News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ
15-Jul-2016

အခြေခံပညာအဆင့်တွင် သင်ရိုးညွှန်းတမ်း ပြောင်းလဲရေးမှအစ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ အခြေခံပညာ ဆရာများ အနေနှင့်မူ တာဝန်ကျသည့် ကျောင်းရှိရာ အရပ်ဒေသမှာ နေအိမ်နှင့် ဝေးလံ၍ အသွားအပြန် မလွယ်ကူသည်များ၊ နေထိုင်ရ အဆင်မပြေမှုများ ကြုံတွေ့နေရဆဲ ဖြစ်သည်။ အထူးသဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း အစရှိသည့် ဒေသများရှိ ဝေးလံခေါင်းဖျား ကျေးရွာများတွင် တာဝန်ကျသည့် ဆရာများအနေနှင့် ရေလမ်း၊ ကုန်းလမ်း သွားလာရမှုမှာ အသက်အန္တရာယ်အထိ စိုးရိမ်စရာ အခြေအနေများ ရှိသည်။ ထိုနည်းတူ ဆရာမများကို  ခြိမ်းခြောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ပြုမူစော်ကားခြင်း စသည့် လူမှုဘဝ မလုံခြုံမှုများမှာ ယနေ့တိုင် ရှိနေဆဲ ဖြစ်သည်။ သို့ကြောင့် အခြေခံပညာအဆင့် ဆရာများ၏ နေရေး၊ သွားရေး၊ လုံခြုံမှု စသည့် အခက်အခဲများကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် ဖော်ပြလိုက်ပါသည်။ 

“ဆိုင်ကယ်ဘီးတွေမှာ ချိန်းတွေပတ်ပြီး ၄ နာရီလောက် ကြာအောင် အတိမ်းအစောင်း မရှိအောင်ထိန်းပြီး သတိကြီးကြီးနဲ့ မောင်းရတယ်”
နန်းခမ်းယု (ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုင်းဖြတ်ရွာ မူလတန်း ကျောင်းဆရာမ)

ကျွန်မက ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ နေထိုင်သူတစ်ဦးပါ။ ကျောင်းဆရာမ ဖြစ်တဲ့အတွက် ကိုယ်တာဝန်ကျရာ အရပ်ကို သွားရောက် တာဝန်ထမ်းဆောင်ဖို့ ဝတ္တရားတစ်ရပ် ရှိလာခဲ့ပါတယ်။ ကျွန်မကို ပေးအပ်တဲ့ တာဝန်နဲ့အတူ အဲဒီရွာလေးကို သွားဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီရွာလေးကတော့ ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အလယ် ကယန်းကျေးရွာ အုပ်စုထဲက ရန်းခူဆိုတဲ့ ရွာလေး ဖြစ်ပါတယ်။ အိမ်ခြေ ၅၄ အိမ်နဲ့ ဖွဲ့စည်းထားတဲ့ ရွာလေးပေါ့။ အိမ်တိုင်တွေအတွက် မြေမတူးဘဲ ကျောက်ဆောင်ကြီးတွေပေါ်မှာ အဆောက်အအုံတွေကို တင်ရုံတင်ထားပြီး နေထိုင်လေ့ ရှိကြတဲ့ ရွာသူရွာသားများနဲ့ သူတို့ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ရိုးရာဓလေ့၊ ဖြူစင်နွေးထွေးတဲ့ ကြိုဆိုမှုတွေမှာ အဲဒီရန်းခူရွာလေးဆီကို လာရောက်ဖို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုတွေ ဖြစ်ပါတယ်။ တိမ်ငွေ့တွေနဲ့ တစ်တန်းတည်း ရှိနေတဲ့ အဲဒီတောင်ပေါ် ကျေးရွာမှာ ပကတိ စိမ်းစိုလှပပြီး အေးအေးချမ်းချမ်း နေချင်သူတစ်ဦး အဖို့ အလွန်သင့်တော်တဲ့အရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအေးချမ်းတဲ့ နေရာကို ရောက်ဖို့ စိတ်မအေးချမ်းစွာနဲ့ လမ်းကြမ်းခရီးကိုတော့ ဖြတ်ကျော်ဖို့ လိုပါတယ်။ 

