News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ ( ဆင့်မြင့်ပညာဥပဒေကြမ်း)
11-Jan-2018
အတည်ပြုရန် ကြန့်ကြာနေသည့် အဆင့်မြင့်ပညာရေး ဥပဒေကြမ်းကိုလည်း မကြာမီ လွှတ်တော်သို့ပေးပို့ရန် ပညာရေးဝန်ကြီးဌာနက ပြင်ဆင်နေသည်။ ထို့အတူ ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆရာများအနေနှင့် အကြံပြုချက်များ ပေးပို့ရန်လည်း တောင်းခံထားသည်။ ယင်းသို့သော အခြေအနေတွင် ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆရာများ၏ အကြံပြုချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“အဲဒါက ရှုပ်ယှက်ခတ်နေတာ။ သုတေသနကို အားပေးရမယ်ဆိုရင်ရပြီ”
ဦးသန်းထိုက်အောင် (ကထိက၊ သမိုင်းဌာန၊ ပုသိမ်တက္ကသိုလ်)

ကျွန်တော် အဆင့်မြင့်ပညာ ဥပဒေမူကြမ်းကို ဖတ်ပြီးပါပြီ။ ပြင်ဆင်ဖြည့်စွက်စရာကတော့ အများကြီးရှိတယ်။ အချုပ်အနေနဲ့ပြောရရင် တော်တော်များများ ပြင်ဆင်မှရမယ်။ အဆင့်မြင့်ပညာ ဦးစီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်တွေမှာ အဓိက လိုအပ်တာက Academic Freedom ပဲ။ လွတ်လပ်ပိုင်ခွင့်ပေါ့။ ဒီ မူကြမ်းထဲမှာ ရေးထားတာ လွတ်လပ်ခြင်း၊ လွတ်လပ်ခြင်းတွေက အများကြီးပါတယ်။ လွတ်လပ်တာတွေ ဖောင်းပွနေပေမယ့် တကယ်တမ်းပြောရရင် မလွတ်လပ်ဘူး။ မလွတ်လပ်တာ ဖြစ်သည့်အတွက် ပြောစရာက အမှန်တကယ် လွတ်လပ်ခွင့်ပေးဖို့ ပြောချင်တယ်။ တစ်ချက်ချင်း ပြောရမယ်ဆိုရင် တက္ကသိုလ် ပဋိညာဉ်အရ တက္ကသိုလ်ကောင်စီတို့ ပညာရေးအဖွဲ့အစည်းတွေ ဖွဲ့နိုင်တယ်လို့ ဆိုထားပေမယ့် သူထဲမှာဆိုရင် အခန်း (၄) ပုဒ်မ ၉ မှာ တက္ကသိုလ်များစုဖွဲ့ခြင်းတို့ ပေါင်းစည်းခြင်းတို့ ပါတယ်။ ပညာရေး စီမံခန့်ခွဲမှုကော်မတီတို့ တက္ကသိုလ်ကောင်စီတို့ ဖွဲ့စည်းတဲ့အခါမှာ အဆင့်မြင့်ပညာဦးစီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းရမယ်လို့ ဆိုထားတယ်။ အဲတော့ အဆင့်မြင့်ပညာ ပေါင်းစပ် ကော်မတီနဲ့ ညှိနှိုင်းရမယ်ဆိုတော့ တက္ကသိုလ်တစ်ခုချင်းရဲ့လွတ်လပ်ခွင့်က မရှိတော့ဘူး။ တက္ကသိုလ်တစ်ခုရဲ့ကောင်စီက သူ့ဘာသာ ဆုံးဖြတ်ချက် ချနိုင်တယ်။ အဲလိုမဟုတ်ဘဲနဲ့ ဗဟိုကိုသွားပြီး ညှိနှိုင်းရဦးမယ်ဆိုတော့ ဒါက ဗဟိုချုပ်ကိုင်မှု ရှိသေးတာပဲ။ နောက်ထပ် ပြောစရာက ဒီမှာဆိုရင် အခန်း(၅) ပုဒ်မ ၁၈(က)မှာ ဝန်ထမ်းတွေက မိမိဆန္ဒအရ ကျောင်းရဲ့ဝန်ထမ်း သို့မဟုတ် နိုင်ငံ့ဝန်ထမ်းအဖြစ် ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ဆိုထားတယ်။ အဲဒါက ရောထွေးအောင် လုပ်နေတာပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် တက္ကသိုလ်က သူ့ဟာသူ လွတ်လပ်ပိုင်ခွင့်ရှိသွားရင် တက္ကသိုလ်ရဲ့ဝန်ထမ်းပဲ ဖြစ်သွားလိမ့်မယ်။ ဘာမှရှုပ်ထွေးအောင် လုပ်စရာမလိုဘူး။ တက္ကသိုလ်သည် လွတ်လပ်ရမယ်။ 

နောက်တစ်ခါ စီးပွားရေးနဲ့ ပတ်သက်တာ ဒီ အခန်း (၄) ပုဒ်မ ၁၆ မှာဆိုရင် အမျိုးသား အကျိုးစီးပွားကို စီးပွားသုတေသနလုပ်ငန်းတွေ လုပ်ရမယ်ဆိုတာပါတယ်။ အခန်း (၉) ပုဒ်မ ၅၃ မှာဆိုရင် စက်မှုနှင့် စီးပွားလုပ်ငန်းရှင်များနှင့် ပူးပေါင်းရမယ်လို့ ဆိုထားတယ်။ ဒီစီးပွားရေးစနစ်အောက်မှာ ပညာရေးစနစ် ဖွံ့ဖြိုးမှုကို သွတ်သွင်းထားရာ ရောက်တယ်။ အမှန်တော့ လူမှုဘဝ ဖွံ့ဖြိုးရေးဘက်ကို ဇောင်ပေးသင့်တယ်လို့ထင်တယ်။ နောက်ဆက်ပြောရရင် သုတေသနပြုတဲ့အခါမှာလည်း လွတ်လပ်စွာ သုတေသနပြုခွင့်ရှိရမယ်။ လွတ်လပ်စွာ သုတေသနပြုတာကို ကန့်ကန့်ချုပ်ချယ် တားဆီးမယ့်အရာမျိုးတွေ မပါသင့်ဘူး။ ဒါပေမဲ့ ပုဒ်မ ၆၂ တို့မှာဆိုရင် နိုင်ငံတော်တည်ငြိမ်ရေးတို့ လုံခြုံရေးတို့ ဥပဒေစိုးမိုးရေးတို့ကို အခြေခံပြီးတော့ အမျိုးသား အကျိုးစီးပွားကို အထောက်အကူပြုတဲ့ သုတေသနလုပ်ငန်းကို အားပေးရမယ်လို့ပါတယ်။ အဲဒါက ရှုပ်ယှက်ခတ်နေတာ၊ သုတေသနကို အားပေးရမယ်ဆိုရင် ရပြီ။ အဲဒီဥပဒေတွေထဲမှာ ဆရာသမဂ္ဂတွေကို ရှင်သန်ခွင့်ပေးရမယ်။ အဲဒီထဲမှာ ပဋိညာဉ်အရ ဖွဲ့စည်းခွင့်ပေးရမယ်လို့ ပါတယ်။ အဖွဲ့အစည်းတစ်ခုဟာ Freedom of Association ကုလသမဂ္ဂ ပြဋ္ဌာန်းချက်တွေထဲမှာ လူတွေကို အသင်းအဖွဲ့ကို ကိုယ့်ဘာသာ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိတယ်။ နောက်ပြီး အဲဒီအဖွဲ့ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို ဘယ်သူမှလာပြီး ရေးဆွဲတာ မဟုတ်ဘူး။ အဲဒီအဖွဲ့ဝင်တွေကပဲ စည်းမျဉ်းကိုရေးဆွဲတာ ဖြစ်တယ်။ ခုဟာက ပဋိညာဉ်စာတမ်းက အဖွဲ့အစည်းတွေကို ချုပ်ကိုင်ထားတာဖြစ်တယ်။ ဒီဟာက မဖြစ်သင့်ဘူး။ နောက်ပြီး အဲဒီပဋိညာဉ်စာတမ်းက မထွက်သေးဘူး။ မထွက်သေးတဲ့ ဒီပဋိညာဉ်စာတမ်းတွေက တက္ကသိုလ် အဖွဲ့အစည်းကိုအားပေးတဲ့ စာတမ်းတွေမဟုတ်ဘူး။ 

