News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ ( ခွင့်ရက်သတ်မှတ်ချက်)
01-Feb-2018 tagged as ပညာရေး ဆရာ ဆရာမ

လာမည့်ဖေဖော်ဝါရီလကုန်ဆိုလျှင် အခြေခံပညာကျောင်းများ စာမေးပွဲပြီးကာ ကျောင်းပိတ်တော့မည်။ သို့သော် မတ်လအထိ တာဝန်ကျဒေသမှခွင့်မယူရန် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။ ယင်းသို့ သတ်မှတ်ထားသည့်အပေါ် ဆရာ၊ ဆရာမများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“တစ်လစောစောပြီးရင် စောစော ပြန်ချင်ကြတာချည်းပဲ”
ဦးအောင်ဆင့် (အထက်တန်းပြ၊ အ.ထ.က(၅)၊ လားရှိုး၊ ရှမ်းပြည်နယ်) 

ကျွန်တော်တို့ အခြေခံ ဆရာ၊ ဆရာမတွေကို ရပ်ဝေးသွားလာခွင့်မပြုဘူးလို့ အရင်နှစ်တွေကတည်းက ညွှန်ကြားပါတယ်။ ဒါပေမဲ့ အရင်နှစ်တွေကတော့ မတ်လ ၃၁ ရက်ထိလို့ပဲ ပါတယ်။ ဘယ်လကစတယ်ဆိုတာမပါဘူး။ ရှောင်တခင်ခွင့်တို့တော့ ပေးတာတွေ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ ညီတယ်ဆိုရင်တော့ ခွင့်ပေးပါတယ်။ ခုနှစ်မှမဟုတ်ပါဘူး။ ဟိုအရင်နှစ်တွေကလည်း မတ်လထိကို တာဝန်ထမ်းဆောင်ချိန်အဖြစ် သတ်မှတ်ထားတယ်။ ကျွန်တော်တို့ကတော့ တောင်ပေါ် ဒေသပေါ့။ ဒါကြောင့် နယ်မြေချင်းကတော့ တူမှာမဟုတ်ဘူး။ ဒီမှာကတော့ ကျောင်းအုပ်ရဲ့နားလည်မှုနဲ့ မဖြစ်မနေ သွားရမယ့်ကိစ္စမျိုးဆိုရင် ခွင့်ပေးလိုက်တယ်။ ဒါပေမဲ့ ဆက်သွယ်ရမယ့်နေရာတွေ၊ ဆက်သွယ်ရမယ့်ဖုန်းတွေ ဒါမျိုးတွေတော့ အကုန်ပေးထားရတာပေါ့။ တအားကြီး တင်းတင်းကျပ်ကျပ်ကြီးတော့ မလုပ်ထားပါဘူး။ ရှောင်တခင်ခွင့်အဖြစ်ကိုတော့ အများဆုံး ၃ ရက်ထိ ပေးထားပါတယ်။ ခုဒီလို ဇန်နဝါရီလကနေ မတ်လထိ ခွင့်မပေးဘူးဆိုတာကလည်း အရင်ကတည်းက ရှိပြီးသား အမိန့်ပါ။ ခုက နည်းနည်း စည်းကမ်းတင်းကျပ်လိုက်တဲ့သဘောလို့ ထင်ပါတယ်။ တစ်ခုခုကြောင့် စည်းကမ်း သတ်မှတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဥပဒေရယ်လို့တော့ မရှိဘူးပေါ့။ ဒါပေမဲ့ ဒီကာလအတွင်းမှာ ခရီးသွားလို့ ပြဿနာ တစ်ခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံပဲ။ မသိလို့ပါလို့ လုပ်လို့မရဘူး။