တာဝန်ကျရာ ရန်ခူးရွာကိုရောက်ဖို့ ကျွန်မနေထိုင်ရာ ဖယ်ခုံမြို့ကနေ ၅ နာရီလောက် ကုန်နဲ့ ခရီးသည်တွေကို အချိုးမကျ၊ မမျှမတ တင်ဆောင်ကြတဲ့ လိုင်းကားနဲ့ ခွီးတလုတ်ရွာကို သွားရပါတယ်။ ခွီးတလုတ် ရွာကနေ ရန်းခူရွာကိုသွားဖို့ ရွာက ဆိုင်ကယ်သမား သုံးဦးလောက် စောင့်ကြိုနေကြမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ကျွန်မ တာဝန်ကျတဲ့ ရန်းခူရွာကို သွားတဲ့ကားလမ်း မရှိတာကြောင့် ဖြစ်ပါတယ်။ လမ်းရဲ့ အကျယ်က နှစ်ပေခွဲကနေ လေးပေလောက်သာရှိပြီး ဘေးတစ်ဖက်မှာတော့ အချိန်မရွေး ပြိုကျနိုင်တဲ့၊ ပြိုကျလျက်ရှိတဲ့ တောင်ကမ်းပါးယံနဲ့ အခြားတစ်ဖက်မှာ ကြီးမားနက်ရှိုင်းတဲ့ ချောက်ကြီးတွေသာ ရှိလို့ဖြစ်ပါတယ်။ အဲဒီလို ကျဉ်းမြောင်းတဲ့ လမ်းခရီး တစ်လျှောက်မှာ ထိုးစိုက်ဆင်းသွားတဲ့ အဆင်းတွေအပြီး မတ်စောက်တဲ့ အတက်တွေနဲ့ မြေပြန့်လမ်းတွေနဲ့ တော်တော်ကွာခြားတာဟာ ခရီးသွားရင်း ရသမျိုးစုံကို ခံစားရမှာ ဖြစ်ပါတယ်။ အတက်အဆင်းတွေနဲ့ ဒီခရီးလမ်း တစ်လျှောက်မှာ မြေပြန့်လမ်းကိုတော့ တွေ့ရမှာ မဟုတ်ပါဘူး။ 

အဲဒီအတက်အဆင်း များစွာနဲ့ ကျဉ်းမြောင်းတဲ့ လမ်းမထက်မှာ အဖုအထစ် ချိုင့်ခွက်တွေ များစွာနဲ့လည်း ရင်ဆိုင်ရတာကြောင့် မြဲမြဲခိုင်ခိုင် ကိုင်မထားရင်တော့ တစ်စုံတစ်ရာ လွဲချော်ခဲ့ရင် မတွေးရဲနိုင်စရာ ရှိပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို နှစ်နာရီခန့် စက္ကန့်မလပ် ရင်ဖိုစိတ်လှုပ်ရှားစွာ စီးနင်းလိုက်ပါရမှာ ဖြစ်ပါတယ်။ တော်တော်ခက်ခဲကြမ်းတမ်းတဲ့ အချိုးအကွေ့တွေ အဆင်း၊ အတက်တွေနဲ့ အချို့နေရာတွေမှာ လမ်းဆင်းလျှောက်မှသာ သက်သာမှာပါ။ မိုးရာသီမှာ လမ်းချော်တာကို အန်တုဖို့ ဆိုင်ကယ်ဘီးတွေမှာ ချိန်းတွေပတ်ပြီး ၄ နာရီလောက်ကြာအောင် အတိမ်းအစောင်း မရှိအောင် ထိန်းပြီး သတိကြီးကြီးနဲ့ မောင်းရတယ်။ အဲဒီနောက်မှာတော့ ကျွန်မ တာဝန်ကျတဲ့ ရန်းခူရွာလေးကို ရောက်ပါပြီ။ ဘယ်လိုပဲရှိရှိ ကျွန်မ ဖြတ်ကျော်လာခဲ့တဲ့ လမ်းကြမ်းခရီးထက် ပိုမိုခက်ခဲကြမ်းတမ်းပြီး ပိုမိုဝေးလံခေါင်သီတဲ့ အရပ်ဒေသကို သွားရောက် တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမ များစွာလည်း ရှိနေပါသေးတယ်။ အဲဒီလို ဆရာ၊ ဆရာမတွေကို လေးစားဂုဏ်ယူခြင်းနဲ့အတူ သူတို့ဘဝတွေအတွက် တွေးရင်း စိတ်လေးရပါတယ်။ 

