News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (အားကစားလှုပ်ရှားမှု)
28-Dec-2017

အခြေခံကျသည့် ဘောလုံးပင် ကျောင်းတိုင်း မရှိပေ။ အခြားသော ဘတ်စကတ်ဘော၊ ဘော်လီဘော စသည့် အားကစားများအတွက် အားကစားပစ္စည်း၊ အားကစားကွင်းတို့မှာ မြို့ပေါ်ရှိ နာမည်ကြီးကျောင်းတွေလောက်သာ ရှိသည်။ စာသင်ကျောင်းများတွင် တွေ့ကြုံနေရသည့် အားကစား လှုပ်ရှားမှုဆိုင်ရာ အခက်အခဲများ၊ အခြေအနေများကို ဆရာများ၏ ရင်ဖွင့်သံ ကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“ဘောလုံးကွင်းကရှိတယ်။ စပါးခင်း၊ လယ်တောတွေကို လုပ်ထားရတာပေါ့”
ဦးဇော်မင်းထွန်း (အထက်တန်းပြ၊ အထက-သရက်တောင်၊ မြေပုံမြို့နယ်၊ ရခိုင်ပြည်နယ်)

ကျွန်တော်က အထက်တန်းပြ ကာယပညာဆရာပါ။ ကျွန်တော်တို့ကျောင်းမှာက ဒီဇင်ဘာ အားကစားပြိုင်ပွဲ စနေပါပြီ။ ဆုပေးပွဲက ကျောင်းပြန်ဖွင့်တဲ့အချိန်မှ စုံညီပွဲတော်မှာ တစ်ခါတည်းလုပ်မယ်။ ပြိုင်တာ အားကစား အမျိုးအစားတွေက အချိန်နဲ့ နေရာ ဒေသပေါ် မူတည်ပြီး အားကစားပစ္စည်းတွေ ရှိသလောက်ပဲ ကျင်းပနိုင်တာပေါ့။ အားကစားပစ္စည်းမရှိရင် အဲဒီကစားနည်းတွေကို ပယ်ရတာပေါ့။ ခရစ်ကတ်တို့လို ကစားနည်းတွေအတွက် ဘောလုံးတွေ၊ ဘက်တံတွေ မရှိဘူး။ နောက်ပြီး အပစ်ကစားနည်းမှာ သံလုံး၊ သံပြား၊ လှံတံတွေ မရှိဘူး။ ဒါက အားနည်းချက်ပေါ့။ ကျွန်တော် တို့ကျောင်းမှာ အဓိက ပြိုင်တာက ဘောလုံး၊ ဘော်လီ ဘောတို့၊ ပြေးခုံပစ်လိုဟာမျိုးတွေ ပြိုင်တယ်။ ပြီးတော့ ခြင်းလုံးတွေ ပြိုင်တယ်။ အထက်တန်းကျောင်း ဆိုတော့ ဘောလုံးတို့၊ ခြင်းလုံးတို့ကတော့ ရှိပါတယ်။ နေရာက မိုးတွင်းဆိုရင် ကစားလို့မရဘူး။ အခက်အခဲ ရှိတယ်။ ဘောလုံးကွင်းက ရှိတယ်။ စပါးခင်း၊ လယ်တောတွေကို လုပ်ထားရတာပေါ့။ ကျွန်တော်တို့ကျောင်းတောင် လိုအပ်တာတွေ များနေရင် မြို့နယ်နဲ့ ဝေးတဲ့နယ်ကျောင်းတွေဆို ပိုးဆိုးမှာပေါ့။ ဒါတွေက အထက်ကနေပြီး မချပေးတာရယ်၊ နောက်ပြီး မြို့နယ်နဲ့ ဝေးတာလည်းပါမယ်။ မြို့ပေါ်တွေမှာလည်း မရှိတော့မရှိဘူးပေါ့။ 

