News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ဝတ်စားဆင်ယင်မှုနှင့် မူးယစ်ဆေးဝါး)
02-Nov-2017 tagged as ပညာရေး

အခြေခံကျောင်းများတွင် ကျောင်းသားများ ဆံပင်မှအစ ဝတ်စားဆင်ယင်မှု၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးသုံးစွဲမှုရှိ၊ မရှိ စစ်ဆေးရန်နှင့် စည်းကမ်းထိန်းသိမ်းမှုအားနည်းသည့် အတန်းပိုင်၊ ကျောင်းအုပ်ကြီးများကို အရေးယူမည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားချက်အရ ထုတ်ပြန်ထားသည့်ညွှန်ကြားစာ ဆရာများကြား ဝေဖန်စရာ ဖြစ်နေသည်။ ထိုသို့သော အခြေအနေအပေါ် ဆရာများ၏ သဘောထား အမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“ပေါက်ပင် ဘာကြောင့် ကိုင်းသလဲဆိုရင် ဒါမျိုးက စလာတော့မှာ”
ဆရာဦးခင်အောင် (အထက်တန်းပြ- ဓာတုဗေဒ ဘာသာရပ်၊ အထက စကု၊ မကွေးတိုင်းဒေသကြီး) 

ကလေးတွေ ကျောင်းစည်းကမ်း လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးမယ်ဆိုတဲ့ ညွှန်ကြားစာ ကျွန်တော်တို့ကျောင်းကို မရောက်သေးပါဘူး။ အွန်လိုင်းပေါ်မှာ ဘားအံမှာ ထုတ်ပြန်ထားတဲ့ ညွှန်ကြားစာ တွေ့ပါတယ်။ ကျောင်းဆရာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်ကို အရင်ဆုံး ထုတ်ပြီးမှ ဒီလိုအော်ဒါမျိုး ထုတ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အလုပ်ရုံ ဆွေးနွေးပွဲလိုမျိုး လုပ်ဖို့ မြို့နယ်၊ တိုင်း၊ ခရိုင်အလိုက် ညွှန်ကြားပြီး ဒီလိုညွှန်ကြားစာ ထုတ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဒီလိုမျိုး ကလေးတွေ ကွမ်းယာ၊ ဆေးလိပ် သုံးစွဲတာဟာ မွေးထုတ်လိုက်တဲ့ မိဘတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောကြတယ်။ ကျွန်တော်လည်း အဲလိုပဲ ယူဆတယ်။ ပေါက်ပင် ဘာကြောင့်ကိုင်းသလဲဆိုရင် ဒါမျိုးက စလာတော့မှာ။ ပညာရေးဌာနမှာလည်း တာဝန်ရှိတယ်ဆိုတဲ့ အကြောင်းပေါ့။ 

ဆရာတို့အနေနဲ့ကတော့ ဒီလိုညွှန်ကြားစာမျိုးက မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ကလေးတွေက ကွမ်းစားတယ်၊ ဆေးလိပ်သောက်တယ်ဆိုတာ ပြင်ပမှာလည်း ကွမ်းဆိုင်တွေ၊ ဆေးလိပ်ဆိုင်တွေက များနေတယ်။ ကျွန်တော်တို့ မကွေးတိုင်းအနေနဲ့ ကျောင်းတွေမှာ ဒီလိုကိစ္စတွေ မရှိပါဘူး။ သို့သော် ကျောင်းထဲမှာ မရှိဘူးပြောရင် မုသားပါမှာ ကြောက်ရသေးတယ်။ ကျောင်းဆင်းချိန်၊ မုန့်စားဆင်းချိန်မှာ အပြင်က ဝယ်သောက်ရင် မပြောတတ်ဘူး။ အဲဒါမျိုးကို ရှောင်တခင် ဝင်စစ်လို့ မိလာရင်တော့ ကျွန်တော်တို့ကတော့ လက်သင့်ခံမှာ မဟုတ်ဘူး။ ရှောင်တခင် ဝင်စစ်လို့ ကျောင်းဝင်းထဲမှာသော်လည်းကောင်း၊ စာသင်ခန်းထဲမှာသော်လည်းကောင်း မိတယ်ဆိုရင် ကျွန်တော်တို့ တာဝန်ယူတဲ့အပိုင်း အနေနဲ့ အရေးယူခံဖို့ အဆင်သင့်ပဲ။ သို့သော် အဲလို အဆင်သင့် ဆိုပေမယ့် သူတို့လုပ်တဲ့လုပ်ငန်းက ဒီဝန်ထမ်းတွေနဲ့ လာတွေ့ပြီး ညွှန်ကြားစာ ထုတ်မယ့်အကြောင်းကို ဆွေးနွေးပွဲ လာလုပ်သင့်တယ်လို့တော့ မြင်တယ်။ 

