News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ကျောင်းသားနှင့် လူမှုကွန်ရက်မီဒီယာ)
16-Nov-2017 tagged as

မြန်မာ့လူမှု အသိုင်းအဝိုင်းတွင် လူမှုကွန်ရက်မီဒီယာကို အရွယ်ရောက်ပြီးသူများကအစ အလယ်တန်း၊ အထက်တန်း ကျောင်းသားအရွယ်များပါမကျန် အသုံးပြုကြသည်။ သို့သော် မှန်ကန်သည့်အသုံးပြုနည်း ဟုတ်၊ မဟုတ် မိမိကိုယ်ကို ဝေဖန်ဆန်းစစ်နိုင်မှု ကျောင်းသားများအတွက် ပြောစရာ ကျန်နေပါသေးသည်။ အလယ်တန်း၊ အထက်တန်းအရွယ် ကျောင်းသား၊ ကျောင်းသူအချို့ လူမှုကွန်ရက်၏ သားကောင်ဖြစ်သွားသည့် သာဓကများလည်း သတင်းစာနှင့် လူမှုကွန်ရက်တွင် မကြာခဏ တွေ့နေရ၊ ဖတ်နေရပါသည်။ မှန်ကန်သည့် အသုံးပြုနည်းဖြစ်စေရန်၊ ပညာသင်ယူမှုကို မထိခိုက်စေရန် ဆရာများနှင့် မိဘများက ဝိုင်းဝန်းစောင့်ကြည့် ထိန်းမတ်ပေးရမည်ဖြစ်သည်။ ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် ဆရာများ၏ သဘောထားအမြင်များကို The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“စာသင်ခန်းမှာ ပုံနှိပ်ပြဋ္ဌာန်းစာအုပ်၊ မေးခွန်းဟောင်းစာအုပ်၊ မှတ်စုစာအုပ် ဒါတွေက သူတို့ကို မဆွဲဆောင်နိုင်တော့ဘူး”
ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ အထက(၇) ကလေးမြို့)

အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူတွေကြား ဖုန်းအသုံးပြုမှု၊ ဖေ့စ်ဘွတ်ခ် အသုံးပြုမှု အပါအဝင် လူမှုကွန်ရက် အသုံးပြုမှုကိစ္စ ပြောဖို့လိုနေပြီလို့ ပြောလို့လည်း ရပါတယ်။ လိုနေပြီလို့ပဲ ပြောပါရစေ။ ဘာကြောင့်လဲဆို ကလေးတွေက အဲဒီဘက်မှာ အရမ်းကို စိတ်ဝင်စားမှု အားကောင်းနေပြီး စာဘက်မှာ စိတ်ဝင်စားမှု အားနည်းသွားတော့တာပေါ့။ ဖုန်းတွေ မယူခဲ့ဖို့၊ ဖုန်းတွေ မသုံးဖို့ ကျောင်းတွေမှာ ကန့်သတ်ထားလို့ ရတယ်။ ဒါပေမဲ့ ကျောင်းမှာ စာသင်ပြီး အိမ်ပြန်ရောက်တဲ့အခါ ကလေးတွေက စာမဖတ်ကြတော့ဘူး။ အိမ်ရောက်တဲ့အခါ လိုင်းသုံးဖို့လောက်ပဲ သူတို့အာရုံမှာ ဆွဲဆောင်နေတဲ့အခါ စာဘက်မှာ စိတ်ဝင်စားမှု နည်းသွားတာ တွေ့ရတယ်။ စာသင်ခန်းထဲမှာ အသိပညာပေးဖို့ကိစ္စ ကျွန်တော်ကတော့ အတန်းထဲမှာ တတ်နိုင်သလောက် ကျောင်းသားတွေကို ပြောပါတယ်။ သုံးပြီဆိုရင် မှန်ကန်အောင်၊ အကျိုးရှိအောင် ဘယ်လိုသုံးသင့်တယ်၊ ဖရန့်လက်ခံတာက ဘယ်လို ရွေးချယ်စိစစ်လက်ခံသင့်တယ် ဆိုတာမျိုး အနည်း ငယ်ပြောပြဖြစ်ပါတယ်။ ကလေးတွေကိုယ်တိုင် သူတို့  အကန့်အသတ်ထားဖို့ ပြောဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ် က လူသုံးများလာတဲ့အခါ အဲဒီမှာ သူတို့ကလေးတွေ အတွက် စိတ်ဝင်စားစရာကမ္ဘာတစ်ခုလို ဖြစ်တာပေါ့။ စာသင်ခန်းမှာ ပုံနှိပ်ပြဋ္ဌာန်းစာအုပ်၊ မေးခွန်းဟောင်း စာအုပ်၊ မှတ်စုစာအုပ် ဒါတွေက သူတို့ကို မဆွဲဆောင်နိုင်တော့ဘူး။ 

