News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ကျောင်းဝတ်စုံ)
09-Nov-2017

ကျောင်းဆရာ၊ ဆရာမများကို အစိုးရက ကျောင်းဝတ်စုံတစ်စုံစီ ယခုနှစ်မှစ၍ အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်သည်။ ကနဦးအနေနှင့် ကျောင်းဆရာများအတွက် ပုဆိုး၊ ကျောင်းဆရာမများအတွက် လုံချည်များကို ပြည်နယ်များအတွက် ဦးစားပေး ပေးပို့နေသည်။ အင်္ကျီအတွက် မည်သို့ ထောက်ပံ့ပေးရမည်ကို ပညာရေး တာဝန်ရှိသူများ ညှိနှိုင်းကြရဦးမည် ဖြစ်သည်။ ယင်းသို့သော ထောက်ပံ့ပေးမှုအပေါ် ဆရာများ၏ သဘောထား အမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ဝန်ထမ်းအိမ်ရာတွေကို အရင် လုပ်ပေးစေချင်တယ်”
ဦးပြည့်ဖြိုးမောင် (အထက်တန်းပြ၊ အ.ထ.က (၁) ညောင်ရွှေ၊ ရှမ်းပြည်နယ်)

ကျွန်တော်တို့ ကျောင်းမှာတော့ ဆရာမတွေအတွက် ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ပေးတဲ့ ကျောင်းစိမ်းလုံချည်တွေ ရောက်နေပြီ။ အောက်တိုဘာလကုန်က ဆရာမတွေကို ထုတ်ပေးတယ်။ လက်ရှိတော့ ဆရာမတွေအတွက် ကျောင်းစိမ်းလုံချည် တစ်ထည်စီရတယ်။ ဆရာတွေအတွက်တော့ မပါသေးဘူး။ သယ်ယူစရိတ်က နှစ်ရာပဲပေးရတယ်။ ဆရာတွေ အတွက်ကတော့ ချုပ်ခိုင်းထားတာ မရသေးလို့ထင် တယ်။ အတိအကျ မသိဘူး။ ရမယ်လို့တော့ ပြောတယ်။ အခုပေးတဲ့လုံချည်တွေက ဆရာမတွေပြောသံကြား တာ ကောင်းတယ်လို့ ပြောတယ်။ အခုလိုကျောင်း ဝတ်စုံထောက်ပံ့ပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ဝတ်စုံထောက်ပံ့တာထက်စာရင် အဝေးကနေလာပြီး တာဝန်ထမ်းဆောင်နေရတဲ့ ဆရာ၊ ဆရာမတွေအတွက် လုံခြုံစိတ်ချစွာ နေထိုင်ရေးအတွက် ကျောင်းထဲမှာ (သို့) ကျောင်းအနီးဝန်းကျင်မှာ ဝန်ထမ်းအိမ်ရာ ဆောက်ပေးရင် ပိုအဆင်ပြေမယ်။ ဝတ်စုံဆိုတာကတော့ ခြစ်ခြုတ်ပြီး ဝယ်ဝတ်လို့ရသေးတယ်။ နေဖို့က ပိုအရေးကြီးတဲ့အတွက် ဝန်ထမ်းအိမ်ရာတွေကို အရင် လုပ်ပေးစေချင်တယ်။ တချို့ဆရာ၊ ဆရာမတွေဆို အိမ်ငှားပြီး နေရတယ်။ 