ကျွန်တော်တို့က သင်ကြားရေးပိုင်းမှာရှိနေလို့ ကလေးတွေက ကိုယ်သင်ပေးမှ သိကြ၊ လိမ္မာကြမှာ။ ကလေးတွေက အတုမြင် အတတ်သင်တွေ အများကြီးပဲ။ ရပ်ရွာက အပြင်ဓလေ့ မှန်သမျှ သူတို့က အကုန်ယူကြတယ်။ ဖုန်းတွေ ယူလာကြတယ်။ အဲဒါမျိုးတွေမိရင် ရိုက်လည်း မရိုက်ရဘူးဆိုတော့ ကျောင်းစည်းကမ်းအရ ချော့မော့ပြီး ပစ္စည်းတွေသိမ်း၊ လိမ္မာအောင် ဆုံးမနေရတယ်။ 

“ကလေးတွေက မြို့ပြင်တံတားတွေမှာ၊ အပင်အောက်တွေမှာစုပြီး တွေ့ရတယ်”
ဆရာဦးဇော်ထွန်း (အထက်တန်းပြ မြန်မာစာဆရာ၊ အထကခွဲ - တောင်ဦး၊ မြောက်ဦးမြို့နယ်)

ပထမဆုံး ကျွန်တော် ခြုံပြောရရင် ရခိုင်ပြည်က မူးယစ်ဆေး အတော်ဆိုးတယ်။ ကျွန်တော်တို့ဒေသမှာ WY ဆေးပြား အများကြီး လူငယ်၊ ကျောင်းသားတွေ လက်ထဲ ရောက်တယ်။ ပြီးရင် ကွမ်းတော်တော်စားတယ်ဗျာ။ ဆေးလိပ်လည်း ကျောင်းသားတွေလက်ထဲ တော်တော် ရောက်တယ်ဗျာ။ အဲဒီတော့ တောင်ဦးမှာဆိုရင် ကျွန်တော်ရောက်ခါစက ကျောင်းသားတွေ ဆရာတွေ ရှေ့မှာတော့ မစားဘူးပေါ့။ ဒါပေမဲ့ နောက်မှာ ကွမ်းစားတယ်။ ဆေးလိပ် သောက်တယ်။ ဆေးပြားတွေ သုံးတာတော့ ကျွန်တော် မသိဘူး။ ကျွန်တော်က မြို့ပေါ်နေပြီး ကျောင်းသွားတော့ အသိမိတ်ဆွေတွေဆီကနေ ကြားရတာလည်း ရှိတယ်။ တောင်ဦးကနေ စာပြပြီး ပြန်လာပြီဆိုရင် ကလေးတွေက မြို့ပြင် တံတားတွေမှာ၊ အပင်အောက်တွေမှာ စုပြီးတွေ့ရတယ်။ အကြောင်းအရင်းက အပြင်ထွက်ပြီး သူတို့ ဆေးပြားသုံးတာလေးတွေ ရှိတယ်...။ 