ကျွန်မအနေနဲ့ကတော့ တာဝန်ကျတဲ့ ရန်ခူးရွာက နေ့ချင်းသွားပြန်လို့ရတဲ့ ခရီးမျိုး မဟုတ်တော့ အဲဒီရွာမှာ သွားပြီး တာဝန်ထမ်းပြီဆိုရင် ကျောင်းရက်ရှည်ပိတ်မှ အိမ်ပြန်ရပါတယ်။ အိမ်ကို တစ်နှစ်မှ နှစ်ခေါက်လောက် ပြန်ဖြစ်ပါတယ်။ အဲဒီရွာမှာပဲ ရွာကလူတွေ ဆောက်ပေးတဲ့အိမ်မှာ နေရပါတယ်။အရင်အိမ်ဟောင်းကတော့ တော်တော်စုတ်နေလို့ အသစ်ဆောက်ပေးထားပါတယ်။ ဒါကတော့ ကျွန်မတို့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် အတွင်းက တာဝန်ကျရာ ဒေသမှာ တာဝန်ထမ်းဖို့ သွားရ၊ နေရတဲ့ အခက်အခဲတွေပါ။ 

နိဂုံးချုပ်ကတော့ ကျွန်မတို့ ဖယ်ခုံမြို့နယ် တစ်ခုတည်းကိုပဲ အရင်ပြောပြပါရစေ။ ကျွန်မတို့ ဖယ်ခုံမြို့နယ်က နယ်မြေကျယ်ပါတယ်။ နယ်မြေကျယ်သလောက် ပညာတတ်က သိပ်မရှိလှပါဘူးရှင့်။ ပညာတတ် တချို့ကလည်း ကျောင်းဆရာမ၊ အစိုးရဝန်ထမ်းလို မျိုးတွေကို သိပ်စိတ်မဝင်စားတာကလည်း တစ်ကြောင်းပေါ့။ နယ်မြေ ကျယ်ပြန့်တာနဲ့အညီ ဒေသအသီးသီးက ကျောင်းတွေမှာ သွားရောက်တာဝန်ထမ်းရပါတယ်။ ဒေသခံတွေမှာ ပညာတတ်တွေဆိုတာ မရှိသလောက် ရှားပါတယ်။ ကျွန်မအနေနဲ့ပြောရရင် ပထမအချက် ပညာတတ် နည်းပါးပြီး ဆရာအင်အား မလုံလောက်လို့ပါ။ ဒုတိယအချက်က စီမံခန်ခွဲမှုလည်း လိုသေးတယ်လို့ ကျွန်မ မြင်မိပါတယ်။          

“ဓားလက်နက်ကိုင်ပြီး ကျွန်မတို့နေတဲ့ အိမ်ထရံကို လာချိုးတဲ့အထိ အတင့်ရဲ မခန့်လေးစား လုပ်ပါတယ်”
ဒေါ်ထက်ထက်ဆွေ (အလယ်တန်းပြ အလက (၇) လားရှိုးမြို့)

ကျွန်မတို့နိုင်ငံရဲ့ လက်ရှိ အာရုံစိုက်စရာတစ်ခု ဖြစ်တဲ့ ပညာရေးရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေ များစွာရှိတဲ့ အထဲကမှ အခြေခံပညာရေး ဝန်ထမ်းတွေရဲ့ လူနေမှု ဘဝဟာလည်း အဓိကကျတဲ့ ကဏ္ဍတစ်ရပ် ဖြစ်တယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။ အများသိကြသည့် အတိုင်းပါပဲ အခြေခံပညာက ဆရာ၊ ဆရာမတွေအတွက် ဝန်ထမ်းအိမ်ရာ အစီအစဉ်ဆိုတာ နေပြည်တော်လို နေရာကလွဲရင် မရှိသလောက် (နီးပါး) ပါ။ ဘယ်မြို့မှာမဆို အခြားဝန်ထမ်းတွေဟာ မိသားစုပါ နေထိုင်ရေး အဆင်ပြေတတ်ပါတယ်။ ဥပမာ- ကျန်းမာရေးဌာန၊ စည်ပင်၊ ထွေ/အုပ်၊ ဆက်သွယ်ရေး၊ ရဲဌာန၊ စစ်တပ်၊ သစ်တော၊ လျှပ်စစ်၊ လဝက၊ ကညန၊ အဆင့်မြင့်ပညာ၊ ဆောက်လုပ်ရေး၊ စီမံကိန်း စသည်ဖြင့်ပေါလေ။ ရှိခဲ့ရင်လည်း ရပ်/ရွာ ကောင်းတဲ့ ဒေသလောက်သာ ရပ်/ရွာ ကောင်းမှုနဲ့ပေါ့။ 

