News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (အခြေခံပညာရေး ဥပဒေကြမ်း)
ယခင်အစိုးရလက်ထက်ကတည်းက အတည်မပြုနိုင်ဘဲ ကြန့်ကြာနေသော အခြေခံပညာရေး ဥပဒေကြမ်းကို ယမန်နေ့က နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ထံ အကြံပြုချက်များ ပေးပို့နိုင်သည်ဟုလည်း ဖော်ပြထားသည်။ ဥပဒေကြမ်းနှင့် တိုက်ရိုက်ပတ်သက်သည့် ဆရာ၊ ဆရာမများ မည်သို့ရှုမြင်သည်ကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“ရှေ့နောက်မညီတဲ့ အချို့အရာတွေ ရှိတယ်”
ဒေါက်တာ စိုင်းခိုင်မျိုးထွန်း (ဥက္ကဋ္ဌ၊ ဆရာအဖွဲ့ချုပ်)

အခြေခံပညာရေး ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ပြောချင်တာက ပညာရေးနဲ့ပတ်သက်ပြီး ဗဟိုချုပ်ကိုင်မှုတချို့ ရှိနေသေးတယ်လို့ ယူဆရတယ်။ နောက်တစ်ချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ထောက်ပံ့တဲ့ ပြဋ္ဌာန်းချက်တွေလည်း လိုလိမ့်မယ်လို့ ယူဆရတယ်။ တိုင်းရင်းသားရေးရာတွေမှာ အားဖြည့်ဖို့လိုသေးတယ်။ မူကြမ်း ထဲမှာ ဆရာ၊ ဆရာမတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး သီးခြား ဥပဒေလိုမျိုး၊ သီးခြား မူဝါဒရှိဖို့ လိုတယ်လို့ ပြောချင်တယ်။ ခုက ဆရာ၊ ဆရာမတွေ ပါပေမယ့် နည်းနည်း ယေဘူယျဆန်တယ်။ ဆရာ၊ ဆရာမတွေအတွက် တချို့သော နိုင်ငံသား အခွင့်အရေးတွေမှာ နိမ့်ကျနေတာလေးတွေ ရှိသေးတယ်။ အဆင့်မြင့်ပညာရေးကဏ္ဍတွေမှာလည်း ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချဖို့လိုတယ်။ အဓိက တစ်ခုပြောချင်တာက အခန်း (၅) မှာပါတဲ့ အခြေခံပညာရေးကောင်စီ ဖွဲ့စည်းတဲ့အခါမှာ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းရမယ် ဆိုတာမှာ ဆရာ၊ ဆရာမ အဖွဲ့အစည်းလို၊ နောက်ပြီး ဆရာ၊ ဆရာမ ကိုယ်စားလှယ်မျိုးတွေကို ပါဝင်ခွင့်ပေးလိုက်ရင် မကောင်းဘူးလားပေါ့။ တကယ် သင်ကြားနေတဲ့ ဆရာ၊ ဆရာမ ကိုယ်စားလှယ်တွေကို ပါဝင်စေချင်တာပါ။ ဆရာ၊ ဆရာမတွေကို အမှန်တကယ် ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ပါဝင်သင့်တယ်။ ဖွဲ့စည်းရေးမှာ ဝန်ကြီးဌာနကလူတွေ အများကြီးပါတယ်ဆိုတာ ဒီမိုကရေစီနည်းလမ်း သိပ်မကျဘူးလို့ မြင်တယ်။ တကယ်တမ်း ရေးဆွဲတဲ့အခါမှာ ပညာရေးကောင်စီ အဖွဲ့ဝင်တွေကို လူထုဆန္ဒအရ အဆိုပြုတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ဖို့တော့ လိုလိမ့်မယ်။ 

