News

POST TYPE

TEACHER'S VOICE

ကျောင်းသားအသက်ကိုကယ်ရင်း သေဆုံးခဲ့သည့်ဆရာမကို ဂုဏ်ပြုဆု ထပ်မံချီးမြှင့်
25-Dec-2017
ရန်ကုန်၊  ဒီဇင်ဘာ ၂၄

ကျောင်းသားအသက်ကိုကယ်ရင်း သေဆုံးခဲ့သည့်ဆရာမ ဒေါ်သန်းသန်းဝေအား “တပည့်အတွက် အသက်ကိုနှင်း၍ ဆရာ့ဂုဏ်ကို အမြင့်ဆုံးထွန်းလင်းခဲ့သူ” ဂုဏ်ပြုဆုလက်မှတ်ကို ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ထပ်မံပေးအပ်ခဲ့သည်။ 

“တပည့်အတွက်၊ အသက်ကိုနှင်း၍ ဆရာ့ဂုဏ်ကို အမြင့်ဆုံးထွန်းလင်းခဲ့သူ” ခေါင်းစဉ်ဖြင့် ဂုဏ်ပြုဆုလက်မှတ်ကို အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဆရာမ ဒေါ်သန်းသန်းဝေကိုယ်စား မိသားစုဝင်များကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပညာတန်ဆောင်အုပ်ချုပ်ရေးမှူး  ဦးသောင်းခိုင်က “အဓိကတော့ အဲဒီဆရာမက မိမိကျောင်းက ကလေး၊ လမ်းဖြတ်ကူးတဲ့အချိန်မှာ မော်တော်ယာဉ်ကအလာ အဲဒီကလေးကိုကယ်ဖို့အတွက် တွန်းချလိုက်ပြီး သူကိုယ်တိုင် ကယ်လိုက်တယ်။ သူကတော့ သေသွားတယ်။ ကလေးကတော့ ရှင်သွားတယ်။ အဓိကတော့ မိမိရဲ့တပည့်ကို စွန့်စားပြီး အသက်ကယ်ခဲ့တဲ့အတွက် အာဇာနည်အာစရိယအနေနဲ့ အထူးပေးခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

မှော်ဘီမြို့နယ် မူလွန်ဆပ်သွားတောကျောင်း အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းဝေသည် ယခုနှစ် အောက်တိုဘာလဆန်းက ညနေပိုင်းအချိန် ကျောင်းရှေ့ ရန်ကုန်-ပြည်လမ်းမဘေးတွင် ရပ်နေစဉ်  အရှိန်လွန်ဝင်ရောက်လာသော ၁၂ဘီးကားတစ်စီး၏ ဘေးမှ မူလတန်းကျောင်းသားကို တွန်းထုတ်ကယ်တင်ရင်း အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါဆုပေးရန်အတွက် ပညာတန်ဆောင်အဖွဲ့အနေနှင့် အခင်းဖြစ်ပွားခဲ့သည့် နေရာများကို သွားရောက်ကြည့်ရှုခဲ့ပြီး သေဆုံးသူဆရာမ၏ မိသားစုဝင်များ၊ အသက်ရှင်ကျန်ခဲ့သော မူလတန်းကလေး၏ မိသားစုဝင်များနှင့် တွေ့ဆုံအတည်ပြုခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆရာမ ဒေါ်သန်းသန်းဝေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာအဖွဲ့ချုပ်က အောက်တိုဘာ ၇ ရက်တွင် ကျင်းပသော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အာဇာနည် အာစရိယဆုချီးမြှင့်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြတ်ဆရာဆုကို ထပ်မံ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် ပညာတန်ဆောင်ဆုနှင်းသဘင်ကို ဒီဇင်ဘာလ ၂၄ ရက် နံနက် ၉ နာရီတွင် ရန်ကင်းပညာရေးကောလိပ်၊ မြတ်ပညာခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ယှဉ်ပြိုင်ခဲ့ကြသော ခေါင်းစဉ်အမျိုးအစား ၈ ခုအတွက် ဆုရရှိသူ ၅၀ ဦးကို ဆုချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲအမျိုးအစားများမှာ ဘာသာပြန်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ဝတ္ထုလတ်ပြိုင်ပွဲ၊ တစ်မျက်နှာ ဝတ္ထုတိုပြိုင်ပွဲ၊ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ သင်ထောက်ကူကားချပ်နှင့် မူလတန်းအထက်ဆင့် ရုပ်ပြစာစီစာကုံးပြိုင်ပွဲများ ဖြစ်သည်။

မြဇာခြည်သင်း


  • VIA