အခြေခံပညာက ဆရာ၊ ဆရာမများဟာ အင်အားများလို့ မိခင်ဌာန လုပ်ငန်းမဟုတ်တဲ့ အင်အားပြရတဲ့ ကိစ္စတွေမှာလည်း အသုံးတော်ခံရလေ့ ရှိပြီး အခွင့်အရေးမှာတော့ သာတူညီမျှ မရတဲ့အတွက် မိအေးနှစ်ခါ နာကြရပါတယ်။ ကျွန်မတို့ကျောင်းက ဆရာမတွေဟာ (လစာ- ၁၆၅,၀၀၀ မှာ) တစ်လစာ အိမ်လခ ငါးသောင်းကနေ ခြောက်သောင်းအထိ ပေးပြီး ငှားရမ်းနေထိုင်နေကြရပါတယ်။ စားဖို့ဝတ်ဖို့ထက် တစ်လတစ်လ အိမ်ငှားခ လုပ်ကျွေးနေရသလိုပါ။ မြို့ပေါ်မို့လို့လား မေးစရာ ရှိပါ့မယ်။ အချို့လည်း (အနည်းစုသာ) ကျောင်းဝင်းထဲမှာ နေခွင့်ရကြပါတယ်။ ကျောင်းဝင်းထဲ နေထိုင်ရတယ် ဆိုတာက ဝန်ထမ်းအိမ်ရာနဲ့ အဓိပ္ပာယ် မတူပါဘူး။ ကပ်နေရသလိုလို မျက်နှာရိပ် ကြည့်နေရတာမျိုးပါ။ အများထက် ပိုပြီး အနစ်နာခံ အလုပ်လုပ် ပေးရတာလည်း ရှိပါသေးတယ်။ ဒါဟာ မညီမျှခြင်း အသေးစားပါ။ 

ကျွန်မ ကိုယ်တွေ့အရ မြို့နယ်လေးတွေ၊ ရွာတွေမှာလည်း အများအားဖြင့် လုံခြုံမှုမရှိဘဲ ကျီးလန့်စာ စားနေကြရပါတယ်။ ကျွန်မတို့ ပထမဆုံး တာဝန်ကျခဲ့တဲ့ သီပေါမြို့ အထက (၂) မှာ ဒေသခံ မဟုတ်သော ကျွန်မတို့ ဆရာမ ခြောက်ယောက်ဟာ ကျောင်းဝင်းထဲက ထရံအိမ်လေးမှာ နေကြပါတယ်။ မြို့ပေါ်ဖြစ်ပြီး ရဲစခန်းနဲ့ အကျဉ်းထောင်တို့ရဲ့ အလယ်မှာ ရှိတာတောင် လုံခြုံမှု မရှိပါဘူး။ ကျောင်းဝင်းထဲကို ဘိန်းစားတွေ အမြဲဝင်ပါတယ်။ ဓားလက်နက်ကိုင်ပြီး ကျွန်မတို့နေတဲ့ အိမ်ထရံကို လာချိုးတဲ့အထိ အတင့်ရဲ မခန့်လေးစား လုပ်ပါတယ်။ ဘယ်သူကာကွယ်ပေးလဲ။ ဘယ်သူမှ မကာကွယ်ပေးနိုင်ဘူး။ သေခါမှ သေရောပဲ။ နေရတာပါပဲ။ ဒါဟာ လုံခြုံတဲ့ ဝန်ထမ်းအိမ်ရာ မဟုတ်ခြင်းကြောင့်ပါ။ ရွာတစ်ရွာကို တာဝန်ကျတဲ့ ကျွန်မ သူငယ်ချင်းဆို ဆရာနဲ့ ဆရာမ နှစ်ယောက်ကို အခန်းမရှိတဲ့ အိမ်တစ်လုံးထဲမှာ အတူထားတော့ မနေနိုင်လို့ အလုပ်ပဲ စွန့်လာခဲ့ရတယ်။ မိုးတွင်းဆို တက်ဖို့ဆင်းဖို့ မဖြစ်နိုင်တဲ့ စစ်ဆေးရေးတောင် မသွားနိုင်တဲ့ ရွာကို တာဝန်ကျတဲ့ ညီမလေးဆို နေရမယ့်နေရာက မလုံခြုံတဲ့အပြင် အရေးအကြောင်း ရှိလို့မှ လှမ်းအော်ရင် ဘယ်သူမှ မကြားနိုင်တဲ့ နေရာမျိုးမို့လို့ အလုပ်မဝင်နိုင်တာလည်း ရှိပါတယ်။ မသမာသူ၊ သူပုန် စသည်ဖြင့် အန္တရာယ်တွေကြားမှာ တာဝန်ကို မစွန့်လွှတ်နိုင်တဲ့ ဆရာမငယ်လေးတွေ အမှန်တကယ် ရှိနေပါတယ်။ 