ဘောလုံးတို့၊ ခြင်းလုံးတို့လောက်က ကျွန်တော်တို့ ကျောင်းမှာရှိပါတယ်။ ခုလိုအပ်တာ ခရစ်ကတ်အတွက် ဘာမှမရှိဘူး။ ဒီလို အားကစားပစ္စည်း မရှိတာက သူများနိုင်ငံနဲ့ ယှဉ်တဲ့ခါမှာ အားနည်းတာပေါ့။ စံချိန်မမီဘူး။ သူများနိုင်ငံတွေမှာ အားကစားပြိုင်ပွဲတွေ သွားရတဲ့အခါ လေ့ကျင့်ဖို့ ပစ္စည်းမစုံတာက အဓိက အားနည်းချက်ပေါ့။ ပတ်ဝန်းကျင်ကျောင်းတွေမှာလည်း ဒီလိုပါပဲ။ အထက်တန်းကျောင်းတောင် ဒီလောက် မစုံဘူးဆိုမှတော့ အလယ်တန်းကျောင်းတွေ၊ လခွဲတွေ၊ မူလွန်တွေဆို ပိုဆိုးတာပေါ့။ ဒါက အားကစားပစ္စည်း မရှိဘူးဆိုတော့ အားကစားလောကမှာတော့ ကျပ်တည်းတာပေါ့။ ပတ်ဝန်းကျင်မှာရှိတဲ့ အထက်တန်းကျောင်း မဟုတ်တဲ့ ကျောင်းတွေမှာတော့ အားကစားပစ္စည်းရော၊ အားကစားကွင်းပါ မရှိကြဘူး။ အစိုးရက ပေးပေမယ့်လည်း ပြည့်စုံမှုမရှိဘူး။ ကျွန်တော့်အနေနဲ့ပြောရရင် ကျောင်းတွေမှာ ကာယဆရာ၊ အားကစား နည်းပြတွေ အများကြီး လိုအပ်တယ်လို့ ပြောချင်ပါတယ်။

“ကျောင်းပတ်ချာလည်က ရေလွှမ်းတဲ့နေရာတွေ ဖြစ်နေတယ်”
ဦးမျိုးသူ (အထက်တန်းပြ၊ အထက-၁၊ ကျိုက်လတ်၊ ဧရာဝတီတိုင်းဒေသကြီး) 

ကျွန်တော်တို့ကျောင်းကတော့ ဒီဇင်ဘာ အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ကျောင်းပိတ်ရက်မှာပဲ စလုပ်မယ်။ အဓိက ပြိုင်မှာက ပြေးခုန်ပစ်၊ ဘောလုံး အဲဒါတွေပြိုင်မယ်။ ဒီပြိုင်ပွဲတွေအတွက် အားကစားပစ္စည်း သိပ်မလိုဘူး။ အစုံအလင် ရှိတယ်။ ကာယဆရာလည်း ရှိတယ်။ တခြား ကြက်တောင် ရိုက်တာတို့၊ ဘတ်စကက်ဘော ကစားတာတို့ကျ ပစ္စည်းတွေ မရှိသေးဘူး။  ကျောင်းသားတွေအတွက် ဗလငါးတန် ပြည့်စုံအောင် လုပ်တဲ့အခါမှာ ကာယဗလကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ဝန်ထမ်းပိုင်း၊ အစိုးရပိုင်းကလည်း ကျောင်းသားတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ ဘောလုံးတို့က အပြင်မှာ လည်း အလွယ်တကူဝယ်လို့ရတယ်။ ကျောင်းကလည်း ဝယ်ပေးတယ်။ တခြားသောအားကစားပစ္စည်းတွေ ကျတော့ ကျွန်တော်တို့အနေနဲ့ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်။ ကြက်တောင် ရိုက်တာတို့၊ ဘတ်စကက်ဘော ကစားတာတို့က လိုအပ်တယ်။ ဒါပေမဲ့ ကြက်တောင်ကွင်းတို့၊ ဘတ်စကက်ကွင်းတို့က ကျွန်တော်တို့ဆီမှာ မရှိ ဘူးပေါ့။ နေရာလည်း လိုတယ်။ ဘော်လီဘောတို့၊ ဘောလုံးတို့ကတော့ ကွင်းက အလွယ်တကူ ဖောက်လို့ ရတယ်။ မြေနေရာရှိရင် ဒါတွေက လုပ်လို့ရတယ်။ နောက် ဘောလုံးအတွက်က ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ဝယ်လို့ရတယ်ဆိုတော့ စိတ်မပူဘူး။ ကိုယ့်ကျောင်းက ဝယ်မပေးနိုင်ရင်တောင့် သူတို့ဘာသာ ဈေးနှုန်း နည်းနည်းနဲ့ ဝယ်လို့ရတယ်။ ပြေးခုန်ပစ်တို့အတွက်ကျတော့ အပြေးကွင်းတွေ လိုအပ်တယ်။