ကျွန်တော်တို့ ဆရာဘဝ သက်တမ်းတစ်လျှောက် နှစ် ၃၀ နီးပါးမှာ အလုပ်ထဲဝင်ကတည်းက သိနေရမယ့်စည်းကမ်းပါ။ ကိုယ်နေတဲ့ နေရာကနေ ဘယ်ကိုမှ သွားလို့မရဘူးဆိုတာ ဝန်ထမ်းတိုင်းသိရမှာပါ။ တစ်ခုတော့ ရှိတာပေါ့။ ရပ်ဝေးဒေသကလာပြီး တာဝန်ထမ်းဆောင်တဲ့သူတွေကျ စာမေးပွဲတွေလည်း ပြီးသွားတယ်။ ဆယ်တန်းစာမေးပွဲနဲ့လည်း မငြိဘူး။ တစ်လစောစောပြီးရင် စောစောပြန်ချင်ကြတာချည်းပဲ။ ဒီလိုလူတွေကျ ဘာပြဿနာမှမရှိရင် ပြန်ခွင့်ပြုတယ်။ ပြဿနာမရှိရင်လို့ ပြောတာပါ။ ပြဿနာဆိုတာက ကြားရက်တွေမှာ သင်တန်းတွေ ဖွင့်တတ်တယ်။ သင်တန်းတွေရှိရင်တော့ ပြန်ခွင့်ပြုလို့ မရဘူးလေ။ အဲလိုမဟုတ်ဘဲ သင်တန်းလည်းမရှိ၊ သူလည်း လွတ်လပ်တယ်ဆိုရင်တော့ နားလည်မှုထားပြီး ပြန်ကြတာပေါ့။ အဲလိုပြန်ရင်တော့ လမ်းခရီးတစ်လျှောက်မှာဖြစ်တဲ့ ပြဿနာသည် ကိုယ်ဖြစ်ကိုယ်ခံ။ မသွားရ၊ မလာရဆိုပြီး တင်းကျပ်ထားတာမျိုး မရှိဘူး။ ကျွန်တော်တို့ နိုင်ငံကလည်း ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူးဗျ။ ဖြစ်ရင်လည်း မီးခိုးကြွက်လျှောက်ပဲ။ ဒီလို သတ်မှတ်ထားပေမယ့်လည်း စာမေးပွဲပြီးရင်တော့ ပြန်ကြတာပါပဲ။ မြို့ကြီးတွေကတော့ ထားပါတော့။ နယ်တွေမှာ ကျောင်းတွင်းစစ်စာမေးပွဲလုပ်တဲ့ ဒေသတွေကျတော့ ပြန်ကြတာပဲ။ အမှန်ကတော့ မတ်လထိနေရမှာ။ ဒါပေမဲ့ နားလည်မှုနဲ့ ပြန်ကြတာ။ အဲဒီတော့ ပြဿနာမရှိရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဖြစ်ရင်တော့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူတာတွေရှိမှာပေါ့။ ကျွန်တော့်အတွေ့အကြုံအရတော့ ပြဿနာဖြစ်တာ မကြုံဖူးပါဘူး။ အဆင်ပြေပါတယ်။

“တစ်နှစ်ပတ်လုံး ခွင့်မယူလို့ ဆုရတာမျိုးတွေရှိတယ်”
ဒေါ်စုစန္ဒီဇော် (မူလတန်းပြ၊ အ.ထ.က (၅) ပဲခူး)