ကျွန်တော်တို့ကျောင်းမှာက ဒေသခံ ဆရာ၊ ဆရာမတွေဆိုတော့ နေထိုင်ရတာ အဆင်ပြေပါတယ်။ တချို့ဝေးလံတဲ့ဒေသတွေမှာဆို ဝန်ထမ်းအိမ်ရာ မရှိလို့  ဆရာမတွေ ငှားနေရတာတွေ ရှိတယ်။ ရပ်ရွာလူထု ကောင်းရင်တော့ ရပ်ရွာကဦးစီးပြီး ဆောက်ပေးတာတော့ရှိတယ်။ ရပ်ရွာက မထောက်ပံ့နိုင်တဲ့ကျောင်းဆို တော်တော်ဆိုးတယ်။ ကျွန်တော် ရှမ်းပြည်အရှေ့ပိုင်းမှာ တာဝန်ကျတုန်းကဆို ကျောင်းခန်း ထရံမကာနိုင်တဲ့ကျောင်းတွေကိုတောင် ရွာတချို့မှာ တွေ့ရသေးတယ်။ ပြီးတော့ မူလတန်းကလေးတွေကို ကျောင်းဝတ်စုံ ထောက်ပံ့ပေးနေတာကလည်း ပညာရေးဘတ်ဂျက် ကုန်သွားသလောက် ရလဒ်ကတော့ ထိရောက်မှု မရှိဘူးလို့ ယူဆမိတယ်။ မြို့ပေါ် ကလေးတွေအတွက် ဌာနကပေးတဲ့ဝတ်စုံက အလကားပဲ အရာမထင် အကျိုးမရှိဘူး။ ဒါပေမဲ့ ဆရာတွေအတွက် ထောက်ပံ့မယ်ဆိုရင် ကျွန်တော် ယူဆရသလောက်တော့ အင်္ကျီအဖြူ ချုပ်ပြီးသားတော့ မပေးလောက်ဘူး။ အဖြူစပဲ ပေးမယ်ထင်တယ်။ အစပေးရင်တော့ ဆရာမတွေအတွက်တော့ အဆင်ပြေပါတယ်။

ကျွန်တော်တို့လို ဆရာတွေအတွက်တော့ အဆင်မပြေဘူး။ ဘာလို့လဲဆို အခုဈေးကွက်မှာ အသင့်ချုပ်ပြီးသား ရှပ်အင်္ကျီအဖြူတွေက ချုပ်ထားတာ ပုံစံလည်း သပ်ရပ်တယ်၊ ဝတ်ရတာလည်း အဆင်ပြေနေတယ်။ အစဝယ်ပြီး နီးစပ်ရာဆိုင်မှာ ကိုယ်တိုင်သွားချုပ်တဲ့ပုံကို ကျွန်တော်တော့ သိပ်မကြိုက်ဘူး။ ဒါကြောင့် အဖြူစပေးရင်တော့ ဆရာမတွေအတွက်တော့ အဆင်ပြေပါတယ်။ ဆရာတွေအတွက်ရော ဘယ်လိုပေးစေချင်လဲ IMAX တံဆိပ်ဆို အင်္ကျီအဖြူတစ်ထည်က လက်ရှိ ၈ ထောင် ၉ ထောင်လောက်ရှိတော့ အဲဒီတန်ဖိုးလောက် ငွေသားပဲ ထောက်ပံ့ပေးရင်တော့ ပိုအဆင်ပြေတယ်။

“ပိုက်ဆံပေးလိုက်တာက ပိုအဆင်ပြေမယ် ထင်တယ်”
ဆရာမဒေါ်ချိုသဲ (အထက်တန်းပြ၊ အ.ထ.က(ခွဲ)မအူပင်၊ ကချင်ပြည်နယ်)

ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမတွေအတွက် ကျောင်းဝတ်စုံ ထောက်ပံ့ပေးမယ်လို့ ကြားပါတယ်။ ကျွန်မတို့ ဗန်းမော်မြို့နယ် ပညာရေးမှူးရုံးက မနေ့က လကုန် အစည်းအဝေး လုပ်ပေမယ့် ဝတ်စုံထောက်ပံ့မယ့်အကြောင်း ဘာမှ မပြောသေးပါဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်ကနဲ့ ရပ်စောက်မြို့နယ်မှာ တာဝန်ကျနေတဲ့ ညီမတွေကပြောလို့ သိတာပါ။ ညီမတွေကတော့ ကျောင်းစိမ်း ထဘီတွေရပြီလို့ ပြောတယ်။ ကျောင်းစိမ်းလုံချည် တစ်ထည်ပဲရတယ်လို့ ပြောတယ်။ အဖြူတော့ မပါသေးဘူး။ လမ်းစရိတ်တွေလည်း မပေးရဘူး။ အလကားရတယ်လို့ ပြောတယ်။ အသားလည်း ကောင်းတယ်တဲ့။ ကျွန်မတို့ ဗန်းမော်မြို့က ကျောင်းတွေမှာတော့ မရောက်သေးပါဘူး။ အစတုန်းကတော့ လုံချည်တွေ ထောက်ပံ့မယ် ကြားတော့ အသားရော ကောင်းပါ့မလားဆိုပြီး စိတ်ပူတာတော့ ရှိတာပေါ့။ အခုတော့ သူငယ်ချင်းတွေပြောတာ ကောင်းတယ်ဆိုတော့ ကိုယ့်လက်ထဲ မရောက်သေးပေမယ့် ဘာပဲဖြစ်ဖြစ် စေတနာနဲ့ ပေးတာဆိုတော့ စီစဉ်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ လိုင်းပေါ်မှာတွေ့တာ ထဘီတွေက ချုပ်ပြီးသားလို့ ရေးထားတယ်။ အဖြူ အင်္ကျီ ထောက်ပံ့မယ် ဆိုရင်တော့ ဆရာမတွေက ပိန်တဲ့သူရှိသလို၊ ဝတဲ့သူတွေလည်းရှိတော့ ချုပ်ပြီးသားဆိုရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး။ အစပေးမယ် ဆိုလည်း ပိန်တဲ့သူအတွက် အစတွေက ပိုနေမှာပဲ။ လိုတဲ့သူက လိုနေမှာပဲ။ အဲဒီတော့ ထောက်ပံ့ပေးမယ်ဆိုရင် ပိုက်ဆံ ပေးလိုက်တာက ပိုအဆင်ပြေမယ် ထင်တယ်။ ပညာရေး ဝန်ကြီးဌာနအနေနဲ့ ဆရာမတွေအတွက် ကျောင်းဝတ်စုံမဟုတ်ဘဲ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့မယ်ဆိုရင်လည်း ဝမ်းသာပါတယ်။

