News

POST TYPE

TEACHER'S VOICE

ရခိုင်ပြည်နယ်မှ ပညာရေးဝန်ထမ်း ၅ ဦးထုတ်ပယ် ၃ ဦးကို ပြင်းထန်စွာသတိပေး
29-Dec-2017
စစ်တွေ၊ ဒီဇင်ဘာ ၂၈ 

ရခိုင်ပြည်နယ်အတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုမရှိသော ပညာရေးဝန်ထမ်း ၅ ဦးထုတ်ပယ်ပြီး ၃ ဦးကို ပြင်းထန်စွာ သတိပေးထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက  The Voice သို့ ပြောသည်။

အဆိုပါ ဝန်ထမ်းငါးဦးသည် အထက်အရာရှိများကို မဟုတ်မမှန် ဂုဏ်သိက္ခာကျဆင်းအောင် နည်မျိုးစုံဖြင့် ကြံစည်ဆောင်ရွက်ခြင်း၊ ပညာရေးဌာန၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းနှင့် အထက်မှ ညွှန်ကြားချက်များကို လိုက်နာမှုမရှိခြင်းတို့ကြောင့် ထုတ်ပယ်ခြင်းဖြစ်ပြီး ၎င်းတို့မှာ မူလတန်း ပ နှစ်ဦး၊ မူလတန်း ကျောင်းအုပ်တစ်ဦး၊ စစ်တွေခရိုင်ရုံးမှ ဝန်ထမ်းတစ်ဦးနှင့် ကျောက်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ထို့အပြင် ပြောင်းရွှေ့ခံရသူ ၃၁ ဦး၊ စာဖြင့် သတိပေးထားသူ ၄၂ ဦး၊  ရာထူးတိုး ၂ နှစ်ရပ်ဆိုင်းခံရသူ ၆ ဦးနှင့် ရာထူးလျှော့ခံရသူ ၉ ဦး စုစုပေါင်း ၉၆ ဦးတို့ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ဆိုသည်။

“အဓိကတော့ ကျောင်းမတက်ကြတာနဲ့ ကျောင်းထောက်ပံ့ငွေကိစ္စတွေကြောင့် ဖြစ်တယ်။ ကျောင်းဆရာ/မ တွေကို ကျောင်းမတက်လို့ အရေးယူရတာ ကျွန်တော်တို့လည်း ရှက်တယ်ဗျာ” ဟု ဦးကျော်ထွန်းက ပြောကြားသည်။

ထိုသို့ အရေးယူခြင်း ထုတ်ပယ်ခံရခြင်း ရာထူးလျှော့နှင့် ပြောင်းရွှေ့ခြင်း စသည်တို့မှာ ၂၀၁၆ - ၁၇ ခုနှစ်အတွင်း အပြစ်ပေးခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ခိုင်မင်းညို