ဒီနှစ် ဇန်နဝါရီလကနေ မတ်လထိ ခရီးသွားခွင့်နဲ့ တခြားခွင့်မပေးဘူးဆိုတာမျိုး ကျွန်မတို့ကျောင်းမှာ တရားဝင် ပြောတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ သတင်းစာမှာ ဒီသတင်းကို တွေ့လိုက်တယ်။ ကျွန်မတို့ကိုတော့ ဘာမှမပြောသေးဘူး။ အရင်နှစ်တွေကလည်း အရင် ကျောင်းတွေမှာလည်း ဒီလိုပဲပြောခဲ့ဖူးတယ်။ ကလေး တွေ စာမေးပွဲဖြေတဲ့ စာမေးပွဲကာလအတွင်း ခွင့်မယူ ဖို့ပြောတယ်။ နောက်ပြီး ကျွန်မတို့က မတ်လထိကျောင်း တက်ရက်ဆိုတော့ ခရီးမသွားဖို့ ပြောတာတော့ရှိ တယ်။ လက်မှတ်ထိုးရတာမျိုးတော့ မရှိဘူး။ အစည်း အဝေးခေါ်တဲ့အခါမျိုးမှာဆိုရင်တော့ ကျောင်းအုပ်က မတ်လကုန်ထိ ခရီးသွားရင် ကိုယ့်သဘောနဲ့ကိုယ် မသွားပါနဲ့ဆိုပြီးပြောရင်တော့ ခရီးသွားလို့မရဘူးပေါ့။ ဒီနှစ်တော့ ဘာမှမပြောသေးဘူး။ ကျွန်မတို့ကိုတော့ ဖေဖော်ဝါရီလဆို ကလေးတွေ စာမေးပွဲနားနီးတော့ ကလေးတွေအတွက် အဓိကလိုအပ်လို့ မသွားရတာ လို့ ထင်တယ်။ ခွင့်ယူတဲ့အခါဆိုရင် သင်ကြားရေး နှေင့်နှေးတာမျိုးဖြစ်မှာကြောင့် ခရီးသွားခွင့်မပြုတာ လို့ ထင်တယ်။ ကိုယ် နေထိုင်မကောင်းဖြစ်တဲ့အချိန်ကလည်း ဒီကာလအတွင်းမှာ မကြုံဖူးတော့ ကျွန်မကတော့ ခွင့်မယူဖူးပါဘူး။ မဖြစ်မနေ မိသားစုအရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေကြောင့် ယူရမယ်ဆိုရင် ပေးပါ တယ်။ ကျွန်မတို့ရဲ့ကိုယ်ပိုင်ခွင့်ကလည်း တစ်နှစ်မှ ဆယ်ရက်ပဲ အများဆုံးရှိတာဆိုတော့ အတင်းကြီး ပိတ်ပင်တာမျိုးမရှိပါဘူး။ ကိုယ့်မှာ ခွင့်ယူမှဖြစ်မယ် ဆိုတဲ့ အခါမှာတော့ ကိုယ့်ရဲ့အထက်လူကြီးကို နားလည်အောင် ရှင်းပြပြီး ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ကို အပ်သင့်တာ အပ်ပြီး ခွင့်ယူရင်တော့ ရပါတယ်။ ခွင့်မပေးဘူးလို့ အထက်ကလူကြီးတွေက အမိန့်ချလိုက်ပေမယ့် ကျောင်းမှာ လက်ထောက်နဲ့ ကျောင်းအုပ်နဲ့က မိသားစု လိုနေတာဆိုတော့ နားလည်မှုပေးပါတယ်။