နောက်ပြီး အဲဒီမှာ အခြေခံပညာရေး စီမံခန့်ခွဲမှုမှာ ဝန်ကြီးဌာနက အခြေခံပညာရေးကို ဗဟိုချုပ်ကိုင်မှု လျှော့ချမယ်လို့ ပါတယ်။ ဒါပေမဲ့ အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို အကောင်အထည်ဖော်ရာမှာ ပညာ ရေးကော်မတီကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ တို့ ညှိနှိုင်းဖွဲ့စည်းရမယ်လို့ပါတယ်။ အဲဒါနဲ့ပတ်သက် ပြီး ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့တွေက လွှမ်းမိုးသွားမှာကို စိုးရိမ်တယ်။ ဥပဒေထဲမှာက ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလို့ ပါပေမယ့် ပညာရေးကောင်စီ ဖွဲ့စည်းသလို ဝန်ကြီးဌာနက လူတွေကို အကုန်လုံး ရွေးချယ် ခန့်အပ်လိုက်မယ်ဆိုရင် ဒါတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့အတွက် အထောက်အကူ မပြုနိုင်ဘူး။ ဒါက ရှေ့နောက်မညီတဲ့ အချို့အရာတွေ ရှိတယ်။ ဒါကို နည်းနည်း ပြန်ညှိနှိုင်းဖို့တော့ လိုပါလိမ့်မယ်။ 

ဒီထဲမှာပါတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ စွမ်းဆောင်ရည်မြင့်မားဖို့ လေ့လာသင်ယူရမယ်ဆိုတာက ကောင်းတဲ့အချက်ပါ။ တချို့ အခြေခံဆရာ၊ ဆရာမတွေမှာ အဝေးသင်တက်တာမျိုး ရှိတယ်။ အဝေးသင် ကျောင်းတက်တဲ့အချိန်မျိုးတွေမှာ ခွင့်ပြုချက် ယူရတယ်။ ခွင့်ပြုချက် ယူတာတောင်မှ တစ်ဖက်မှာလည်း ဆရာ၊ ဆရာမတွေကို တာဝန် ထမ်းဆောင်နေတဲ့ကာလ ဖြစ်တယ်ဆိုပြီး ခွင့်ပြုချက် မရတာမျိုးတွေလည်း ကြားရတယ်။ နောက်တစ်ချက်က သင်ရိုးညွှန်းတမ်းမှာ ပြည်နယ်နဲ့ တိုင်းတွေမှာလည်းပဲ သူ့ဟာနဲ့သူ ရေးဆွဲဖို့ အခွင့်အာဏာတချို့ ပေးရမယ်လို့ထင်တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလို့ ပြောလာလို့ရှိရင် တိုင်းရင်းသားတွေဘက်က မယုံကြည်လို့ဆိုတာတွေ ဖြစ်လာတယ်။ ဥပမာ - သမိုင်းဘာသာရပ်တွေမှာ သူတို့ရဲ့သမိုင်းတွေကိုလည်း ထည့်ပေးရမယ်။ ဗဟိုကနေ ချုပ်ကိုင်ပြီးမှ သင်ရိုးညွှန်းတမ်း ရေးဆွဲမယ်ဆိုတာလည်း ဒါမဟုတ်သေးဘူး။ အပေါ်ကနေ တစ်ခုတော့ ချရမယ်ပေါ့။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မပျက်ပြားစေတဲ့ သင်ရိုးဖြစ်ရမယ်ဆိုပြီး ချပေးရမယ်။ ပြည်နယ်နဲ့တိုင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေကို လွတ်လပ်စွာ ပြဋ္ဌာန်းပိုင်ခွင့်ရှိဖို့ပေါ့။ အဲဒါမျိုးတွေလည်း ဥပဒေထဲမှာ ထည့်သွင်းသင့်တယ်။ ဒီအချက်တွေကို ဆရာအဖွဲ့ချုပ်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ပို့ဖို့အတွက် အဖွဲ့တွင်း ဆရာတွေရဲ့အကြံပြုစာတွေကို စောင့်နေတယ်။ တရားဝင် အကြံပြုပေးစာကို မကြာခင်ပဲ ပို့သွားဖို့ရှိပါတယ်။

“ဒီမူကြမ်းက နယ်ဘက်ကကျောင်းတွေမှာ မရှိဘူး”
ဦးမျိုးမင်းနိုင် (အလယ်တန်းပြ၊ အမ်းမြို့နယ်)

