News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ ( စာသင်ချိန်အတွင်း ဖေ့စ်ဘွတ်ခ်နှင့် ဖုန်းအသုံးပြုမှု )
14-Dec-2017 tagged as

ဆရာ၊ ဆရာမများအနေနှင့် စာသင်ချိန်အတွင်း ဖေ့စ်ဘွတ်ခ်သုံးခြင်း၊ ဖုန်းပြောခြင်း စသည့်ကိစ္စများ မလုပ်ရန် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နေပြည်တော်တွင်ပြုလုပ်သည့် အခြေခံ ပညာရေးဖိုရမ်တွင် သတိပေး ပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားခဲ့မှုအပေါ် ဆရာ၊ ဆရာမများ၏ သဘောထား အမြင်များကို ယခုတစ်ပတ် ဆရာများ၏ရင်ဖွင့်သံမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“လိုင်းပေါ်တက်ပြီဆိုတာနဲ့ ဆရာ၊ ဆရာမရှိတဲ့ စာသင်ခန်းကို သွားပြောပါတယ်”
ဦးစိုးကိုဦး (အထက်တန်းပြ၊ အင်္ဂလိပ်စာ၊ အ.ထ.က မိုင်းလား၊ ရှမ်းပြည်နယ်အရှေ့ပိုင်း)

ကျွန်တော်တို့ မိုင်းလားမြို့မှာဆိုရင် ကျောင်းကြီးဆိုလို့ ကျွန်တော်တို့ ကျောင်းတစ်ကျောင်းပဲ ရှိတာပါ။ ကျောင်းကြီးဆိုတာက အထက်တန်းကျောင်းကို ပြောတာပါ။ မူလတန်းကျောင်းကတော့ လေးကျောင်း ရှိပါတယ်။ ကျွန်တော်တို့ကျောင်းမှာ ကျောင်းအုပ်ကြီး က ကျောင်းကဆရာ၊ ဆရာမတွေနဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖရန့်စ်ဖြစ်ထားပါတယ်။ ကျောင်းအုပ်ကြီးက လိုင်း အမြဲတမ်း ဖွင့်ထားပါတယ်။ စာသင်ချိန်မှာ ဆရာ၊ ဆရာမ တစ်ဦးဦးက လိုင်းပေါ်တက်ပြီဆိုတာနဲ့ ဆရာ၊ ဆရာမ ရှိတဲ့ စာသင်ခန်းကို သွားပြောပါတယ်။ တစ်ခုခုကြောင့် သုံးနေတာဆိုရင်လည်း ဘာ့ကြောင့် သုံးတာလဲ။ ကျောင်းအုပ်ကလည်း အသစ်ပဲ ရှိသေးတယ်။ ကျောင်းကိုရောက်တာ မကြာသေးဘူး။ ကျောင်းကို ရောက်လာကတည်းက ဆရာ၊ ဆရာမတွေကို ပြောထားတယ်။ ကျောင်းကို ရောက်လာရင် ဖုန်းမသုံးဖို့ပါ။ အရေးကြီးကိစ္စရှိရင်လည်း လိုင်းတော့ မဖွင့်ရဘူး။ ဖုန်းပဲပြောရတယ်။ 

ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ တစ်နေကုန် သင်ရတဲ့ဆရာ၊ ဆရာမဆိုတာ မရှိပါဘူး။ အားလပ်ချိန်တွေ အနားပေးချိန်တွေမှာ အဲဒီချိန်တွေမှာတော့ သုံးကြပါတယ်ခင်ဗျ။ အဲဒီအချိန်တွေမှာလည်း စာစစ်စရာရှိရင် စစ်ကြပါတယ်။ ဖုန်းသုံးတာလည်း ရှိတော့ ရှိပါတယ်။ နည်းနည်းပါးပါးပဲ သုံးတာပါ။ တချို့ ကျောင်းတွေမှာတော့ ရှိတော့ရှိလိမ့်မယ်။ ကျွန်တော်တို့ မိုင်းလား ဆိုတာက အထူးဒေသဖြစ်တဲ့အတွက် တစ်နေရာ သွားမယ်ဆိုရင်တော့ မလွယ်ဘူး။ ဖေ့စ်ဘွတ်ခ် သုံးတာတို့ အွန်လိုင်း သုံးတာတို့က အားတဲ့အချိန်မှာတော့ သုံးသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကိုယ်ရေး ကိုယ်တာကိစ္စဖြစ်တဲ့အပြင် တခြား အထွေထွေ ဗဟုသုတတွေလည်း ရနိုင်လို့ပါ။ သုံးတတ်ရင်တော့ အသုံးတည့်ပါတယ်။ အွန်လိုင်းမှာလည်း ပညာရေးနဲ့ ပတ်သက်တာတွေ တွေ့နိုင်ပါတယ်ခင်ဗျ။ အဲဒါကြောင့် အားလပ်တဲ့အချိန်ဆိုရင်တော့ သုံးသင့်ပါတယ်။ စာသင်ချိန်မှာ သုံးတယ်ဆိုရင်တော့ ဒါက သူ့အတွက်လည်း အသုံး မဝင်ဘူး။ ကလေးအတွက်လည်း ထိခိုက်ပါတယ်။ ဆရာမတွေအနေနဲ့ကလည်း ဇာထိုး ပန်းထိုးလိုဟာမျိုးတွေက ကလေးတွေကို သင်ရမယ့်အချိန် ဆိုတာတွေ ရှိပါတယ်။ သင်ထားတဲ့နည်းလမ်းတွေကို မေ့မှာစိုးရိမ်ပြီး လေ့ကျင့်တာမျိုးတွေလည်း ရှိတယ်။ အဲလိုထိုးတာဆိုရင်တော့ ကောင်းတယ်။ ဒီလိုမဟုတ်ဘဲ လက်ဆောင်ပေးတာတို့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအတွက် သုံးဖို့ဆိုရင်တော့ မလုပ်သင့်ပါဘူး။ 

အဲဒီလို လုပ်နေတာမျိုးတွေရှိရင် ကျောင်းအုပ်တွေအနေနဲ့ ပြောသင့်တယ်။ သတိပေးသင့်တယ်။ အခြေခံပညာနှီးနှောဖလှယ်ပွဲမှာ ဝန်ကြီးပြောတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ပြောရရင် လိုင်းသုံးတယ်ဆိုတာက ကျွန်တော်တို့ အထက်တန်းမှာဆိုရင် အင်္ဂလိပ်စာနဲ့ ပတ်သက်တာကို မသိတာရှိရင် အွန်လိုင်းပေါ်မှာ ရှာတယ်။ ကိုယ်လိုချင်တဲ့ဟာတွေကို ဆရာတွေဂရုဖွဲ့ထားတယ်။ ကိုယ်သိချင်တာရှာလို့ မတွေ့ရင် ဂရုထဲမှာမေးလို့ရတယ်။ ကိုယ်မသိတာတွေကို ရှာဖွေလို့ရတယ်။ အဲလိုမဟုတ်ဘဲနဲ့ အပျော်သက်သက် ကိုယ်ရေးကိုယ်တာအတွက် သုံးမယ်ဆိုရင် မကောင်းဘူး။ ဒီလိုမျိုးတွေကို လက်မခံသင့်ပါဘူး။ ဥပမာ - ကိုယ့်ရဲ့စာသင်ချိန်မှာ ကိုယ်ရေးကိုယ်တာအတွက် အသုံး မချသင့်ပါဘူး။ ဒီလိုမျိုး ဖုန်းသုံးတာတွေ အပါအဝင်၊ ကိုယ်ရေး ကိုယ်တာအတွက် လုပ်နေတာတွေက သင်ကြားရေးမှာ ထိရောက်မှုမရှိဘူး။ ကလေးတစ်ယောက်သည် အတန်းပညာကို ရသင့်ရထိုက်သလောက် မရတော့ဘူး။ ကလေးက ဆရာ၊ ဆရာမအပေါ်မှာ လေးစားမှု လျော့သွားတယ်။ ဆရာ၊ ဆရာမအတွက်လည်း မကောင်းဘူး။

“ဆရာတစ်ယောက်အနေနဲ့လည်း မသင့်တော်ပါဘူး”
ဦးအောင်သူ (မူလတန်းပြ၊ အ.လ.က- မရွေး၊ သာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး)