ဒီစာတမ်းရေးမယ်ဆိုလည်း ဒီစာတမ်းမှာ ဘာတွေပါသင့်လဲဆိုတာ ဒီသမဂ္ဂတွေကို ဖိတ်ခေါ်ပြီး ရေးဆွဲရမယ်။ ခုဟာက ပြောင်းပြန်ဖြစ်နေတယ်။ သမဂ္ဂတွေ ဖွဲ့စည်းဖို့ဆိုတာ ပဋိညာဉ်စာတမ်းတွေ ဘာတွေမလိုအပ်ဘူး။ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိသည်ဆိုရင်ရပြီ။ ပြီးတော့မှ ပဋိညာဉ်ရေးဆွဲတဲ့အခါမှာ ဆရာများသမဂ္ဂတွေ၊ ကျောင်းသားများ သမဂ္ဂတွေ ပါဝင်ခွင့်ပေးရမယ်။ အဲလိုရေးဆွဲမှသာ ဒီဟာတွေက ရေရှည်တည်တံ့မှာ။ နောက်ပြီး ဒီအဆင့်မြင့်ပညာ ဥပဒေမူကြမ်းက အမျိုးသားပညာရေး ဥပဒေအောက်ကို ရောက်နေတယ်။ အခန်း (၇) မှာဆိုရင် အမျိုးသား ပညာရေးနှင့် အရည်အသွေးအာမခံ အကဲဖြတ်ကော်မတီဆိုတာ ရှိတယ်။ အဲဒီကော်မတီတို့ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီတို့ အဆင့်မြင့်ပညာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီတို့ ဒါတွေ အကုန်လုံးက အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ရဲ့အောက်မှာပဲရှိတယ်။ ၂၀၁၄ မှာ အမျိုးသား ပညာရေးဥပဒေကို ရေးဆွဲခဲ့တယ်။ အဲဒါကို အကုန်လုံးက မကြိုက်တဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေ ကန့်ကွက်ခဲ့တယ်။ ကန့်ကွက်တဲ့အတွက် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၅ ဇွန်လမှာ ပြန်ထုတ်ပြန်ပေးရတယ်။ ဒါပေမဲ့ ပြင်ဆင်ခဲ့တာထဲမှာလည်း ပြင်ဆင်စရာတွေ အများကြီးရှိတယ်။ အမျိုးသားပညာရေး ဥပဒေရော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေရောမှာ ပြင်ဆင်စရာတွေ အများကြီးရှိနေတာ ကြားထဲမှာထပ်ပြီး အခြေခံပညာဥပဒေတွေ၊ အဆင့်မြင့်ပညာ ဥပဒေတွေကို ထပ်ထုတ်လိုက်တော့ ပြင်စရာတွေ အများကြီးရှိတယ်။                      

“ရည်ရွယ်ချက်တွေ အခြေခံမူတွေက တော်တော်များများကောင်းပါတယ်”
ဦးဘိုလေး (ကထိက၊ ဥပဒေပညာဌာန၊ မုံရွာတက္ကသိုလ်)

ကျွန်တော်ကတော့ ဒီအဆင့်မြင့်ပညာ ဥပဒေမူကြမ်းကို ဖတ်ပြီးသွားပါပြီ။ ဒါပေမဲ့ တော်တော်များများကို ဒီမူကြမ်းက ဆရာ၊ ဆရာမတွေ လက်ထဲကို မရောက်သေးဘူး။ အများစုကလည်း ဒီမူကြမ်းနဲ့ပတ်သက်ပြီး ဆရာမတွေလက်ထဲမှာ စာအုပ်အနေနဲ့ သီးသန့် မရှိပါဘူး။ အွန်လိုင်းကဖြစ်ဖြစ်၊ ဖေ့စ်ဘွတ်ခ်မှာဖြစ်ဖြစ် တင်တဲ့ဟာလေးကို အကြမ်းဖျင်း ဖတ်ကြရတာပဲ။ ဒါတောင်မှ စိတ်ဝင်စားတဲ့ ဆရာ၊ ဆရာမတွေလောက် ဖတ်ကြတာ။ ကျွန်တော်လက်ထဲမှာလည်း မူကြမ်းမရှိဘူး။ ဖေ့စ်ဘွတ်ခ်မှာ တွေ့တဲ့ဟာလေးကို မှတ်ထားရတယ်။ ကျွန်တော့်အနေနဲ့ ဒီရေးဆွဲထားတဲ့မူကြမ်းက ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေရော အကောင်အထည် ဖော်မယ့်ဟာရော လမ်းစဉ်တွေရောက တော်တော်များများ ကောင်းပါတယ်။ ၂၀၁၄ အမျိုးသား ပညာရေး ဥပဒေကတော့ ဗဟိုချုပ်ကိုင်မှုတွေ ပါနေလို့ ၂၀၁၅ မှာ ပြင်ဆင်လိုက်တယ်။ ခု ၂၀၁၆ အဆင့်မြင့်ပညာ ဥပဒေမူကြမ်းက အဲဒီအပေါ်မှာ အခြေခံပြီး ရေးထားတယ်။ ဒါကြောင့် တော်တော်များများက အခန်း (၂) မှာဆိုရင် ရည်ရွယ်ချက်တွေ ကောင်းတယ်။ အခန်း (၃) က အခြေခံမူတွေလည်း ကောင်းတယ်။ ခုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်တွေမှာ ရှိရမယ့်မူဝါဒတွေနဲ့ ဆက်နွှယ်ပြီး ဒီမူကြမ်းမှာ ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေ အခြေခံမူတွေက တော်တော်များများ ကောင်းပါတယ်။ အားနည်းချက်ရယ်လို့ သိပ်မရှိဘူး။ တစ်ခုရှိတာက အခန်း(၇) မှာဆိုရင် အရည်အသွေး အာမခံမူနဲ့ပတ်သက်ပြီးတော့ အမျိုးသားပညာရေး အဆင့်အတန်းနဲ့ပတ်သက်ပြီး အာမခံတဲ့ စိစစ်အကဲဖြတ်ရေးအဖွဲ့ဆိုတာ ရှိတယ်။ အဲတော့ ဘယ်လိုစံနှုန်းတွေနဲ့ အကဲဖြတ်မလဲ၊ သူတို့တွေကရော ဘယ်လိုပုဂ္ဂိုလ်တွေလဲဆိုတာ ဒီအဆင့်မြင့်ဥပဒေ မူကြမ်းထဲမှာ ရှင်းရှင်းလင်းလင်း မပါသေးဘူး။ ဒါက မူကြမ်းဖြစ်တဲ့အတွက် လွှတ်တော်တင်မှပဲ ဆွေးနွေးမယ်ထင်တယ်။ အဲဒီမှာ အရည်အသွေးနဲ့ပတ်သက်ပြီး ဘယ်လိုစံနှုန်းသတ်မှတ်မလဲဆိုတာ တစ်ခါတည်း ထည့်မယ်ဆိုရင် ကောင်းတာပေါ့။ နောက်ပြီး အခန်း (၈) မှာ ပညာရေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုအပိုင်းမှာ ၂၀၁၄ အမျိုးသားပညာရေး ဥပဒေပုဒ်မ ၅၇ (ခ)နဲ့အညီဆိုပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနက စီမံဆောင်ရွက်ရမယ်ဆိုပြီး ပါတယ်။ အဲဒီ ၅၇ (ခ)အရဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာန မဟုတ်ဘဲနဲ့ တခြားသော ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွေပါ တွဲဖတ်ပြီး ဆောင်ရွက်မယ်ဆိုရင် ပိုပြီးကောင်းတာပေါ့။ ခုလောလောဆယ်ပြောရရင် စိတ်ကူးနဲ့ ကောင်းနိုင်တဲ့ ရည် ရွယ်ချက်တွေနဲ့ ရေးဆွဲထားတာ။ 