ကျောင်းသားတွေက မှန်ကန်တဲ့ အသုံးပြုမှုကို သူတို့ကိုယ်တိုင် မရွေးချယ်နိုင်သေးပါဘူး။ လူမှုကွန်ရက် ဆိုးကျိုးကို သူတို့ကို တစ်ကြိမ်လောက် ပြောတာနဲ့ ထိရောက်မှာ မဟုတ်ဘူး။ တကယ်လုပ်မယ်ဆိုရင် ဟောပြောပွဲတွေလိုမျိုး လုပ်သင့်တယ်။ အခုခေတ်က ၆ တန်းလည်း သုံးတာပဲ။ ၇ တန်းလည်း သုံးတာပဲ။ ၈ တန်းလည်း သုံးတာပဲ။ တောက်လျှောက် သုံးနေတော့ မှန်ကန်တဲ့အသုံးပြုမှု၊ အသုံးချမှုဖြစ်အောင် ပြောသင့်တယ်။ မိဘတွေကလည်း ထိန်းချုပ်ပေးနိုင်မှ ကလေးတွေအတွက် အဆင်ပြေမှာ။ အခုချိန်အထိ သင်ကြားနည်းစနစ်က နောက်မှာ ကျန်နေခဲ့ပြီး လူမှုကွန်ရက် မီဒီယာတွေက ရှေ့ရောက်နေတယ်။ သင်ကြားနည်းက ခေတ်နောက်ကျနေသေးတယ်ပေါ့။ မျိုးဆက်သစ်ကလေးတွေက ပိုဉာဏ်ရည်မြင့်တော့ သူတို့အတွက် စိတ်ဝင်စားမှု အားကောင်းတဲ့ဘက်ကိုပဲ စိတ်ဝင်စားမှု မြင့်လာကြတယ်။ အဲဒီတော့ သူတို့က အဲဒီနောက်ကို အရမ်းကို စီးမျောလိုက်ပါနေတယ်။ အဲဒီအခါ ကလေးတွေ လူမှုကွန်ရက် မီဒီယာရဲ့ သားကောင် မဖြစ်ဖို့ ဆရာတွေ ရော၊ အဓိက မိဘတွေရော ထိန်းချုပ်ပြီး ကန့်သတ်မှုကို သေသေချာချာ လုပ်ပေးသင့်တယ်။ လုံးဝ မသုံးနဲ့ ဆိုတာမျိုး တင်းကျပ်တာမျိုး မဟုတ်ဘဲနဲ့ သူတို့ကို ဘယ်အချိန် ဘယ်အချိန်သုံး၊ မှန်ကန်တဲ့ အသုံးပြုနည်းကိုလည်း သိထားမှ ကလေးတွေက လူမှုကွန်ရက် မီဒီယာရဲ့ သားကောင်တွေ ဖြစ်မသွားမှာပါ။

“ရပ်ကွက်ထဲမှာ သတင်းကြားတာ ကလေးတွေ ဖေ့စ်ဘွတ်ခ်သုံးပြီး ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့ကြတယ်။ ချိန်းတယ်။ ဟိုတယ်တွေ သွားကြတယ်။ အဲလိုတွေ ဖြစ်မှာလည်း စိုးရိမ်တယ်”
ဒေါ်သီတာစိုး (အထက်တန်းပြ၊ အ.ထက-၁၊ မြောက်ဒဂုံ)