နိုင်ငံပိုင်သတင်းစာမှာ အခြေခံပညာ ဥပဒေမူကြမ်းကို ဖော်ပြပြီး ပြည်သူတွေရဲ့ အကြံပြုချက်ပို့ဖို့ ရေးထားတာ တွေ့ပါတယ်။ ဒီလို အကြံပြုချက်တောင်းတာ ကောင်းပါတယ်။ ဒါမှလည်း အောက်ခြေဝန်ထမ်းတွေသိမှာ။ ဒီလိုမှမဟုတ်ရင် အထက်လူကြီးတွေ ဘာလုပ်နေတယ်ဆိုတာ အောက်ခြေက လူတွေ သိမှာမဟုတ်ဘူး။ အထက်လူကြီးတွေအနေနဲ့ မြေပြင် အနေအထားမှာ ဘာဖြစ်နေတယ်ဆိုတာ ကွင်းဆင်းလေ့လာတာမျိုး အားနည်းတော့ အောက်ခြေမှာ ဘာဖြစ်နေတယ်ဆိုတာ သိဖို့အတွက် ခက်ခဲပါတယ်။ ဒီလိုအကြံပြုစာ တောင်းလိုက်တော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဒေသမှာတော့ ဒီလိုဖော်ပြတာကို မသိတဲ့ဆရာ၊ ဆရာမတွေ အများကြီးရှိတယ်။ ဥပမာ- နိုင်ငံပိုင် သတင်းစာ ကြေးမုံပဲဖြစ်ဖြစ်၊ မြန်မာ့အလင်းမှာပဲဖြစ်ဖြစ် ဖော်ပြတယ် ဆိုပေမယ့်လည်း ဝေးလံခေါင်းပါးတဲ့ဒေသက ဆရာ၊ ဆရာမတွေအနေနဲ့ သတင်းစာဖတ်ဖို့ နေနေသာသာ၊ ဖုန်းလိုင်းတောင် မမိတဲ့အခါကျတော့ ပညာရေးနဲ့ပတ်သက်တာတွေ သတင်းတွေကိုလည်း သိရတာနည်းတယ်။ 

နယ်ဘက်မှာက  မြို့နယ် ပညာမှူးရုံးနဲ့ ဆက်သွယ်ဖို့ ခက်ခဲတဲ့ကျောင်းအများကြီး ရှိပါတယ်။ ဒီလိုဆရာတွေဆီက တစ်ဆင့်ချင်း ကွင်းဆင်းပြီး ဆွေးနွေးပေးဖို့ လိုပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ဘက်မှာတော့ အခြေခံပညာ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး မသိတဲ့ ဆရာ၊ ဆရာမတွေက တစ်ရာမှာ ရှစ်ဆယ်လောက်က ရှိမယ်ထင်တယ်။ ကျွန်တော် သိသလောက်ကတော့ ဒီမူကြမ်းက နယ်ဘက်ကကျောင်းတွေမှာ မရှိဘူး။ မရှိတဲ့အခါကျတော့ ဆရာ၊ ဆရာမတွေ အနေနဲ့ မဖတ်ဖြစ်တော့ဘူး။ ဆရာတွေလက်ထဲ ဒီမူကြမ်းရှိမှသာ ကောင်းတာ ဆိုးတာကို အကြံဉာဏ် ပေးနိုင်မှာပေါ့။ နောက်ပြီး ပြောချင်တာက အလယ်တန်းကနေ မူအုပ် အပြောင်းအရွှေ့ ကိစ္စတွေမှာ ခရိုင်အဆင့်လောက်နဲ့ လုပ်ဆောင်နိုင်ပေမယ့် အခြေခံပညာဦးစီးဌာနက ဆောင်ရွက်တာမျိုးတွေရှိနေတော့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချမယ်ဆိုပေမယ့် လက်ရှိတော့ ဗဟိုချုပ်ကိုင်မှုစနစ်တွေ ရှိနေသေးတယ်လို့ ပြောချင်ပါတယ်။ မူကြမ်းနဲ့ပတ်သက်ပြီးတော့ ပြောချင်တာမျိုး မရှိသေးပါဘူး။ အခုသတင်းစာထဲမှာ ပါတာကလည်း အခန်း (၇) ထိပဲ ရှိသေးတယ်။ အခန်း အားလုံးမပါသေးတော့ အကြံပြုဖို့ စောသေးတယ်။ ဖြစ်ချင်တာကတော့ အခြေခံပညာရေး ဥပဒေမူကြမ်းကို ကျောင်းတိုင်းမှာ ဆရာ၊ ဆရာမတွေကို ဖြန့်ချိပြီးတော့ အကြံပြုစာတောင်းမယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။