ပြောချင်တာက နေထိုင်ရေးဟာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေ ကွာခြားပြီး ဝန်ထမ်းချင်း အတူတူ ဖြစ်ပေမယ့် မညီမျှချက်တွေ များနေတယ်လို့ ထင်ပါတယ်။ ဆရာမ တစ်ယောက်ဟာ တာဝန်ကျရင် သင်ကြားရေး ဘယ်လိုပေါက်မြောက်အောင် သင်မလဲ တွေးဖို့ထက် နေထိုင်ရေး အခက်အခဲက အရင်စီးကြိုနေမှာပဲ။ နေထိုင်ရေးအတွက် သာမက သွားလာရေး ခက်ခဲမှု နှစ်မျိုးစလုံး များစွာရှိနေပါတယ်။ မြို့နဲ့ဝေးပြန်တော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို အစစအရာရာ လူနေမှု နိမ့်ကျရပါတယ်။ 

တစ်ခါတစ်ခါ မြို့တက်၊ အစည်းအဝေးသွား၊ အိမ်ပြန်လိုက်ရင် လစာက ကုန်ရော။ မြို့နဲ့အလှမ်းနီးပြန်တော့ နေ့စဉ် သွားလာရတဲ့ ဒုက္ခဟာ မသေးလှပါဘူး။ နေပူ၊ မိုးရွာမရှောင် ဟိုက်ဝေးလမ်းမကြီးတွေဘေးမှာ နေ့စဉ်နဲ့အမျှ အချိန်မှန် ကားတားပြီး စီးနေရတာဟာ အခြေခံပညာက ဆရာ၊ ဆရာမတွေသာ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ အချို့က ရိသဲ့သဲ့၊ အချို့က ငြူစူ၊ အချို့ကလည်း တရိုတသေပေါ့။ မျက်နှာငယ်ကြရပါတယ်။ ဤသို့ အခက်အခဲများ ရှိနေကြတဲ့ ဝန်ထမ်း (အများစုဟာ) မိမိအလုပ်တာဝန်နဲ့ မိမိတာဝန်ကျရာဒေသ တိုးတက်ရေး၊ အောင်မြင်ရေးထက် အဆင်ပြေရာ ဒေသများသို့သာ ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်ကြပါလိမ့်မယ်။ 

ဘယ် (အစိုးရ/ပုဂ္ဂလိက) လုပ်ငန်းမဆို သစ္စာစောင့်သိတဲ့၊ တာဝန်သိတဲ့ ဝန်ထမ်းတွေနဲ့ တည်ဆောက်မှ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဝန်ထမ်းလုပ်ငန်းခွင် ပျော်ရွှင်တက်ကြွ သစ္စာစောင့်သိဖို့ စိတ်ဓာတ်ရော လူနေမှု မြှင့်တင်ပေးရမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာအဆင့်ထိ မဟုတ်တောင် အခြားဝန်ကြီးဌာနတွေ နည်းတူ အခြေခံပညာက ဆရာ၊ ဆရာမတွေရဲ့ လူနေမှုဘဝကို တန်းတူရှိအောင် ကူညီမြှင့်တင်ပေးမယ် ဆိုရင်တော့  စိတ်ဓာတ်တွေ မြင့်မားပျော်ရွှင်ပြီး လုပ်ငန်းတာဝန်တွေကို ပိုမိုအာရုံစိုက်ပြီး တိုးတက်မှုကို ပိုပြီး ဦးတည်နိုင်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ 

အဆုံးသတ် အနေနဲ့ကတော့ မြို့ကြီးတွေမှာရှိတဲ့ အဆင်ပြေ ချောမွေ့နေတဲ့ ဆရာ၊ ဆရာမ ဦးရေနဲ့  မြို့နယ်၊ ကျေးလက်များ၌ တာဝန်ကျ၍ အခက်အခဲရှိနေတဲ့ ဆရာ၊ ဆရာမ ဦးရေကို ချိန်ဆပြီး ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ထောင့်တစ်ကဏ္ဍအဖြစ် ထည့်သွင်းစဉ်းစားပေးနိုင်ဖို့ မျှော်လင့်ရင်း အခြေခံပညာရေး မောင်နှမများကိုယ်စား တင်ပြလိုပါတယ်။          

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)