အခြေခံပညာနှီးနှောဖလှယ်ပွဲမှာ ဝန်ကြီးပြောသွားတာ မှန်ပါတယ်။ အဲဒီနေ့က ဝန်ကြီးပြောသွားတာက ကာတွန်းပုံလေးတွေနဲ့ ပြောသွားပါတယ်။ ဆရာက စားပွဲပေါ်မှာ ခြေထောက်ကို တင်ထားပြီး ဖေ့စ်ဘွတ်ခ် သုံးနေတယ်။ အဲဒီအချိန်မှာ ရန်ဖြစ်တဲ့ကလေးက ရန်ဖြစ်၊ ဆော့တဲ့ကလေးက ဆော့နေတယ်။ အိပ်တဲ့ကလေးက အိပ်၊ စာရေးတဲ့ကလေးက ရေး။ အဲလိုပုံတွေက မြန်မာနိုင်ငံက ကျောင်းတွေမှာ အများဆုံးဖြစ်တယ်လို့ ဝန်ကြီးက မှတ်ချက်ပြုသွားပါတယ်။ ဒီဆရာတွေက စာသင်ခန်းတွေမှာ ဖုန်းသုံးတဲ့ကျောင်းတွေ ရှိသလို မသုံးတဲ့ ကျောင်းတွေလည်း ရှိပါတယ်။ တချို့ကျောင်းအုပ်ကြီးတွေကနေ ဆရာ၊ ဆရာမတွေ ကျောင်းလာရင် ဖုန်းကို ရုံးခန်းထဲမှာ ထားထားတယ်။ ကျောင်းပြန်မှပဲ ဖုန်းကိုယူခွင့်ပေးတယ်။ ဝန်ကြီးပြောတဲ့ ဆရာ၊ ဆရာမတွေလိုမျိုးတွေ ရှိတယ်။ ရှိတယ်ဆိုတာက ဆရာ၊ ဆရာမတိုင်းတော့ မဟုတ်ဘူး။ သုံးတဲ့ဆရာ၊ ဆရာမတွေလည်း ရှိတယ်။ ကျွန်တော်တို့ကျောင်းက ဖွံ့ဖြိုးဆဲကျောင်းဖြစ်တဲ့အတွက်ကြောင့်မို့ စာသင်ချိန်မှာ လိုင်းသုံးတာမျိုး တွေတော့မရှိဘူး။ သူတို့အားလပ်ချိန်တွေမှာ သုံးချင် သုံးမှာပေါ့။ စာသင်ချိန်မှာတော့ ဖုန်းလုံးဝသုံးပိုင်ခွင့် မရှိဘူး။ ပတ်ဝန်းကျင်ကျောင်းတွေမှာလည်း စာသင်ချိန် ဖုန်းသုံးတာမျိုး မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျောင်းအုပ်တွေက လဝက် အစည်းအဝေးတွေမှာပဲဖြစ်ဖြစ် ဆရာ၊ ဆရာမတွေကို ဆုံးမတယ်။ ပြောပြတယ်။ မလိုက်နာဘူးထင်တဲ့ ဆရာ၊ ဆရာမတွေကိုတော့ မပြောတော့ဘူး။ ကျောင်းအုပ်က သူဘာသာပဲ ပညာရေးမှူးရုံးကို ပြောတယ်။ ဘယ်ဆရာမကတော့ ပြောရတာ အဆင်မပြေဘူးဆိုတာမျိုး။ 

ကျွန်တော်တို့ကျောင်းမှာကတော့ ကျောင်းအုပ် ဆရာမကြီးက စည်းကမ်းချက် ထုတ်ထားတာမျိုး မရှိပေမယ့် နှုတ်နဲ့တော့ ပြောပါတယ်။ ဆရာတို့ ဆရာမတို့ ကလေးတွေရှေ့မှာ လိုင်းမသုံးဖို့၊ သီချင်းနားထောင်တာတွေ မလုပ်ဖို့ ပြောပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသင်ခန်းစာနဲ့ မဆိုင်တဲ့ ဇာထိုး၊ ပန်းထိုးလို အလုပ်တွေကိုလည်း မလုပ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကို ဒီလိုအိမ်တွင်းမှုတို့ လက်မှု လုပ်ငန်းတွေကို သင်ပေးဖို့ ကျောင်းမှာ အချိန်သက် သက်ရှိပါတယ်။ ဖွံ့ဖြိုးရေးချိန်မှာ ဒီလိုဇာထိုး၊ ပန်းထိုး တွေကို အိမ်တွင်းမှုပညာထဲမှာ ထည့်ပေးထားတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းတော့ ဆရာ၊ ဆရာမတွေ အနေနဲ့ ဒီလိုဇာထိုး၊ ပန်းထိုးလုပ်တာမျိုးတွေ သိပ်မရှိတော့ဘူး။ သင်တန်းဆင်းခါစ ဆရာမလေးတွေ ဆိုရင်တော့ လက်ဆောင်ပေးဖို့တို့၊ ထိုးတာမျိုးတွေ ရှိလိမ့်မယ်။ ကျွန်တော်တို့ သင်တန်းဆင်းခါစကလည်း လုပ်ဖူးတယ်။ ဖျာရက်တာတို့ ထရံရက်တာတို့ လုပ်ဖြစ်တယ်။ ဒါပေမဲ့ မလုပ်သင့်ဘူး။ ကျောင်းတွေမှာ နားချိန်ကသတ်သတ် ပေးပြီးသားပါ။ စာသင်ချိန်တွေမှာ ကလေးတွေကို အာရုံ စိုက်စေချင်ပါတယ်။ 