တကယ်တမ်းပြောရရင် ဥပဒေနဲ့ လေ့လာ သုံးသပ်သလောက် ဥပဒေပဲဖြစ်ဖြစ်၊ နည်းဥပဒေပဲဖြစ်ဖြစ်၊ မူဝါဒတွေပဲဖြစ်ဖြစ် သတ်မှတ်ပြီးရင် နောက်က လိုက်ပါဆောင်ရွက်ဖို့အပိုင်းမှာ တော်တော်လေး အားနည်းနိုင်တယ်။ ခုလည်း ဒီမှာပါလာတယ်။ ချမှတ်ထားတာတွေက အကုန်လုံးနီးပါး ကောင်းတယ်။ ပညာရေးလောကနဲ့ပတ်သက်ပြီး ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်မှူးတွေအဆင့်တွေကစပြီး ၂၀၁၆ ဒီအဆင့်မြင့်ပညာ ဥပဒေမူကြမ်းမှာပါတဲ့အတိုင်း လိုက်ပါဆောင်ရွက်ဖို့ ချမှတ်ထားတာတွေနဲ့ လိုက်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ အကောင်းဘက်ကို ပြုပြင်ပြောင်းလဲလို့တဲ့ စိတ်အားကောင်းလာမှသာ ဒီဟာကို အကောင်အထည် ဖော်နိုင်မယ်လို့ထင်တယ်။ နောက်ပြီး တက္ကသိုလ်တွေမှာ ရာထူးပြောင်းတာ၊ ရွှေ့တာ၊ ရာထူးတစ်ဆင့် နှိမ့်တာနဲ့ပတ်သက်ပြီး ကိုယ့်ကျောင်းနဲ့ကိုယ် လုပ်နိုင်ဖို့ဆိုတာ တစ်ချိန်မှာ ဖြစ်လာသင့်တယ်ဆိုပြီး ရေးဆွဲထားတာဖြစ်တယ်။ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာတော့ အချိန်ယူပြီး စောင့်ကြည့်ရဦးမှာဖြစ်တယ်။ 

“ဆရာတို့က နိုင်ငံရေးအမြင်နဲ့ မကြည့်ဘူး”
ဦးနေလင်းဝေ (နည်းပြ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)

ကျွန်တော့်အနေနဲ့ အဆင့်မြင့်ပညာ ဥပဒေမူကြမ်းကို အကုန်လုံး ဖတ်ကြည့်ရသလောက်ကတော့ အကုန်လုံးလိုလိုက လက်ရှိအခြေအနေထက် ပိုကောင်းအောင် ရေးဆွဲထားတယ်။ ဒါပေမဲ့ ဒီအချက်တွေကို လက်တွေ့ သုံးကြည့်ပြီးမှ ဥပဒေရဲ့အားနည်းချက်က ဘာလဲ၊ ဒီ ဥပဒေကို အကောင်အထည်ဖော်မယ့် နည်းဥပဒေက ဘာလဲ၊ ဒီဥပဒေမှာပါတဲ့ တက္ကသိုလ်ပဋိညာဉ်အရ  အလုပ်တွေက ဘယ်လိုတွေလဲဆိုတာသိမှ အဆင်ပြေမယ်။ ပြင်ဆင်ရမယ့်အချက်က ဒီဥပဒေတွေဆိုတာက လက်တွေ့အသုံးချကြည့်မှ သိနိုင်မယ်။ ဥပမာဆိုရင် ၆၆ (ဃ) ဆိုရင် ဒီဥပဒေက တစ်ဖက်သား မထိခိုက်အောင် ရေးဆွဲထားပေမယ့် ခုကျတော့ တစ်ဖက်ကိုကာကွယ်ရင် တစ်ဖက်ကိုထိခိုက်တယ်။ ဆရာပြောချင်တာက ဒီဥပဒေတွေက ရေးတုန်းကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ ရေးတာပဲ။ ဒါပေမဲ့ အကောင်အထည်ဖော်ပြီး လိုက်နာကျင့်သုံးမယ့် ပညာအရည်အချင်းနဲ့ ဘဝ အဆင့်အတန်းက ဒီဥပဒေကို ဘယ်လောက်ထိ အကောင်အထည် ဖော်နိုင်သလဲဆိုတာ ကြည့်ပြီးမှ သုံးသပ်ပြီး ပြင်ဆင်သင့်တယ်လို့ ထင်တယ်။ ခုကတော့ ကျောင်းသားအတွက်ရော ဆရာတွေအတွက်ရော အကုန်လုံး