ကျွန်မတို့ကတော့ ကလေးတွေဖုန်းကို ကျောင်း ယူမလာခိုင်းဘူး။ ယူလာတယ်ဆိုရင် သိမ်းပြီး မိဘကိုခေါ်တယ်။ ခေါ်ပြီးတော့ မိဘကို ပြန်ပေးတယ်။ အဲဒီတော့ ယူမလာရဲကြတာက များတယ်။ ခိုးကြောင် ခိုးဝှက် ယူလာတဲ့သူလည်း ရှိချင်ရှိမယ်။ ကျောင်းကတော့ ကျောင်းအပ်ကတည်းက ဖုန်းယူမလာဖို့ စည်းကမ်းချထားတယ်။ ဆရာမတွေ တစ်ချိန်နဲ့တစ်ချိန် ပြောင်းတဲ့အခါ ကလေးတွေ ဖုန်းခိုးသုံးတာမျိုး ရှိနေရင် စာသင်ချိန်ကြီး ကလေးက အွန်လိုင်းပေါ်မှာ ရှိနေရင် ကလေးအတွက်လည်း မကောင်းဘူး။ ကျောင်းအုပ်အတွက်လည်း မကောင်းဘူး။ ယူလာတာ တွေ့ရင်တော့ ချက်ချင်း သိမ်းတယ်။ မိဘကို ဖုန်းဆက်ခေါ်တယ်။ နောက်တစ်ခါ ထပ်ယူလာရင် ဖုန်းသိမ်းမယ် ဆိုတာမျိုး ပြောတယ်။ အဲလိုမျိုးဖြစ်တာက ကိုးတန်း၊ ဆယ်တန်းတွေ ဖြစ်တယ်။ တစ်ခါတလေ ဆယ်တန်းမှာလည်း ဖြစ်တယ်။ မနှစ်ကဆိုရင် ရပ်ကွက်ထဲမှာ သတင်းကြားတာ ကလေးတွေ ဖေ့စ်ဘွတ်ခ်သုံးပြီး ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့ကြတယ်။ ချိန်းတယ်။ ဟိုတယ်တွေ သွားကြတယ်။ အဲလိုတွေ ဖြစ်မှာလည်း စိုးရိမ်တယ်။ 

နောက်ထပ်ကြားတဲ့သတင်းက ကလေးတွေ ရွယ်တူချင်းပဲ တွေ့တယ်။ ခေါ်သွားတယ်။ ဟိုတယ်ရောက်ပြီးတော့ ရောင်းစားတဲ့ပုံစံထိ ရောက်တယ်။ အဲဒါကို မိဘတွေက အချိန်မီသိပြီး ပြန်ထိန်းလိုက်နိုင်တယ်။ ကိုယ့်ကျောင်းကတော့ မဟုတ်ပေမယ့် ဆယ်တန်းအပြင် ဖြေကလေးဖြစ်နေတယ်။ မိဘတွေကိုလည်းပြောပြပြီး ပညာပေးတာတွေ ရှိပါတယ်။ ကလေးတွေကိုလည်း စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်အောင် ဆုံးမတယ်။ မိဘတွေကလည်း တအားကြီး ခေတ်နောက်ကျတဲ့သူ မရှိပေမယ့် ကလေး ဖုန်းသုံးနေတာပဲဆိုပြီး ဒီတိုင်း မထားဖို့၊ ဘယ်သူနဲ့ ဆက်သွယ်နေလဲဆိုတာ သတိထားဖို့ပြောတယ်။ ဒါပေမဲ့ ခက်တာက ခုခေတ်က Password တွေရှိတော့ ဘယ်သူနဲ့ပြောလို့ ဘာတွေ သုံးနေတယ်ဆိုတာ မသိနိုင်ဘူး။ ခုခေတ်မှာ ကလေးကို ငယ်တယ်ဆိုပြီး ပစ်မထားစေချင်ဘူး။ မိဘတွေက ကိုယ့်ကလေးကို သူများနည်းတူ ဒီဖုန်းမှ ပေးမသုံးကြရင် မျက်နှာငယ်တယ်လို့ယူဆပြီး ပေးသုံးကြတာ အန္တရာယ်တွေ ရှိတယ်လို့ပြောပြတယ်။ မိဘတွေကို ပြောချင်တာက ကလေးတွေ ကျောင်းကို ရောက်လာတာ နာရီပိုင်းပဲ ရှိတယ်။ ကျောင်းမှာတော့ ဆရာမတွေက ကြည့်ထိန်းတယ်။ အိမ်မှာတော့ ကိုယ့်သားသမီးကို သေချာဂရုစိုက်ပြီး ကြည့်ပေးကြပါ။ ခုခေတ်မှာ အဖေရော အမေရော အားလုံးက အလုပ်လုပ်ကြရတယ် ဆိုပေမယ့် သားသမီးတွေကို ဖုန်းနဲ့ပတ်သက်ပြီး သတိထားဖို့ အချိန်နည်းနည်းပေးပြီး စောင့်ကြည့်ပေးပါလို့ ပြောချင်ပါတယ်။