ဒီလိုမျိုး စသင်ချိန်မှာ ဆရာက ဖေ့စ်ဘွတ်ခ် သုံးတာပဲဖြစ်ဖြစ်၊ ဇာထိုး၊ ပန်းထိုးလုပ်တာပဲဖြစ်ဖြစ် ကလေးတွေရှေ့မှာ ဖြစ်တဲ့အတွက် ကလေးတွေက လက်ရှိလုပ်နေတဲ့ သင်ကြားရေးကို စိတ်မဝင်စားဘဲနဲ့  ဆရာလုပ်နေတာကိုပဲ အာရုံစိုက်နေတဲ့အတွက်ကြောင့် သင်ကြားရေးမှာ မအောင်မြင်နိုင်ဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ အဲဒါကြောင့်မို့ ဆရာ၊ ဆရာမတွေ အနေနဲ့ သင်ကြားရေးနဲ့သက်ဆိုင်တာကို လုပ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အဲလိုမျိုးလုပ်တာတွေက ဆရာတစ်ယောက်အနေနဲ့လည်း မသင့်တော်ပါဘူး။ ကလေးတွေအတွက်လည်း အများကြီး နစ်နာပါတယ်ခင်ဗျ။ ဆရာ၊ ဆရာမတွေအနေနဲ့ ထိုက်သင့်တဲ့ လစာလည်း ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့် သူတို့တန်ရာ၊ တန်ကြေးလေးအနေနဲ့ ကလေးတွေကို စေတနာလေး ထားပြီး သင်ကြားပေးသင့်ပါတယ်။ ဒီစာသင်ခန်းထဲမှာ ကိုယ့်သားသမီးသာ ရှိရင်ဆိုတဲ့ အတွေးမျိုး ထားစေချင်ပါတယ်။

“စာမေးပွဲအခန်းစောင့် တာဝန်ကျနေချိန်မှာ ကျွန်မဘေးက ဆရာတစ်ယောက်က ဖုန်းသုံးနေတာ ကြုံဖူးတယ်”
ဒေါ်ဇာခြည်ဝင်း (အလယ်တန်းပြ၊ အလက၊ ဘူးကုန်း၊ ကန့်ဘလူမြို့နယ်)

စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမတွေ ဖေ့စ်ဘွတ်ခ် သုံးတာ မြန်မာနိုင်ငံမှာ အများဆုံး ဖြစ်တယ်လို့ ဝန်ကြီး ပြောတယ်ဆိုတာ မှန်ပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ စာသင်ခန်းထဲမှာ ဖေ့စ်ဘွတ်ခ် သုံးတဲ့သူရှိသလို ဖုန်းကို စာသင်ခန်းထဲတောင် မယူတဲ့သူတွေလည်း ရှိပါတယ်။ ဒါကလည်း ကျောင်းအုပ်အပေါ်မှာ အများကြီး မူတည်တယ်။ ကျောင်းအုပ်က စည်းကမ်း သတ်မှတ်ထားရင် လိုက်နာကြရမှာပဲ။ မလိုက်နာဘူးဆိုရင်လည်း အနည်း အကျင်းပဲ ရှိမယ်။ ခုကျတော့ ကျောင်းတွေမှာက စာသင်ခန်းတွင်း ဖုန်းမကိုင်ဖို့နဲ့ ပတ်သက်ပြီး ကျောင်းအုပ်တွေကလည်း တင်းတင်းကျပ်ကျပ် မသတ်မှတ်ကြဘူး။ ကျွန်မတို့ကျောင်းမှာရော ပတ်ဝန်းကျင်မှာပါ စာသင်ချိန်အတွင်း ဖေ့စ်ဘွတ်ခ် သုံးတဲ့သူတွေ ရှိကြတယ်။ ကျွန်မကိုယ်တိုင်လည်း တစ်ခါတစ်ရံ သုံးဖြစ်တယ်။ စာသင်ချိန်တွင်းမှာဆိုရင်တော့ သုံးခဲပါတယ်။ မုန့်စား ဆင်းချိန်ဆိုရင်တော့ ခဏ ဖွင့်ဖြစ်တယ်။ တချို့ဆရာ၊ ဆရာမတွေကတော့ စာသင်ခန်းတွင်းမှာကို နေ့တိုင်း သုံးနေကြတာ မြင်ရတယ်။ ကျွန်မမြို့မှာ ၈ တန်း စာမေးပွဲ အခန်းစောင့်တာဝန်ကျနေချိန်မှာ ကျွန်မဘေးက ဆရာ တစ်ယောက်က ဖုန်းသုံးနေတာ ကြုံဖူးတယ်။ ပြောချင်ပေမယ့် ပြောလို့ မသင့်တော်ဘူး။ ဆရာ၊ ဆရာမတွေအနေနဲ့က စာသင်ချိန်မှာ ဖုန်းသုံးတာပဲဖြစ်ဖြစ်၊ ချည်ထိုးတာပဲဖြစ်ဖြစ် ဘယ်လက်မှုလုပ်ငန်းကိုမှ မလုပ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာ၊ ဆရာမဆိုတာ အတန်းတွင်းမှာ ကလေးတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေသင့်တာ။ 

ကလေးတွေဆိုတာ သေချာ ဂရုစိုက်နေတဲ့ကြားကကို တစ်ယောက်နဲ့တစ်ယောက် ခိုက်ရန်ဖြစ်တာ၊ စတာ နောက်တာတွေကလည်း ရှိကြတယ်။ ဆရာက လုပ်ချင်ရာလုပ်နေရင် သူတို့ကိုလည်း လုပ်ချင်ရာလုပ်ခွင့် ပေးထားသလိုမျိုးဖြစ်ပြီး ကျောင်းသားတွေက သင်ခန်းစာပေါ်မှာ အာရုံစိုက်မှု အားနည်းလာမှာ။ ဒါကြောင့် ကလေးတွေကို ကိုယ့်ရဲ့ စာသင်ချိန်တွေမှာ သေချာ ဂရုစိုက်သင့်တယ်။ အဲဒီလို စာသင်ခန်းတွင်းမှာ ဖေ့စ်ဘွတ်ခ် သုံးတာတွေကို ကျောင်းအုပ်ကြီးတွေအနေနဲ့ စည်းကမ်း ချမှတ်ပေးသင့်တယ်။ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်ကလည်း ကိုယ့်အသိတရားနဲ့ကိုယ် တာဝန်ယူစိတ်ရှိကြရင် ပိုကောင်းပါတယ်။ တာဝန်ဆိုတာထက် ကလေးတွေအပေါ်မှာ စေတနာထားကြရင် အကောင်းဆုံး ဖြစ်မှာပါ။ ဒါကြောင့် ဆရာ၊ ဆရာမတွေကို ပြောချင်တာက ဖြစ်နိုင်မယ်ဆိုရင် ဖုန်းအသုံးပြုတာကို အနားပေးတဲ့အချိန်တို့ ကျောင်းလွတ်တဲ့အချိန်တို့လို ကိုယ်ပိုင်ချိန်တွေမှာပဲ သုံးကြရင် သင်ကြားရေးမှာ အားပိုစိုက်နိုင်တဲ့အတွက် ကလေးတွေအတွက် ပိုအကျိုးရှိပါတယ်။ ကလေးတွေအပေါ်မှာ တာဝန်ရှိလို့ သင်ကြားပေးတယ်ဆိုတာထက် စေတနာလေးတွေ မွေးပြီး သင်ကြားပေးရင် ပိုကောင်းပါတယ်လို့ ပြောချင်ပါတယ်။

မြဇာခြည်သင်း 

  • TAGS