ကလေးတွေကို သတိထား စောင့်ကြည့်ဖို့ စာထုတ်ပြီး ကြပ်မတ်တာ ပညာရေးမှူးရုံးအနေနဲ့ မရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကျောင်းအုပ်ဆရာကြီးနဲ့ ကျောင်းဆရာတွေ သေချာကြပ်မတ်ပြီး လုပ်တာတွေ ရှိတယ်။ အတန်းထဲမှာ ဆေးလိပ် သောက်၊ မသောက် စစ်ဆေးတယ်။ ကျွန်တော်တို့ ရွာနီးနားချင်းက ဆိုင်တွေကိုပါ ပြောထားတယ်။ သူတို့တွေမှာ မင်ထိုးတဲ့ကိစ္စကအစ အစည်းအဝေးခေါ်ပြီး မိဘတွေကိုလည်း ပြောပြတယ်။ အဓိကတော့ ကျွန်တော့်အမြင် ကလေးတွေကို ကျွန်တော် အပြစ်တင်လေ့ မရှိဘူး။ ကလေးတွေက ပတ်ဝန်းကျင် တစ်ခုကနေ ဒါကို သင်ယူလာတာ။ ပြီးရင် ပညာရေးဆိုတဲ့ ကိစ္စက အနည်းဆုံး ငါးခုရှိသွားပြီ။ ကျောင်းသား၊ ဆရာ၊ မိဘ၊ ပတ်ဝန်းကျင်၊ အစိုးရရှိမယ်။ ဒီငါးချက်လုံးဟာ ကျောင်းသားတွေကို အဓိက စိုက်ပျိုးတဲ့ ဥယျာဉ်မှူးပဲ။ ပန်းတွေ ပိုးကိုက်တာ ဆရာနဲ့တင် ဆိုင်တာ မဟုတ်ဘူး။ မိဘနဲ့လည်း ဆိုင်တယ်။ အစိုးရနဲ့လည်း ဆိုင်တယ်။ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်တယ်။ ဒီကြားထဲမှ ဆရာကိုပဲ ကြပ်မတ်မယ်၊ အရေးယူမယ် ဆိုတာမျိုးဆိုရင်တော့ မဖြစ်သင့်ဘူးလို့ ကျွန်တော် မြင်ပါတယ်။

“ကြုံရင်ကြုံသလို သုံးစွဲနေကြတာကို လိုက်လံကွပ်ကဲဖို့ ခဲယဉ်းပါတယ်”
ဆရာမဒေါ်ဇင်မြတ်ခိုင် (အထက်တန်းပြ၊ အင်္ဂလိပ်စာ၊ အထက (၂) မကွေး)