“ဘယ်မင်းသားက ဘာအင်္ကျီ ကြော်ငြာတယ်၊ ဘယ်မင်းသမီးက ဘာအလှကုန်ပစ္စည်း ကြော်ငြာတယ် အဲဒါတွေကိုပဲ ဦးတည်နေကြတယ်”
ဦးမျိုးမင်းနိုင် (အလယ်တန်းပြ၊ တောင်မော် (မူလွန်) အမ်းမြို့နယ်)

မိုဘိုင်းလ်ဖုန်းကတော့ ကျွန်တော်တို့ နယ်ဘက်ကျောင်းတွေထက် မြို့ပေါ်ကျောင်းတွေမှာ သုံးစွဲတာ တွေ့ရပါတယ်။ နယ်ဘက်ကျောင်းတွေမှာလည်း သုံးစွဲတာ အနည်းငယ် တွေ့ရပါတယ်။ များသောအားဖြင့် အဋ္ဌမတန်းနဲ့ အထက်တန်း ကျောင်းသားတွေ  မိုဘိုင်းလ်ဖုန်းတွေ သုံးတာ အသုံးများတာ တွေ့ရပါတယ်။ တချို့ကျောင်းသား၊ ကျောင်းသူတွေက မိဘတွေ ဖုန်းကိုယူပြီး ဖေ့စ်ဘွတ်ခ် သုံးတယ်။ သုံးတယ်ဆိုတာက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘာတွေ တင်ထားလဲပေါ့နော် အဲဒါတွေကိုကြည့်တယ်။ Viber သုံးတယ်။ တချို့က Beetalk သုံးစွဲနေကြတာတော့ တွေ့ရပါတယ်။ ကျွန်တော်တို့ကျောင်းမှာလည်း မူလွန်ဆိုပေမယ့် ကလေးတွေက ကျောင်းဆင်းတဲ့အချိန်တွေမှာ သူတို့ အဖေ၊ အမေ မရှိတဲ့အချိန်မှာ ဖုန်းကိုယူပြီး ဂိမ်းဆော့တာတို့ ၊ Youtube ကြည့်တာတို့၊ ဇာတ်ကားကြည့်တာမျိုးတွေရှိပါတယ်။ ကျွန်တော်တို့နဲ့ နီးစပ်ရာ အထက်တန်းကျောင်းတွေမှာလည်း ကျောင်းဆင်းချိန်တွေမှာ သုံးနေတာကို မကြာခဏ ဆိုသလို တွေ့ရတယ်။ ကျွန်တော်တို့ ကျောင်းအတိုင်းအတာ အနေနဲ့ကတော့ ကလေးတွေကို ဟောပြောပွဲ မဟုတ်ပေမယ့် အတန်းချိန်တွေမှာ မိုဘိုင်းလ်ဖုန်းက သုံးစွဲတတ်ရင် ကိုယ့်အတွက် အကျိုးရှိတယ်။ မသုံးတတ်ရင် ဘေးထွက်ဆိုးကျိုး ရှိတယ်ဆိုတဲ့အကြောင်း တတ်နိုင်သလောက် ပြောပြပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် တန်ဆေး လွန်ဘေးဆိုတာ ရှိပါတယ်။ ကလေးပညာ ကောင်းဖို့အတွက်က မိဘ၊ ဆရာ အတူတူ ပူးပေါင်းမှပဲ ပိုပြီးအကျိုးထိရောက်မယ်လို့မြင်ပါတယ်။ 