ကျွန်မသူငယ်ချင်းတွေဆိုရင် ဒီကာလအတွင်းမှာတောင်မဟုတ်ဘဲ ခွင့်မပေးတဲ့ ကျောင်းအုပ်တွေနဲ့ ကြုံဖူးတယ်လို့ပြောတယ်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တောင်းတယ်လို့ ပြောတယ်။ ကျောင်း အုပ်က ခွင့်မပေးဘူးဆိုရင်တောင်မှ ကိုယ့်မှာ ကိုယ်ပိုင်ခွင့်ရှိတဲ့အတွက် ကျောင်းအုပ်က မသွားစေချင်ဘူးဆိုလည်း ကိုယ့်ဘာသာခွင့်စာတင်ပြီး သွားရတဲ့အခါမျိုးလည်း ရှိတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တာမျိုးရှိရင် ခွင့်ပေးတာမျိုးရှိပေမယ့် တခြား ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးနဲ့ ခွင့်ယူတာဆိုရင်တော့ ဒီလိုကန့်သတ်ထားတာကြောင့် နားလည်မပေးဘူးလို့ထင်တယ်။ ကျွန်မတို့ကျောင်းတွေမှာ တချို့ကျလည်း တစ်နှစ်ပတ်လုံး ခွင့်မယူလို့ ဆုရတာမျိုးတွေရှိတယ်။ ခွင့်တစ်ရက်မှ မယူဘူးဆိုရင်လည်း ကျောင်းအကျိုးတော်ဆောင်တွေက နေခွင့်မပျက်တဲ့ ဆရာ၊ ဆရာမဆိုပြီး ဆုပေးတာမျိုးရှိတယ်။ ကျွန်မဆိုရင်လည်း ကိုယ်တကယ်နေမကောင်းဖြစ်မှ တစ်ရက်တလေ ခွင့်ယူလိုက်တယ်။ ရက်ရှည်ခွင့် ယူတာမျိုး မရှိဘူး။ ကျွန်မအနေနဲ့တော့ ဒီကာလအတွင်းမှာ ခွင့်မပေးဘူးလို့ သတ်မှတ်ထားတာကို ကျေနပ်တာမျိုးတော့ မရှိပါဘူး။ ဒီကာလက ကျောင်းတက်ရမယ့်ကာလ ဖြစ်တယ်။ စာမေးပွဲ ဖြေရမယ့်အချိန်ဆိုတော့ ကလေးတွေအတွက် အဓိက ပြောတာလို့ထင်ပါတယ်။ ဒါပေမဲ့ တချို့ ကျန်းမာရေး မကောင်းတဲ့သူတွေဆိုရင်တော့ ဒီလိုသတ်မှတ်ထားတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်တာလည်းရှိမှာပေါ့။ ခု ဒီကြားကာလထဲမှာ ခွင့်မယူရဘူးလို့ တရားဝင် ညွှန်ကြားချက်ထွက်လာရင် တစ်ခါတစ်ခါကျရင်တော့ တချို့အရေးကြီးကိစ္စ ရှိလာရင်လည်း ခွင့်ယူလို့မရဘူးလားဆိုပြီး နည်းနည်းတော့ စိတ်ကသိကအောက် ဖြစ်ကြမှာပေါ့။ ဒီလိုသတ် မှတ်လိုက်တဲ့အခါကျ တချို့တွေကျ ကြိုပြောလို့မရတဲ့ လူမှုရေးကိစ္စတွေလည်း ပေါ်ချင်ပေါ်မယ်။ ကျန်းမာရေးကိစ္စတွေလည်း ပေါ်ချင်ပေါ်မယ်။ တကယ်လို့ ကိုယ်သွားရင် ခွင့်ပေးမှာလား၊ မပေးဘူးလားဆိုတာမျိုး ထုတ်မပြောသေးရင်တောင်မှ စိတ်ထဲမှာ နည်းနည်း စိုးရိမ်စိတ်ဖြစ်မှာပေါ့။ ကလေးတွေအတွက် အဓိကပြောတာဖြစ်လို့ ကျွန်မအနေနဲ့က နားလည်ပေးလို့ ရပါတယ်။ 

 “မူလတန်းဆရာ၊ ဆရာမတွေကတော့ ဆယ်တန်းစောင့်လိုဟာမျိုးမှာ မပါတာများပါတယ်”
ဒေါ်ဆုမြတ်နိုင် (အထက်တန်းပြ၊ အထက-၅၊ စစ်တွေ)