ကျွန်တော်တို့ကျောင်းက အထက်တန်းကျောင်းဆိုတော့ အနည်းငယ်ပဲ လိုအပ်မှုရှိပေမယ့် နယ်ကျောင်းတွေမှာက ကစားကွင်းတောင် မရှိဘူး။ အဓိကတော့ နေရာပေါ့။ ကျောင်းပတ်ချာလည်က ရေလွှမ်းတဲ့နေရာတွေ ဖြစ်နေတယ်။ ရေကျသွားပြန်တော့လည်း ကစားလို့မရဘူး။ ကျွန်တော်တို့ ဧရာဝတီတိုင်းကတော့ အဓိက နေရာလိုအပ်တယ်။ နေရာမရှိတဲ့အခါကျ မဆော့ဖြစ်တော့ဘူး။ မဆော့ဖြစ်တော့ ကျွဲကူး ရေပါလိုပဲ ပစ္စည်းကိရိယာတွေလည်း မဖြည့်ဆည်းဖြစ်ဘူး။ နေရာရှိရင်တော့ ကျောင်းအုပ် ဆရာကြီးနဲ့ ကာယဆရာတွေက ဖြည့်ဆည်းပေးရတာပေါ့။ အဓိကတော့ ကျောင်းအုပ်ကြီးက အထက်ကို တင်ပြရမယ်။ ရပ်ကွက် ကျေးရွာလူထုနဲ့ ရပ်ကွက်မှာ ရှိတဲ့လူကြီးတွေနဲ့ ဆောင်ရွက်မယ်ဆိုရင် ရကောင်းရနိုင်တယ်။ နောက်ပြီး ကျောင်းတွေမှလည်း တခြား လုပ်ငန်းပိုင်းဆိုင်ရာတွေလည်း များတယ်။ နယ်ကျောင်းတွေဆိုရင် ကျောင်းအုပ်ကြီးတွေက ခဏခဏ မြို့ပေါ်သွားပြီး အစည်းအဝေး တက်ရတာတွေ၊ သင်တန်းတွေ သွားနေရတာမျိုးတွေဆိုတော့ သင်ကြားရေးကိုပဲ အဓိက သွားနေတဲ့သဘောဖြစ်နေတယ်။

အားကစားအတွက် ကျောင်းကဆရာ၊ ဆရာမတွေနဲ့ ကျေးရွာကလူကြီးတွေ ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းဆောင်ရွက်ရင် ရနိုင်တယ်။ အဆောက်အအုံအတွက်ကတော့ နိုင်ငံတော်ကနေ ဘတ်ဂျက်လေး နည်းနည်း သုံးပြီးချပေးသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအားကစားလုပ်ခြင်းက ကျွန်တော်တို့ သင်ကြားရေးဘက်မှာလည်း အထောက်အကူ ဖြစ်တယ်။ အားကစား လုပ်ခြင်းအားဖြင့် ကလေးတွေရဲ့ ကာယ ဉာဏ အကုန်လုံး ဖွံ့ဖြိုးသွားတယ်။ ကျန်းမာရေး ကောင်းလာတယ်။ စာသင်ကြားရေးမှာလည်း ဉာဏ်ရည်ဉာဏ်သွေးတွေ ပိုပြီးဖွံ့ဖြိုးလာမယ်။ အားကစားနဲ့သင်ကြားရေးကို တွဲပြီးလုပ်ရင်တော့ နှစ်ဖက်လုံးကို ဟန်ချက်ညီရင် တော့ အကောင်းဆုံးပါ။ အားကစားကြီးပဲထူးချွန်ပြီး သင်ကြားရေးကို စိတ်မဝင်စားဘူးဆိုရင်လည်း အဲဒီ ကလေးကို အားကစားမှာ ပိုထူးချွန်အောင် မြေတောင်မြှောက်ပေးသင့်တယ်လို့ မြင်ပါတယ်။ သူ့ရဲ့ဝါသနာအရ၊ သူ့ရဲ့ဗီဇအရ မြေတောင် မြှောက်ပေးမယ်ဆိုရင် အဲဒီကလေးရဲ့ဘဝက တိုးတက်လာမယ်။ ဒီလိုမှမဟုတ်ဘဲ ကျောင်းသားတိုင်းကို သင်ကြားရေးတစ်ခုပဲ အာရုံစိုက်နေမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီတော့ ကျောင်းတိုင်း ကျောင်းတိုင်း သင်ကြားရေးတစ်ခုတည်းမဟုတ်ဘဲ ကလေးတွေရဲ့ကာယ၊ ဉာဏ၊ စာရိတ္တ သုံးခုလုံးကို ဖွံ့ဖြိုးတိုးတက်ပါစေလို့ ပြောချင်ပါတယ်။

