီလိုပြစ်မှုကို ကျွန်မ တာဝန်ကျတဲ့ ကျောင်းမှာတော့ မကြုံဖူးပါဘူး။ ကျွန်မ အထက်တန်းကျောင်းတက်တုန်းက ကန့်ဘလူမှာ ကြုံဖူးပါတယ်။ အဲချိန်တုန်းက ငါးတန်းကျောင်းသူလေးကို ကျောင်းမှာ လက်သမားလုပ်နေတဲ့သူက ကျူးလွန် တာ။ အဲချိန်မှာက ငါးတန်းစာသင်ခန်းတွေ ပြုပြင်နေ တာ။ ဘေးမှာ ကြက်ဆူပင်တွေကလည်း အများကြီးရှိ တယ်။ ကလေးမလေးက အပေါ့အပါးသွားနေတဲ့အချိန်မှာ ပန်းရန်ဆရာက သွားပြီးစော်ကားတာ။ နောက်ပြီး ကန့်ဘလူမှာ မဟုတ်ဘူး။ ကျောင်းဆရာက အထက်တန်းကျောင်းသူကို ကျူးလွန်တဲ့သတင်းတွေ ကြားလိုက်ရတယ်။ 

ဒီလိုပြစ်မှုတွေ လျော့ဖို့ ကလေးတွေက ဒါကို ဇွတ်အတင်း လုပ်ရမယ်လို့ သင်ပေးရင် မကြိုက်ဘူး။ သူတို့ကို နွေးနွေးထွေးထွေး ဆက်ဆံပြီးမှ သင်ပေးတာ ပိုကောင်းတယ်။ ခုခေတ်ကလည်း မိန်းကလေးတွေက အတိုအပြတ်တွေ တအားဝတ်တယ်။ အဲဒါမျိုးတွေက အမျိုးသားတွေကို ဆွဲဆောင်တယ်။ ဒါကြောင့် လုံလုံခြုံခြုံဝတ်ဖို့ ပြောချင်ပါတယ်။ ကျွန်မပြောချင်တာကတော့ နိုင်ငံရဲ့ အနာဂတ်ဖြစ်လာတဲ့ ကလေးလေးတွေကို ကျူးလွန်တဲ့သူတွေ နည်းသည်ထက် နည်းစေချင်တာပဲ။ ဒီလိုကိစ္စကြောင့် ကလေးတွေက ရှေ့သွားမယ့် အနာဂတ်ကို ဖုံးလိုက်သလိုဖြစ်နေတယ်။ အဲဒါကြောင့် ဒီလိုပြစ်မှုတွေ မဖြစ်အောင် စောင့်ထိန်းပေးပါလို့ပြော ချင်ပါတယ်။ ဒီလို အသိပညာပေးမှုတွေ လုပ်ဖို့လည်း အမျိုးသမီးဆရာမရော၊ အမျိုးသားဆရာတွေရော မိဘတွေအားလုံးမှာ တာဝန်ရှိပါတယ်။

“စာနဲ့ပဲလုံးပန်းနေရတော့ သိပ်မပြောဖြစ်ဘူး”
ဒေါ်နန်းခင်သီတာစိုး (မူလတန်းပြ၊ အမက၊ ကော့ခေ၊ ဘားအံ)

ကျွန်မအနေနဲ့က သက်ငယ်မုဒိမ်းကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ ပတ်ဝန်းကျင်မှာတော့ မကြုံဖူးဘူး။ ကျွန်မတို့ကျောင်းမှာ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုး သိပ်မရှိပါဘူး။ ကျွန်မတို့အနေနဲ့ကလည်း မုဒိမ်းကိစ္စတွေကို သိပ်မပြောဖြစ်ပါဘူး။ အမှန်က ကလေးတွေကို လိင်မှုဆိုင်ရာ အသိပညာပေးတာမျိုးတွေက စာသင်ကျောင်းတွေမှာလည်း အသိပညာပေးမှုတွေ လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ ကျောင်းစာ နဲ့ပတ်သက်ပြီးပဲ အဓိကထား သင်ပေးတယ်။ သက်ငယ် မုဒိမ်းကိစ္စနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုးလုပ် လေ့မရှိပေမယ့် ကျောင်းသား၊ ကျောင်းသူတွေ အပြင်ထွက်တဲ့အခါ သတိထားဖို့၊ အဖော်နဲ့သွားဖို့ ပြောတာမျိုးတွေရှိပါတယ်။ စာသင်ခန်းထဲမှာ ဘုရားရှိခိုးပြီးချိန်မှာ ကျောင်းပြန်ရင် အတူတူပြန်ဖို့ ပြောတာမျိုးတွေရှိတယ်။ နိုင်ငံတော် အလေးပြုတဲ့အခါမျိုးတွေမှာ၊ ကျောင်းစုဝေးတဲ့ချိန်မျိုးတွေမှာလည်း ကျောင်းအုပ်က အသိပညာပေးတဲ့ သဘောမျိုး နည်းနည်းပါးပါး ပြောတာမျိုး ရှိတယ်။ ကလေးတွေကို သက်ငယ်မုဒိမ်းကိစ္စတွေကို သိသလောက် နည်းနည်းပြောပြတယ်။