“ပညာရေးမှူးရုံးတွေက အသိပေးတာမျိုးတော့ မရှိသေးပါဘူး”
ဆရာဦးဖြိုးမင်းဦး (မူလွန်-ဟံလင်းတောင်ကျောင်း၊ ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်း) 

ပညာရေးဝန်ကြီးဌာနက အခြေခံပညာက ဆရာ၊ ဆရာမတွေကို ကျောင်းဝတ်စုံ ထောက်ပံ့မယ်လို့တော့ ကြားပါတယ်။ အတိအကျတော့ မသိရသေးပါဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်က ကြားတာပါ။ ပညာရေးမှူးရုံးတွေက အသိပေးတာမျိုးတော့ မရှိသေးပါဘူး။ တိတိကျကျ ဘာမှ မသိရသေးပါဘူး။ ဝတ်စုံထောက်ပံ့မယ် ဆိုတာပဲသိတာပါ။ ကျန်တာတော့ မသိရသေးပါဘူး။ ထောက်ပံ့မယ်ဆိုရင်တော့ ကလေးတွေကို ပေးသလို ပေးခဲ့ရင် အဆင်မပြေနိုင်ပါဘူး။ ဆရာ၊ ဆရာမတွေက တစ်ဦးနဲ့တစ်ဦး ခန္ဓာကိုယ် အချိုးအစား မတူတာကြောင့် ပါ။ ငွေကြေး ပံ့ပိုးပေးမယ်ဆိုရင်လည်း တာဝန်ကျတဲ့ နေရာဒေသကိုလိုက်ပြီး ငွေအနည်းအများ ထောက်ပံ့ပေးသင့်တယ်လို့ ထင်ပါတယ်။ တစ်နေရာနဲ့တစ်နေရာက ကုန်ဈေးနှုန်းချင်း မတူကြလို့ပါ။ ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာက ကုန်ဈေးနှုန်းတွေ ကြီးတယ်။ လစာမှာတောင် ရှားပါးစရိတ်ဆိုပြီး ထောက်ပံ့ပေးရတဲ့ ဒေသတွေ ရှိတယ်။ ကျွန်တော်တို့ကြားတာကတော့ ဝတ်စုံဖိုး တစ်သောင်းပေးမယ်လို့ ကြားထားတယ်။ ပုဆိုးတို့ လုံချည်တို့ပေးတယ် ဆိုတာတော့ မသိဘူး။ ဒါကြောင့် ထောက်ပံ့ကြေးငွေပေးရင် အဆင်ပြေဖို့များတယ်။ ကိုယ်ကြိုက်တာ ဝယ်ဝတ်ဆိုရင် စိတ်တိုင်း ကျဝယ်နိုင်တာပေါ့။ အခုလို ထောက်ပံ့ပေးတဲ့အတွက် ပညာရေးဝန်ကြီးဌာနကိုလည်း ပညာရေး ဆရာ၊ ဆရာမများရဲ့ ကိုယ်စား အထူးပင် ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။

မြဇာခြည်သင်း

  • VIA