News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ဒုတိယတန်း သင်ရိုးသစ်)
18-Jan-2018 tagged as

ယခုအခါ အခြေခံပညာအဆင့်တွင် သင်ရိုးညွှန်းတမ်းများ တစ်နှစ်ချင်း တစ်တန်းချင်း ပြောင်းလဲနေပြီဖြစ်ရာ လာမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်းကို သင်ရိုးသစ်ဖြင့် သင်ကြားမည်ဖြစ်သည်။ ဒုတိယသင်ရိုးသစ် အကြောင်းအရာများကိုလည်း ရန်ကုန်မြို့၊ ထောက်ကြန့်ရှိ အခြေခံပညာအုပ်ချုပ်မှု ပညာသင်တန်းကျောင်းတွင် ဗဟိုအဆင့်သင်တန်းပေးနေပြီ ဖြစ်သည်။ ယင်းသို့ သင်တန်းပေးနေမှု အခြေအနေနှင့် သင်ရိုးသစ် အကြောင်းအရာများအကြောင်း ဆရာများ၏ ပြောကြားချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“သင်ရိုးသစ်မှာလည်း အားသာချက်၊ အားနည်းချက် ရှိတယ်”
ဦးပြည့်စုံ (နည်းပြ၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကင်းပညာရေးကောလိပ်)

ကျွန်တော်က ဒီနေ့ ဒုတိယတန်းသင်ရိုးသစ် အတွက် လက်တွေ့သင်ကြားမှုမှာ ကိုယ်တိုင်တော့ မသင်ကြားရပါဘူး။ ဒါပေမဲ့ သင်ဖို့အတွက်တော့ ဆရာ၊ ဆရာမတွေကို ကူညီပေးရတယ်။ ကျွန်တော်တို့ ဒီနေ့ သင်ရတာက ပထဝီဝင် ဘာသာရပ်ပါ။ အထွေထွေ လူမှုရေးဘာသာရပ်ထဲမှာ ပါပါတယ်။ သင်ရိုးသစ်သင် နေတဲ့အချိန်မှာ ကျွန်တော့်အမြင်အရ ကလေးတွေ အားလုံး စိတ်ပါဝင်စားမှုရှိကြတယ်။ သင်ကြားတဲ့နေရာမှာလည်း အခက်အခဲမရှိဘူးလို့ ထင်ပါတယ်။ ကလေးတွေအားလုံးက တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်တာလည်း တွေ့ရတယ်။ စာလည်းနားလည်ကြတယ်။ သင်ရိုးသစ်ကိုသင်တဲ့အခါမှာ ကျွန်တော်တို့အနေ နဲ့ အခြေခံကျောင်းက ဆရာ၊ ဆရာမတွေကို ထပ်ပြီး ဆင့်ပွားသင်တန်းပေးရမယ်။ သင်ရိုးအဖွဲ့က လမ်းညွှန် ပေးလိုက်တဲ့အတိုင်း စာသင်ချိန်မရောက်ခင် ကြိုတင် ပြင်ဆင်ပြီးသင်ဖို့ လိုအပ်ပါတယ်။ အခုသင်ရိုးသစ်မှာ သင်ရိုးဟောင်းနဲ့ကွာခြားချက်တွေ အများကြီးရှိပါ တယ်။ အရင်တုန်းကဆိုရင် ဆရာမကပဲ ဦးဆောင်ပြီး သင်ပေးရတယ်။ ခုသင်ရိုးမှာက ဆရာမက မေးခွန်းလေးတွေမေးပြီး ကလေးတွေကိုယ်တိုင် ပါဝင်ဖြေဆိုရတာပါ။ အဲဒါတွေတော့ ကွာခြားချက်ရှိတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ ကိုယ်က သင်ခန်းစာ သင်တော့မယ်ဆိုရင် သင်ရိုးသစ်ပဲဖြစ်ဖြစ်၊ သင်ရိုးဟောင်းပဲဖြစ်ဖြစ် ကြိုတင် ပြင်ဆင်ရမှာပေါ့။