ကျွန်မတို့ကျောင်းမှာတော့ ဒီနှစ် ဇန်နဝါရီလကနေ မတ်လထိ ခရီးသွားခွင့်နဲ့ တခြား ခွင့်မပေးဘူးလို့ ညွှန်ကြားတာမျိုး မရှိသေးဘူး။ ခုချိန်ထိတော့ မညွှန်ကြားသေးဘူး။ ဇန်နဝါရီ ၁ ရက်ကတော့ စာသင်ကြားရေး ကာလမပြီးသေးတာဖြစ်လို့ ခရီးသွားလို့ မရဘူး။ မတ် ၃၁ ကတော့ အဲဒီအချိန်မှာ ဆယ်တန်းစာမေးပွဲတွေ ရှိနေတော့ စာမေးပွဲစောင့်ဖို့အတွက် ဆရာ၊ ဆရာမ အင်အားလိုတယ်။ အဲဒါကြောင့် ခွင့်မပေးတာလို့ထင်တယ်။ အရင်နှစ်တွေကတော့ မတ်လ ၃၁ ရက်ထိကို ခွင့်မယူဖို့ သတ်မှတ်ထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေကလည်း သိကြပါတယ်။ အဲဒီကာလက စာမေးပွဲကာလ ဖြစ်တာကြောင့် အရေးကြီးကိစ္စ တစ်စုံတစ်ရာမရှိဘဲ ခွင့်ယူတာမျိုး မရှိပါဘူး။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ဒီလိုခွင့်မယူဖို့ သတ်မှတ်တာက တာဝန်တစ်ခုလို ဖြစ်နေပြီဆိုတော့ မယူတာက အကောင်းဆုံးပါပဲ။ စာမေးပွဲကာလဆိုတော့ ဆရာ၊ ဆရာမတွေ ဆေးခွင့်မှအပ ခွင့်မယူရဘူးဆိုတဲ့ ညွှန်ကြားချက်မျိုးတွေ ထုတ်တယ်။ ကိုယ်တိုင်ဆေးရုံတက်နေရတာမှအပ ဆိုတာမျိုး ထုတ်တာရှိတယ်။ စာမေးပွဲခန်း စောင့်တာပဲဖြစ်ဖြစ်၊ သင်ကြားရေးမှာပဲဖြစ်ဖြစ် ဘယ်သူမှအစားထိုးပြီး တာဝန်မယူနိုင်ဘူးလေ။ ဒီစာမေးပွဲကာလမှာ ခွင့်ယူတယ်ဆိုတာကလည်း နည်းနည်းကိုယ့်တာဝန်ကို မကျေသလိုဖြစ်တာပေါ့။ ဒါပေမဲ့ ကျောင်းတွေကတော့ ကိုယ်ကိုယ်တိုင် ဆေးရုံတက်နေရတဲ့အခါမျိုးမှာ ဆေးထောက်ခံစာတွေနဲ့ပြရင် နားလည်မှု ပေးပါတယ်။

တခြားလူမှုရေးကိစ္စတွေဆိုလည်း လုံးဝ မတတ်သာတဲ့ အခြေအနေမျိုးဆို ပေးတယ်။ ဒါပေမဲ့ ကိုယ့်အတွက် ဘာမှအရေးတကြီး ကိစ္စမျိုးမဟုတ်ရင် ဒီကာလအတွင်းမှာ မယူတာက ကောင်းပါတယ်။ ကျောင်းသားတွေလည်း စာမေးပွဲနီးနေပြီ။ ဆရာ၊ ဆရာမတစ်ယောက် ခွင့်ယူလိုက်တဲ့အခါ သူအစား ကျန်တဲ့လူတွေမှာ အလုပ်ပိုသွားတယ်။ ကျွန်မ ကြုံဖူးသလောက်တော့ ဒီကာလအတွင်းမှာ တော်တော်များများတော့ မယူကြပါဘူး။ ဒီအချိန်မှာ အရေးကြီးတယ်ဆိုတာ ဆရာမ တော်တော်များများက နားလည်ကြပါတယ်။ မူလတန်းဆရာ၊ ဆရာမတွေကတော့ ဆယ်တန်းစောင့်လိုဟာမျိုးမှာ မပါတာများပါတယ်။ မူလတန်းကျောင်းအုပ်လောက်ပဲ ဆယ်တန်းစောင့်ရတာ။ ဆယ်တန်းစောင့်ဆိုရင် အလယ်တန်းပြတွေခေါ်တယ်။ နောက် အထက်တန်းပြကိုခေါ်တယ်။ အထက်တန်းပြကလည်း အခန်းပြင်ပဲ စောင့်ရတော့။ ဆရာအင်အားလိုတယ်။ အဲဒါကြောင့် ခွင့်မယူစေချင်တဲ့သဘောလည်းပါမှာပါ။ အရင်နှစ်တွေကလည်း ဒီလို လုံးဝ ခွင့်မယူရဘူးလို့ ညွှန်ကြားတာမျိုး ရှိပါတယ်။ ဒါက ကောင်းပါတယ်။ ဒီကာလကတော့ ကိုယ့်အတွက် တကယ် အရေးမကြီးရင် ခွင့်မယူတာ အကောင်းဆုံးပါ။

မြဇာခြည်သင်း