“မူကြမ်းထဲမှာ ပြင်ချင်တာတချို့တော့ ရှိပါတယ်”
ဦးမြတ်သီဟထွန်း (မူလတန်းပြ၊ မအူပင်မြို့နယ်)

အခြေခံပညာရေး ဥပဒေမူကြမ်းကို နိုင်ငံပိုင် သတင်းစာမှာဖော်ပြပြီးတော့ ပြည်သူတွေရဲ့ အကြံဉာဏ်ကို ပြည်ထောင်စုလွှတ်တော်ရုံးပို့ဖို့ ဖိတ်ခေါ်နေတယ်ဆိုတာ ဆရာတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မသိကြဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈၊ ၉၊ ၁၀ မှာလုပ်ခဲ့တဲ့ အခြေခံပညာ နှီးနှောဖလှယ်ပွဲမှာလည်း ဒီမူကြမ်း အတွက် အကြံပြုချက်တွေကို နှစ်ပတ်အတွင်း ပြန်တင်ပြဖို့ အစည်းအဝေး တက်ရောက်တဲ့ အဖွဲ့အစည်းတွေကို ပြောလိုက်တာ ရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ ဒီလိုအကြံပြုချက် တောင်းပေမယ့် ပေးပို့တဲ့အကြံပြုချက်တွေ ဘယ်လောက်ထိ ပါဝင်ခွင့်ရမှာလဲ၊ ဘယ်လောက်ထိ အလေးအနက် ထားမှာလဲ၊ ဘယ်လောက်ထိ ထည့်သွင်းစဉ်းစားမှာလဲဆိုတာ ဆရာ၊ ဆရာမတွေ တော်တော်များများက ယုံကြည်မှု မရှိကြဘူး။ အရင်ခေတ်စနစ်တွေအရရော သူတို့ရဲ့ အတွေ့အကြုံအရရော သိပ်ပြီး ယုံကြည်ချက် မရှိကြဘူး။ 

နောက်ပြီး ဒီအခြေခံပညာ ဥပဒေမူကြမ်းစာအုပ်ကလည်း အခြေခံပညာ နှီးနှောဖလှယ်ပွဲ တက်ရောက်တဲ့သူတွေလောက်ပဲရှိတာ။ ဆရာ၊ ဆရာမအများစုကလည်း မူကြမ်းကို သိပ်စိတ်မဝင်စားကြဘူး။ ကျွန်တော်တို့ကျောင်းမှာ စိတ်ဝင်စားတဲ့သူက ကျွန်တော်တစ်ယောက်ပဲရှိတယ်။ ဘာကြောင့် ပြောနိုင်လဲဆိုတော့ မနှစ် (၂၀၁၆ ခုနှစ်)ကလည်း သက်ဆိုင်ရာ တိုင်းဒေသအလိုက် မြို့နယ် ပညာရေးမှူးရုံးတွေမှာ မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေ ရှိတယ်။ မူကြမ်းတစ်ခုလုံးကို နာရီပိုင်းအတွင်း ဆွေးနွေးရတာကြောင့်လည်း ပါမယ်။ ဆွေးနွေးပွဲဆိုပေမယ့် သူတို့က အမြန် ဖတ်ပြတာလောက်ပါပဲ။ ဆွေးနွေးဖို့ အချိန်မရှိဘူး။ အကြံပြုစာပေးဖို့ အီးမေးလ် လိပ်စာတွေ ပေးထားခဲ့တာတော့ ရှိတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေဘက်က မေးခွန်းမေးတာတို့ ထူးထူးခြားခြား ဆွေးနွေးတာ မရှိဘူး။ 