ကိုယ်သင်ရမယ့်ကလေးအတွက် သင်ထောက်ကူ ဘယ်လိုသုံးမလဲဆိုတာလည်း ကြိုပြီးစဉ်းစားသင့်တယ်။ ဒီနေ့ သင်ရတဲ့ဘာသာရပ်ကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ကလေးတွေကို လူမှုရေးဘာသာရပ်မှာဆိုရင် အရောင်လေးတွေနဲ့ ဖော်ပြထားတယ်။ အရုပ်လေးတွေနဲ့ ဖော်ပြပေးထားတယ်။ ကလေးတွေရဲ့ဉာဏ်ရည်ကို ဖော်ထုတ်ခွင့်ပေးတယ်။ အတွေးတွေကို ဖော်ထုတ်ခွင့်ပေးတဲ့အတွက် ဒီသင်ရိုးသစ်က အရမ်း ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ခုက ဗဟိုအဆင့်ဆိုတော့ ဒီသင်တန်းပြီးရင် တိုင်းအဆင့်အနေနဲ့ ပြန်လည် ပို့ချဖို့ရှိပါတယ်။ ဒီသင်ရိုးသစ်ကို ပြောရမယ်ဆိုရင် အလုပ်တစ်ခုဆိုတာက ရလဒ်ထွက်လာမှ ကောင်းသလား၊ ဆိုးသလားဆိုတာကို ဝေဖန်နိုင်မယ်။ ဒါပေမဲ့ ခုလော လောဆယ်အမြင်အရ ပြောရရင် သင်ရိုးသစ်မှာလည်း အားသာချက်၊ အားနည်းချက် ရှိတယ်။ သင်ရိုးဟောင်းမှာလည်း အားသာချက်၊ အားနည်းချက်ရှိတယ်။ ဘယ်အရာပဲဖြစ်ဖြစ် ကောင်းအောင် ကြိုးစားသင်ပေးဖို့ အရေးကြီးတယ်။

“သူတို့မှာ စူးစမ်းလိုစိတ်တွေရှိတယ်”
ဒေါ်ခင်မေသန်း (ပထဝီဝင် သင်ပြနည်းဌာန၊ ကထိက၊ ထားဝယ်ပညာရေးကောလိပ်)

ကျွန်မတို့က ဒုတိယတန်း သင်ရိုးသစ်အတွက် သင်တန်း လာယူတာပါ။ စာသင်နည်းစနစ်တွေ ဘယ်လိုပုံစံလဲ။ ပညာရေး ကောလိပ်က ကလေးတွေကို ဘယ်လိုပြန်ပြီး သင်ပြမလဲ။ ဒီသင်တန်းက ဗဟိုအဆင့်ဖြစ်တဲ့အတွက် တိုင်းဒေသကြီးမှာရှိတဲ့ ဆရာ၊ ဆရာမ တွေကိုပြန်ပြီး သင်ကြားပို့ချရမှာဖြစ်တဲ့အတွက် ဒီက ပို့ချတဲ့ဟာကိုဆိုတာ သင်တန်းလာယူတာပါ။ ဒီနေ့ ပထမတန်းကလေးတွေကို လက်တွေ့သင်ကြားမှု စတယ်။ ကျွန်မ သင်ကြားတာက အထွေထွေ လူမှုရေး ဘာသာရပ် သင်ရတယ်။ ဒီအထွေထွေနဲ့ လူမှုရေးဘာသာရပ်အောက်မှာဆိုရင် သမိုင်းပါတယ်။ ပထဝီဘာသာ ရယ်။ ကျွန်မက ပထဝီနဲ့ဆိုင်တာသင်ရတယ်။ သင်ရိုးသစ် မှာ ပထဝီနဲ့ သမိုင်းနဲ့ပေါင်းမှ အထွေထွေလူမှုရေးဘာ သာရပ်အဖြစ် သင်ရတယ်။ သမိုင်းဆိုရင် ထင်ရှားတဲ့ နိုင်ငံတော် ခေါင်းဆောင်တွေဆိုရင် အဲဒါသမိုင်း။ ပတ်ဝန်းကျင်းနဲ့ သက်ဆိုင်ရာ၊ မိသားစုနေအိမ်တွေ၊ ကျွန်ုပ်တို့ ကျောင်းပတ်ဝန်းကျင်အကြောင်းတွေဆိုရင် ပထဝီဆိုပြီး သင်ရတယ်။ ဒါပေမဲ့ နှစ်ခုပေါင်းလိုက်ရင် ထွေလူ (အထွေထွေ လူမှုရေး)ပဲ။ ဒီနေ့ ပထမတန်း ကလေးအယောက် နှစ်ဆယ်ကို စမ်းသပ်တဲ့သဘောနဲ့ သင်ရတယ်။ သင်ရိုးက Grade-2 ဆိုပေမယ့် အစမ်းအနေနဲ့ လက်တွေ့သင်ရတာက Grade-1 ကလေးတွေပဲ။ စနစ်သစ်သင်ရိုးတွေက လက်ရှိတွေနဲ့ သင်ရတာ အဆင်ပြေပါ့မလားဆိုပြီး စမ်းသပ်ကြည့်ချင်စိတ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်မှာရှိနေတဲ့ ကလေးတွေနဲ့ မြို့ပေါ်မှာရှိတဲ့ ကလေးတွေဆိုရင် ကိုက်ညီမှုရှိလားဆိုတာလည်း သိချင်တယ်။ အဲဒီလို ဒီသင်ရိုးသစ်ကို ကျွန်မ စမ်းသပ်သင်လိုက်တဲ့အခါမှာ သူတို့ ဘာတွေ လုပ်ရသလဲဆိုရင် သူတို့စဉ်းစားရတယ်။