“နှစ်ခါသုံးခါလောက်ခုန်လိုက်ရင် ကစားကွင်းက ပြည့်သွားတယ်”
ဒေါ်သွယ်သွယ်အောင် (မူလတန်းပြ၊ အမက၊ ကျွန်းပြား၊ ဧရာဝတီတိုင်းဒေသကြီး)
 
ကျွန်မတို့ကျောင်းက ရွာ ၆ ရွာက ကလေးတွေ လာတက်တာ။ ၆ ရွာပေါင်းမှ ကျွန်မတို့ကျောင်း တစ်ကျောင်းပဲရှိတယ်။ ကျောင်းသားက ၁၄၃ ယောက် ရှိတယ်။ မူလတန်းကျောင်းဆိုတော့ ဒီဇင်ဘာလအစ မှာကတည်းက အားကစားပြိုင်ပွဲ လုပ်ပြီးပြီ။ ကလေး တွေဆိုတော့ ဘောလုံးပြိုင်ပွဲတို့၊ အပ်နဖားထိုးတို့၊ အာလူးကောက်တို့လိုမျိုးတွေ ပြိုင်တယ်။ အားကစား ပစ္စည်းတွေက ဘောလုံးတို့တော့ ရှိပါတယ်။ အာလူး ကောက်တို့ ဘာတို့ဆိုရင်တော့ ဝယ်လိုက်ရတာပေါ့။ အဓိက လိုအပ်တာက ဘောလုံးကွင်း မရှိဘူး။ ကျောင်းရှေ့မြေက ကျဉ်းတယ်။ အားကစား ပစ္စည်းတွေကလည်း နာဂစ်တုန်းက ပေးထားတာ ရှိတယ်။ နာဂစ်အလွန်ကျတော့ အဲဒီပစ္စည်းတွေက အကုန် ပျက်စီးကုန်ပြီ။ ကျောင်းတွေဘက်ကလည်း ပြန်မဝယ်နိုင်ဘူး။  ဘတ်စကက် ဘောကစားတဲ့ ခြင်းတို့လိုမျိုးတွေရောပဲ အကုန် ပျက်စီးနေပြီ။ ရွာဘက်ကလည်း မဝယ်ပေးနိုင်ဘူး။ နောက်ပြီး ကျောင်းဧရိယာ အကျယ်အဝန်းကလည်း ဆော့လို့ အဆင်မပြေတော့ ကစားစရာပစ္စည်းတွေလည်း ထပ်မထည့်ထားဘူး။ လိုအပ်တာက ခုလိုချိန်ဆိုရင် ဘက်တံတို့၊ ခြင်းလုံးတို့မရှိဘူး။

ကျွန်မတို့ကျောင်းမှာက အမျိုးသမီး ဆရာမတွေ များတယ်။ ၆ ယောက်ရှိတာမှာ ဆရာမက ၅ ယောက်ရှိတယ်။ အဲလိုမျိုးဆိုတော့ အားကစား သိပ်မလုပ်ဖြစ်ဘူး။ တောကျောင်းဖြစ်တာက တစ်ကြောင်းပေါ့။ ကျောင်း တိုင်းမှာက ဘောလုံးရှိပါတယ်။ အားကစားကွင်းပဲ မရှိတာ။ ကလေးတွေက ကျောင်းရှေ့နေရာတစ်ခုပဲကစား လို့ရတာ။ ဒါကလည်းမကျယ်ဘူး။ ကျန်တဲ့ဟာတော့ မရှိဘူး။ ကလေးကစားရုံလောက်ပဲ ရှိတယ်။ ဘောလုံး ကန်တာတို့ ပြိုင်ပွဲလုပ်တာတို့ကျ ဘုန်းကြီးကျောင်းရှိတယ်။ ကျောင်းရှေ့မှာသွားပြီး ကစားကွင်းပါဆိုပြီး ဘုန်းကြီးကိုလျှောက်ပြီး ကစားကွင်း လုပ်ရတယ်။ ရွာဘက်က လူတွေကလည်း ပညာရေး ပြောင်းလဲသွားလို့လား မသိဘူး။ ပညာရေးမှာ ထဲထဲဝင်ဝင် မသိသေးတာလားပေါ့။ ပူးပေါင်းတဲ့ရွာ ရှိသလို၊ မပူးပေါင်းတဲ့ရွာလည်းရှိတယ်။ ဘေးရွာကလည်း လာတက်တာဆိုတော့ မိုးတွင်းဆို အဆင်မပြေဘူး။ ဝါဆို၊ ဝါခေါင် ရေကြီးတဲ့အချိန်ဆို မိဘတွေ လာမခေါ်မချင်း ကလေးတွေကို ထိုင်စောင့်ပေးရတယ်။ ကလေးတိုင်းက အားကစား လုပ်ရတာ ကြိုက်ကြတယ်။ ဒါပေမဲ့ ပစ္စည်း မပြည့်စုံတော့ ပညာရေး ဝန်ကြီးဌာနက သင်ပေးထားတဲ့ ကစားနည်း အကုန်ကို မသင်ပေးနိုင်ဘူး။ ကလေးသေးသေးလေးတွေက ကျောင်းထဲမှာပဲ ဆော့လို့ရတယ်။ နည်းနည်း ကြီးတဲ့ကလေးတွေကျ ထုပ်ဆီးတိုးတာတို့၊ ခြင်းလုံး ခတ်တာတို့ဆိုရင် အပြင်မှာ ကစားရတာဆိုတော့ အဆင်မပြေဘူး။ ကစားနည်းပြရုံပဲ သင်ပေးလို့ ရတယ်။ ပြေးတာဆိုရင်လည်း မီတာအလိုက်ဆိုတော့ ကိုယ့်ကျောင်းကွင်းက နှစ်ခါသုံးခါလောက် ခုန်လိုက်ရင် ကစားကွင်းက ပြည့်သွားတယ်။ 