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ဘက်မှာ ညွှန်ကြားချက် ထွက်မလာသေးပါဘူး။ ကရင်ပြည်နယ်က ညွှန်ကြားစာကိုတော့ တွေ့လိုက်ပါတယ်။ မိသားစုနဲ့လည်း ဆိုင်တဲ့ကိစ္စမှာ ဆရာတွေချည်းမှာပဲ ဝန်ပိလာနေတယ်လို့ ထင်ပါတယ်။ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက”၊ “မူးယစ်ကင်းစင်နယ်မြေ၊ ဆေးလိပ်ကင်းစင်နယ်မြေ”စတဲ့ ဆောင်ပုဒ်တွေနဲ့ ကျောင်းတိုင်းမှာ ထိန်းသိမ်းဆောင်ရွက်နေကြတာပါပဲ။ ကျောင်းသား နည်းတဲ့ကျောင်းတွေမှာ မပြောပလောက်ပေမယ့် ကျောင်းသား အင်အားများတဲ့ ကျောင်းကြီးတွေမှာတော့ ဆံပင်ပုံစံကအစ ထိန်းသိမ်းဖို့ရာ အခက်ကြုံရတာလည်း တွေ့ရပါတယ်။ ယောက်ျားလေးများ ကျောင်းသားနဲ့ မလျော်တဲ့ဆံပင်ပုံစံ မထားဖို့။ နားကပ် မဝတ်ဖို့၊ မိန်းကလေးများ ဆံပင်ကို ဖားလျားမချဖို့၊ ကျောင်းသူနဲ့ မလျော်တဲ့ ဝတ်စားဆင်ယင်မှု မလုပ်ဖို့ မနည်း ဆုံးမနေရပါတယ်။ ဒါပေမဲ့ လစ်ရင်လစ်သလို ဖောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကြောင့် ဆရာတွေလည်း လူဆိုးထိန်းဘဝ ရောက်ရ၊ ဆံသဆရာဖြစ်ရနဲ့ အတတ်မျိုးစုံ တတ်နေကြပါတယ်။ ဆေးလိပ်၊ ကွမ်းယာဆိုလည်း ကျောင်းဝင်းထဲက ထွက်တာနဲ့ လမ်းမှာ နေရာတကာ အလွယ်ရနေတဲ့ ဆိုင်တွေမှာ ကြုံရင်ကြုံသလို သုံးစွဲနေကြတာကို လိုက်လံကွပ်ကဲဖို့ ခဲယဉ်းပါတယ်။ ခုခေတ်က ဆရာတွေက ဆုံးမရင် အတိုင်ခံကြရတဲ့ ခေတ်ပါ။ 

ဒီလိုအနေအထားမှာ ဆရာတွေက ပြင်းပြင်းထန်ထန် ဆုံးမရင်လည်း အတိုင်ခံရ၊ ပျော့ပျော့ပျောင်းပျောင်း ဆုံးမရင်လည်း မလိုက်နာ၊ ဆုံးမမှု မထိရောက်ရင်လည်း အရေးယူခံရဦးမယ်ဆိုတော့ တကယ့်ကို ဘေးကျပ်နံကျပ် ကာလလို့ ပြောရမှာပါ။ ဆူးကြားက ဘူးသီးလို မလူးသာမလွန့်သာ ဖြစ်ကြရမှာပါ။ အတန်းပိုင် တာဝန်ထမ်းဆောင်ချင်တဲ့ ဆရာနည်းသွားမယ် ထင်ပါတယ်။ ကျောင်းသားများတဲ့ ကျောင်းတွေမှာ တစ်ယောက်ချင်းစီရဲ့ လွယ်အိတ်ထဲ ရှာဖွေဖို့ဆိုတာလည်း အချိန်ပေးရမှာပါ။ တစ်ပတ်တစ်ခါဆိုသလို ပုံမှန် မဟုတ်ဘဲ အလျဉ်းသင့်တဲ့အချိန်မှာ အခန်းအားလုံး မှာ တာဝန်ကျတဲ့ဆရာတွေ တစ်ပြိုင်နက်တည်း ရှာတာမျိုး၊ တွေ့ရင် ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ အဆုံးအဖြတ်နဲ့ ပြစ်ဒဏ်ပေးတာမျိုး မကြာခဏ လုပ်ပေးရမယ်လို့ ထင်ပါတယ်။ အဲလိုရှာမယ်၊ ပြစ်ဒဏ်ပေးမယ်ဆိုတာလည်း ကြိုတင် ကြေညာထားဖို့လည်း လိုပါလိမ့်မယ်။ 