ခုသင်ရိုးမှာ ကလေးတွေ တော်တော်များများက စဉ်းစားကြတယ်။ နောက်ပြီးတော့ သူတို့အချင်းချင်း လည်း အပြန်အလှန်ပြောဆို ဆွေးနွေးကြတယ်။ အပြော စွမ်းရည်လည်း တော်တော်ရကြတယ်။ အရေးပိုင်းမှာ တော့ နည်းနည်းအားနည်းတာရှိတယ်။ ဘာကြောင့် လဲဆိုတော့ ကလေးတွေက Grade-1 မပြီးသေးတော့ ငယ်သေးတာလည်းပါမယ်။ ကျွန်မအမြင်အရဆိုရင် သင်ရိုးသစ်မှာ ကလေးတွေက နှုတ်မှုစွမ်းရည်ရော စဉ်းစားတွေးခေါ်မှုပိုင်းမှာပါ ကောင်းကြတယ်။ နောက်ပြီး ကလေးအားလုံး ပါဝင်စဉ်းစားကြတယ်။ စိတ်ဝင်စား ကြတယ်။ ဥပမာ သူတို့ကို ကျောင်းအုပ်ကြီးနဲ့တွေ့ရင် ဘယ်လို မေးခွန်းတွေမေးမလဲလို့ မေးလိုက်တယ်။ အဲဒီအခါ သူတို့အဖွဲ့လိုက် စဉ်းစားကြတယ်။ စဉ်းစား ပြီးရလာတဲ့အဖြေကို စာရွက်ထဲမှာ ရေးကြည့်လို့ပြောလိုက်ရင် ရေးနေတဲ့အချိန်မှာပဲ သူတို့မေးမယ့်စာလုံးက ပျောက်သွားတယ်။ အရင်တုန်းက သင်ရိုးမှာဆိုရင် ရှေ့ကနေ ဆရာတွေကပဲ သင်ပေးတယ်။ ဆရာတွေက မေးခွန်းမေးတယ်။ ကလေးတွေကဖြေတယ်။ လိုက်ကူးရေး။ အိမ်စာပေးရင် ကျက်လာ အဲလိုပဲ သင်ရတယ်။ သင်ရိုးသစ်က ဆရာမက ညွှန်ကြားချက်ပေးတယ်။ အဲဒါကို သူတို့ကိုယ်တိုင် စဉ်းစားကြတယ်။ သူတို့ကိုယ်တိုင် ပြောရမယ်။ သူတို့ကိုယ်တိုင် မေးခွန်းမေးရတယ်။ အချင်းချင်း အပြန်အလှန် မေးခွန်းမေးရတယ်။ အဖွဲ့လိုက်လေးတွေ စဉ်းစားခိုင်းတာဆိုတော့ ဒီဘက် အဖွဲ့ကစဉ်းစားပြီးရင် ဟိုဘက်အဖွဲ့ကိုသွားကြည့်ခွင့်ပြု ထားတယ်။ သူတို့မှာ စူးစမ်းလိုစိတ်တွေရှိတယ်။ အဲဒီ တော့ ဆရာသင်ရတာ နည်းတယ်။ သူတို့ကိုယ်တိုင်ပဲ တွေးတယ်။ သူတို့ဘာသာပဲ သင်ယူကြတယ်။ ကျွန်မအနေနဲ့ တိုင်းဒေသအလိုက် ပြန်လည်ပို့ချရတဲ့အခါမှာ ဒီကပို့ချတဲ့အတိုင်း ကိုယ့်နေရာဒေသအလိုက် ပြန်လည် ဝေမျှမှာပါ။ အရင်တုန်းက သင်ရိုးအတိုင်းမသင်ဘဲနဲ့ ကလေးတွေ စဉ်းစားတွေးခေါ်ဉာဏ်တွေ ရှိလာအောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် ကျွန်မတို့က ဒီသင်ရိုးသစ်အတိုင်းသင်ဖို့ တိုက်တွန်းမှာပါ။

မြဇာခြည်သင်း

  • TAGS