ကျွန်မတို့ ဒီလိုမြေနေရာ အဆင်မပြေတာအတွက် ဒီနှစ် အစည်းအဝေး လုပ်ထားတယ်။ မြေနေရာ ရှိတယ်။ ဒါပေမဲ့ ရေတွေက ခုချိန်ထိ မခြောက်သေးတော့ အဲဒီနေရာကို သဲဖို့ ဖို့အတွက် ပြင်နေတယ်။ ဧရာဝတီတိုင်းဆိုတော့ ရေတက် ရေကျ ရှိတယ်။ အဲဒီနေရာ သဲမှုတ်ဖို့ အစီအစဉ်ရှိတယ်။ အခုချိန်ကတော့ အရင်က ပညာရေးဝန်ကြီးဌာနနဲ့ ယူနီဆက်နဲ့ပေါင်းပေးတဲ့ အားကစားပစ္စည်းတွေက မရှိတော့ဘူး။ အဲဒါတွေက အပြင်က ဝယ်လို့မရဘူး။ ဝယ်ရင်လည်း အရည်အသွေး မမီဘူး။ အရည်အသွေး ကောင်းတာကျလည်း ဈေးက ကြီးပြန်ရော။ ကလေးတွေအတွက် ဝယ်မပေးနိုင်ဘူး ဖြစ်နေတယ်။ အဲဒီပစ္စည်းတွေကို စစ်တမ်းကောက်ပြီး ကျောင်းတွေမှာ ဘာအားကစားတွေ လုပ်နေလဲ၊ ဘာ ပစ္စည်းတွေ လိုအပ်လဲဆိုတာ စစ်တမ်း ကောက်စေချင်တယ်။ စစ်တမ်းကောက်ပြီး လိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးနိုင်ရင် ကောင်းတာပေါ့။ မဖြည့်ဆည်းပေးနိုင်ရင်လည်း ကျောင်းတွေမှာ ဘာတွေ လိုအပ်တယ်၊ ဘာတွေ ဖြည့်ဆည်းရမယ်ဆိုတာ ညွှန်ကြားစေချင်တယ်။ ဒါမှလည်း ကျောင်းအုပ်ကို ပြောလို့ရမယ်။ ရွာထဲကို ပြောလို့ရမယ်။ အဲလိုဆိုရင် ကလေးတွေလည်း ကစားလို့ရမယ်။ ကျွန်မတို့လည်း သင်ပေးလို့ရမယ်။ တကယ်တော့ အားကစားဆိုရင် ကျောင်းမှာက ကာယနဲ့ အားကစားအတွက် သီးသန့်ဆရာ၊ ဆရာမတစ်ယောက်ရှိရင် ပိုအဆင်ပြေတယ်။ ကျွန်မတို့က ခုအားတဲ့အချိန်လေးမှာပဲ သင်ရတယ်။ ဘာသာရပ်ဆိုလည်း ကျွန်မတို့ပဲဆိုတော့ အားကစားကို အဆင်ပြေသလိုပဲ ကြည့်သင်နေရတယ်။ ကျောင်းတွေ အားလုံးမှာ ကာယဆရာ တစ်ယောက်လောက် လိုအပ်တယ်လို့ အဲဒါလေးတော့ ပြောချင်ပါတယ်။

မြဇာခြည်သင်း

  • VIA