ကျွန်တော့်အနေနဲ့ပြောရရင် မူကြမ်းထဲမှာ ပြင်ချင်တာ တချို့တော့ ရှိပါတယ်။ အဲဒါက အခြေခံပညာရေးကောင်စီ ဖွဲ့စည်းတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်ထားမယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေကို ဘယ်ထိပါလဲဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အဖွဲ့ဝင်တွေ လူမှုအဖွဲ့အစည်းတွေ ပါတယ်။ ဒါပေမဲ့ မပါဝင်တာက တကယ့်မြေပြင်မှာ လက်တွေ့ ကလေးတွေနဲ့ ထိတွေ့နေရတဲ့ ဆရာ၊ ဆရာမတွေရဲ့ကိုယ်စားလှယ်တွေမပါဘူး။ မြန်မာပြည်မှာက ပညာရေးလို့ပြောလိုက်ရင် အခြေခံပညာရေးက ကျယ် ပြန့်တယ်။ အခြေခံကဏ္ဍမှာ စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေက သုံးသိန်းကျော် လေးသိန်းနီးပါး ရှိတယ်။ အဲဒီဆရာ၊ ဆရာမတွေရဲ့ကိုယ်စားလှယ်တွေ မပါဘူးဆိုတော့ ဒီပညာရေးကောင်စီက ဘယ်လိုမူဝါဒတွေပဲ ရေးဆွဲရေးဆွဲ၊ ဘယ်လိုမူတွေပဲ ချမှတ်ချမှတ် မြေပြင် အခြေအနေကို အကြံပြုနိုင်တဲ့ ဆရာတွေမပါ ဘူးဆိုတဲ့အချက်ကို သွားတွေ့ရတယ်။ 

တကယ်တော့ အချက်သုံးချက် သွားတွေ့ရတယ်။ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ရှိတယ်။ နောက်ပြီး အမျိုးသားပညာရေး အဆင့်အတန်းနဲ့ အရည်အသွေး အာမခံတဲ့ အကဲဖြတ်မှုကော်မတီ ရှိမယ်။ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီဆိုတဲ့ အဲဒီအဖွဲ့ သုံးဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ သုံးဖွဲ့မှာ ပညာရေးနဲ့ ပတ်သက်တဲ့မူဝါဒတွေ ချမှတ်တယ်။ ဒီလိုအရေးကြီးတဲ့ ကော်မတီမှာပါ အခြေခံရော အဆင့်မြင့်ရော ဆရာကိုယ်စားလှယ်တွေ မပါဝင်ဘူး။ ဒီအဖွဲ့တွေထဲမှာ တကယ့် ဝါရင့်ပညာရှင်တွေပါတယ် ဆိုပေမယ့်လို့ သူတို့က မြေပြင်အခြေအနေတွေကို ဘယ်လောက်ထိ သိနိုင်မလဲ။ ဘယ်လောက်ထိ တင်ပြပေးနိုင်မလဲဆိုတာကို ပြောချင်တာပါ။

နောက်ထပ်ပြောချင်တာက ဦးစီးဌာနတွေကြားထဲမှာ အပြန်အလှန် ချိန်ဆက်မှု အားနည်းတာ။ ပညာရေး နိမ့်ကျနေတဲ့အချက်တွေထဲမှာ အဲဒါက အဓိကအချက်ပဲ။ ဦးစီးဌာန အချင်းချင်းတွေကြား အားပြိုင်မှုတွေ ရှိတယ်။ အခုမူကြမ်းမှာလည်း အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ဒီအဖွဲ့တွေကြားမှာ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ဖို့ ဥပဒေနဲ့ပြဋ္ဌာန်းထားတာ မတွေ့ရဘူး။ အဲဒါကတွေကတော့ ထည့်သွင်း ရေးဆွဲသင့်တယ်လို့ ထင်ပါတယ်။

မြဇာခြည်သင်း