တချို့ကလေးတွေ ကျောင်းလာရတာ ဝေးတယ်။ ကော့ခေက မဟုတ်ဘဲ တခြားရွာက ကျောင်းလာတက်တဲ့ ကလေးတွေလည်း ရှိတယ်။ လမ်းမှာလည်း လူပြတ်တဲ့နေရာတွေ ရှိတယ်။ အဲလိုပြန်ရင် ကလေးတွေ အတူတူ ပြန်ဖို့ ပြောတာမျိုး ရှိတယ်။ သူတို့အဖေ၊ အမေတွေ လာခေါ်တယ်။ တချို့ကလေးတွေကျ အဖေ၊ အမေမရှိဘူး။ သူတို့ကိုကျ သူငယ်ချင်းတွေ သုံးယောက်၊ လေးယောက် အများဆုံး ၅ ယောက်လောက်စုပြီး ပြန်ကြတယ်ဆို တော့ ဆရာမတွေက စိတ်ပူတာပေါ့။ အဲဒါကြောင့် လာကြိုတဲ့လူကြီးတွေနဲ့မှပြန်၊ ဒါမှမဟုတ် အတူတူပြန် ဆိုပြီး အထပ်ထပ်မှာ ရတယ်။ သက်ငယ်မုဒိမ်းအကြောင်း မပြောပေမယ့် ဟိုအရင်တုန်းက ကလေးတွေဖမ်းတဲ့ ကိစ္စတွေကို ပြန်ပြောပြတယ်။ အင်တာနက် သုံးပါတယ်။ သက်ငယ်မုဒိမ်းကိစ္စကတော့ လိုင်းပေါ်မှာ သိပ်မတွေ့ဘူး။ ကလေးဖမ်းတာမျိုးတွေ တွေ့တယ်။ ကိုယ့်ကျောင်းမှာက ကလေးလည်းနည်းတယ်။ ဆရာမလည်း နည်းတယ်ဆိုတော့ ဒီလိုကိစ္စမျိုးတွေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုပြီး စိတ်ပူတယ်။

ကျွန်မတို့ကျောင်းမှာက အားလုံးပေါင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၂ ယောက်ပဲ ရှိတယ်။ ဆရာ၊ ဆရာမ ၄ ယောက်ရှိတယ်။ ဆရာမတွေကလည်း မုဒိမ်းကိစ္စတွေ မပြောလိုဘူး။ ဘယ်လို ပြောရမှန်းလည်း မသိဘူး။ ပြောဖို့လည်း မရဲဘူးဖြစ်နေတာ။ ဒီလို သက်ငယ်မုဒိမ်းကိစ္စတွေကိုတော့ သူတို့မိဘတွေက ပြောပြတယ်လို့တော့ သိရတယ်။ ကလေးတွေ ပြန်ပြောပြတာက သူတို့အမေတွေက ပြောတယ်တဲ့။ ကားနဲ့လာတဲ့လူတွေကို အရေးမလုပ်နဲ့ပေါ့နော်။ မုန့်ကျွေးတဲ့အခါကျလည်း မသွားနဲ့ပေါ့။ သူများမုန့်ကျွေးလည်း မစားရဘူး။ အဲလိုမျိုး ပြောပြတယ်။ ပြီးရင် ကိုယ့်မှာပါတဲ့မုန့်ပဲ စားပေါ့။ သူများကိုလည်း မကြည့်နဲ့ပေါ့ အဲလိုပြောတယ်။ သူတို့မိဘတွေကလည်း တစ်ခါတလေကျ ကျောင်း လိုက်ပို့တယ်။ ပုံမှန်တော့ မပို့ဘူး။ အခုက မုဒိမ်းမှုတွေ များလာပြီဆိုတော့ ကိုယ့်ကလေးတွေကို အသိပညာ ပေးတာတွေ လုပ်သင့်တယ်။ ဒါပေမဲ့ စာနဲ့ပဲ လုံးပန်းနေရတော့ သိပ်မပြောဖြစ်ဘူး။ ကျွန်မတို့ဘက်မှာက ဒီလို အသိပညာပေးတာမျိုးတွေ သိပ်မရှိဘူး။ အလယ်တန်းကျောင်းတွေမှာ ဟောပြောပွဲတွေ လုပ်တာမျိုး ရှိတယ်။ ကျွန်မတို့ကျောင်းက မြို့နဲ့ဝေးတယ်။ မိဘတွေနဲ့တွေ့ရင်လည်း ပြောတယ်။ ကျောင်းပိတ်ရက်တွေမှာ ကလေးကိုတစ်ယောက်တည်း အပြင်မလွှတ်ဖို့ပါ။ ဒါပေမဲ့ သူတို့က မြန်မာစကား နားမလည်တော့ ပြောရခက်တယ်။ စကားနားမလည်ပေမယ့် တချို့မိဘတွေက သိတယ်။ ကျောင်းကို မိဘကိုယ်တိုင် လာပို့တယ်။ ဒီလိုကိစ္စတွေ လျော့ပါးအောင် ဘာလုပ်သင့်လဲဆိုတာတော့ ကျွန်မအနေနဲ့ သိပ်မပြောတတ်ဘူး။

မြဇာခြည်သင်း