တချို့ကလေးတွေက ကျောင်းကိုတော့ မိုဘိုင်းလ် ဖုန်းယူမလာဘူး။ ဒါပေမဲ့ ကျောင်းဆင်းလို့ အိမ်ကိုပြန်ရောက်ရင် သူ့အဖေ အမေတွေ မရှိရင် သုံးနေကြတယ်။ အဲလိုသုံးတာတွေက ကျွန်တော်တို့ တာဝန်ကျနေတဲ့ ရွာတွေမှာတောင် တွေ့ရပါတယ်။ ဖြစ်နိုင်ရင် အခြေခံကျောင်းတွေမှာ ပညာ သင်ကြားနေတဲ့အချိန်မှာ မိုဘိုင်းလ်ဖုန်း မသုံးတာက ကလေးတွေအတွက် အသင့်တော်ဆုံး ဖြစ်မယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကောင်းတာရှိသလို ဆိုးတာတွေလည်း အများကြီးရှိတယ်။ ပညာရေးနဲ့ ပတ်သက်လို့လည်း လေ့လာစရာတွေလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ အများကြီး ရှိပါတယ်။ ယူတတ်ရင်တော့ အများကြီး ပညာဗဟုသုတရတာပေါ့။ ဒါပေမဲ့ ဒီခေတ်ကလေးတွေက ပညာရမယ့်ဟာထက် အပျော်ဘက်ကို ဦးတည်ကြတယ်။ များသောအားဖြင့် ဘယ်မင်းသားက ဘာအင်္ကျီ ကြော်ငြာတယ်၊ ဘယ်မင်းသမီးက ဘာအလှကုန်ပစ္စည်း ကြော်ငြာတယ် အဲဒါတွေကိုပဲ ဦးတည်နေကြတယ်။ 

ဒါကြောင့် ပညာသင်ကြားနေတဲ့ အချိန်အတွင်းမှာတော့ မသုံးဘူးဆိုရင် ကလေးတွေအတွက် အသင့်တော်ဆုံးလို့ ထင်ပါတယ်။ ဒါပေမဲ့ မိဘတွေလည်း သားသမီးတွေကို စိတ်ပြေ လက်ပျောက် အနေနဲ့ သုံးစေချင်ရင်တော့ ကျောင်းဆင်းတဲ့အချိန်တွေမှာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် သုံးခွင့်ပေးလိုက်ပါ။ တချို့မိဘတွေကျ သူတို့သားသမီးကို တအားချစ်တော့ ဆရာက ဘယ်လောက်ပြောပြော ဂရုမစိုက်ဘူး။ ပြောတုန်းခဏပဲ။ နောက်ကွယ်ကျတော့ သူတို့သားသမီး လုပ်ချင်တာ လုပ် လုပ်ခိုင်းထားကြတယ်။ ကိုယ့်သားသမီးကို တကယ်ချစ်ရင် အဲလို အလိုလိုက်တာ မကောင်းဘူး။ မိဘတိုင်းကတော့ ချစ်ကြတာပါပဲ။ ဒါပေမဲ့ ချစ်တာချင်း အတူတူ ချစ်ရာ မရောက်ဘဲ နှစ်ရာ ရောက်သွားရင် ပညာသင်ကြားနေစဉ် ကလေးတွေကို လမ်းဘေးကို ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် ပညာသင်ကြားနေစဉ် ကလေးတွေကို မိုဘိုင်းလ်နဲ့ လူမှုကွန်ရက် အသုံးပြုခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ မခွဲခြားတတ်သေးခင်မှာ မသုံးစွဲတာက ပိုပြီး သင့်တော်လိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။

မြဇာခြည်သင်း 

  • TAGS