နောက်တစ်ပိုင်းက ပြစ်မှုနဲ့ပြစ်ဒဏ် မျှတစေရေး အလေးပေး ဆောင်ရွက်စေလိုတာပါ။ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်ထုတ် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ အခန်း (၁၅)၊ အပိုဒ် ၁၆၂ မှာ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည် ကိုင်ရည်တို့နဲ့ပတ်သက်ပြီး ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းကို ဌာနဆိုင်ရာက အရေးယူ အပြစ်ပေးနိုင်တဲ့အချက် (က) တာဝန်မကျေပွန်ခြင်း၊ သို့မဟုတ် တာဝန်ကို ပေါ့လျော့စွာ ထမ်းဆောင်ခြင်း၊ (ခ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း အမိန့်နှင့် ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ နိုင်ငံ့ဘဏ္ဍာငွေ သို့မဟုတ် နိုင်ငံပိုင်ပစ္စည်း ဆုံးရှုံးပျက်စီးရခြင်း၊ (ဂ) ခန့်အပ်ထားသည့် ရာထူးနှင့်မညီဘဲ လုပ်ရည်ကိုင်ရည် အဆင့်အတန်းမမီခြင်း၊ သို့မဟုတ် အရည်အချင်း ညံ့ဖျင်းခြင်း၊ အရည်အသွေး မပြည့်ဝခြင်း၊ (ဃ) ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းလို့ တွေ့ရပါတယ်။ နည်းဥပဒေ အခန်း ၁၄၊ အပိုဒ် ၁၆၀ မှာလည်း စည်းကမ်းထိန်းသိမ်းရေးအလို့ငှာ ဝန်ထမ်းကို အရေးယူရာတွင် ပြစ်ဒဏ်ချမှတ်ခံရသည့် ဝန်ထမ်းသည် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ် တစ်ရပ်ရပ်ဖြင့် အရေးယူခံရပြီးနောက် ကျူးလွန်ပျက်ကွက်ခဲ့သော ပြစ်မှုမျိုး ထပ်မံ မဖြစ်စေရေးနှင့် အသိတရား ရရှိစေရေးဟူသည့် ဝန်ထမ်းကောင်းတစ်ဦး ဖြစ်လာစေရန် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ရာတွင် “ဝန်ထမ်းကျင့်ဝတ် ပျက်ကွက်ခြင်း၊ ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်ခြင်း၊ လုပ်ငန်းတာဝန် ပျက်ကွက်ခြင်း၊ ဥပဒေ ချိုးဖောက်ခြင်းတို့အတွက် ဝန်ထမ်းကို အရေးယူ အပြစ်ပေးရာတွင် ကိုယ်ကျင့်တရား ပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ထိရောက်စေရန် ရည်ရွယ်ရှေးရှုရမည်”လို့ ပါပါတယ်။ 

ကျွန်မတို့ ဆရာတွေက ကျောင်းသားတွေ အမှားကျူးလွန်ရင် ရင်ဝယ်သားလို သဘောထားပြီး ခွင့်လွှတ်နားလည်၊ လမ်းမှန်ရောက်အောင် ဆုံးမပေးရသလို ကျွန်မတို့ရဲ့ အထက်လူကြီးတွေ အနေနဲ့လည်း ကျွန်မတို့ ဆရာတွေအပေါ် ရင်ဝယ်သားလို သဘောထားပြီး ပြုပြင်ထိန်းသိမ်းမှု ထိရောက်စေမယ့် အပြစ်ဒဏ်မျိုး ချမှတ်စေချင်ပါတယ်။ ကျောင်းသားတွေ နိုင်ငံသားကောင်း ဖြစ်လာဖို့ အတန်းစဉ် ဆရာတွေဘက်က ပြုစုပျိုးထောင်ပေးရတာ မလွယ်ကူလှသလို ဆရာတစ်ယောက်ဖြစ်ဖို့လည်း သင်တန်းတွေ အမျိုးမျိုးပေးပြီး နိုင်ငံက ပြုစုပျိုးထောင်ပေးရတာလည်း မလွယ်လှပါဘူး။ ဒါကြောင့် အဆင့်ဆင့် အခက်အခဲကို ချိန်ညှိပြီး တတ်နိုင်သမျှ တာဝန်ကျေပွန်အောင် ထမ်းရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင့်။

The Voice သတင်းအဖွဲ့

  • VIA