ဘက်ပေါင်းစုံက ထောင့်စိနေတယ်လို့ ဆရာယူဆတယ်။ ခုချိန်မှာ ဆရာအနေနဲ့တော့ ပြင်ဆင်ဖြည့်စွက်လိုတာ မရှိသေးဘူး။ ဥပေဒတစ်ရပ်ဆိုတာ ကျင့်သုံးလိုက်မှ ပြင်ဆင်သင့်တာတွေ တွေ့မှာ။ ပြဋ္ဌာန်းပြီးသား ဥပဒေတွေက ပြင်ဆင်ဖို့မလွယ်ဘူးဆိုပေမယ့် အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းလိုက်တယ်။ နောက်ပြီးကျတော့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ထွက်လာတယ်။ အခု ဒီမိုကရေစီဥပဒေပြု လွှတ်တော်တွေ အားကောင်းနေသရွေ့ ကာလပတ်လုံး ပြင်ဆင်ဖို့လွယ်တယ်။ အချိန်တစ်ခုတော့ ယူရမှာပေါ့။ အဲဒီတော့ မပြင်ဆင်နိုင်ဘူးလို့ ကြောက်မနေဘူး။ ဒီဥပဒေကို ရဲရဲကျင့်သုံးကြည့်။ မကောင်းဘူးဆိုတဲ့ အချက်တွေကို ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေကတစ်ဆင့် ပြန်ပြင်။ လောလောဆယ်တော့ ဒီဥပဒေတွေက အရမ်း ကောင်းလွန်းတယ်။ ရေးဆွဲထားတာ ထောင့်စိနေတယ်။ 

အဲဒီအတွက်ကြောင့်မို့ ဆရာတို့က နိုင်ငံရေး အမြင်နဲ့မကြည့်ဘူး။ ပညာရှင်အမြင်နဲ့ကြည့်တာ။ ဆရာတစ်ယောက်၊ တက္ကသိုလ်အုပ်ချုပ်မယ့် ဆရာတစ်ယောက်အနေနဲ့ ကြည့်တယ်။ ဥပမာ - ဒီလွတ်လပ်ခွင့်ကို အရမ်းပေးလိုက်ရင်လည်း ဆရာတွေကို ကျောင်းသားတွေက ပညာရသင့်သလောက်မရဘဲ နေလိမ့်မယ်။ သုတေသန လုပ်ငန်းတွေကို ဘယ်လောက်ထိ အားပေးမလဲ။ ဒါပေမဲ့ ဆရာပြောတာက စာရွက်ပေါ်မှာတော့ အရမ်း ကောင်းနေတယ်။ လက်တွေ့ ကျင့်သုံးတဲ့အခါမှာ ကောင်း မကောင်းဆိုတာတော့ လက်တွေ့ကိုင်တွယ် ကျင့်သုံးတဲ့သူတွေပေါ်မှာပဲ မူတည်တယ်။ လောလောဆယ်တော့ ဆရာ၊ ဆရာမတွေက သင်ကြားရေးပိုင်းမှာပဲ အာရုံစိုက်နေတာကြောင့် သင်ကြားရေးပိုင်းမှာပဲ အားပြုနေကြတယ်။ ဒီဥပဒေက တချို့ဆရာများ သမဂ္ဂလက်ထဲ ရောက်တယ်လို့ ကြားထားတယ်။ နောက်ပြီး နိုင်ငံပိုင်သတင်းစာမှာကလည်း အခြေခံပညာ ဥပဒေကြမ်းကလွဲလို့ ထွက်မလာသေးဘူး။ နောက်တစ်ခုက ရန်ကုန်တက္ကသိုလ်အနေနဲ့ တက္ကသိုလ်ပဋိညာဉ်ကို ကျောင်းသားတွေဆီက အကြံဉာဏ် တောင်းထားတာရှိတယ်။ ၂၀၁၅ ၊ ၂၀၁၆ လောက်က ရန်ကုန်တက္ကသိုလ် ပဋိညာဉ်ဆိုပြီး တောင်းထားတယ်။ တက္ကသိုလ်ပညာရေး ပဋိညာဉ်အတွက် ဆရာ၊ ဆရာမတွေဆီကရော ကျောင်းသားတွေဆီကရော အကြံဉာဏ် တောင်းထားတယ်။ ဒီဥပဒေကို သတင်းစာတွေမှာ ကြော်ငြာလာရင်တော့ ဆရာတွေလောကမှလည်း စိတ်ဝင်စားလာမယ်လို့ မြင်တယ်။

မြဇာခြည်သင်း