News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ရာထူးတိုး မူဝါဒ)
19-Oct-2017 tagged as

ရာထူးတိုးမူဝါဒကို မူလက စွမ်းဆောင်ရည်အလိုက် အကဲဖြတ်မည်ဟု ပညာရေးဝန်ကြီးက ပြောဆိုထားကြောင်း တက္ကသိုလ်ဆရာ အသိုင်းအဝိုင်းက ဆိုသည်။ သို့သော် ရာထူးတိုးမူဝါဒ ထွက်လာသည့်အခါ စွမ်းဆောင်ရည်အစား လုပ်သက်ကို အဓိက အကဲဖြတ်သည့်အတွက် ဆရာအဖွဲ့ချုပ်နှင့် တက္ကသိုလ်ဆရာများကြား ဝေဖန်ကြသည်။ စွမ်းဆောင်ရည်ကို ရှေ့တန်းမတင်ဘဲ လုပ်သက်ကို ဦးစားပေး အကဲဖြတ်ခြင်းကို တက္ကသိုလ်၏အသက် သုတေသနပိုင်းကို အားပေးရာမရောက်ဟု ဝေဖန်သည့်ဆရာများလည်း ရှိသည်။ ထို့အခြေအနေများအပေါ် ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“ဘာကြောင့် ဒီလို အမှတ်ပေးပါတယ်ဆိုတာ ရှင်းပြနိုင်မယ်ဆိုရင် အကြီးအကဲကလည်း အမှတ်ပေးသင့်ပါတယ်”
ဦးတင်မျိုးအောင် (မုံရွာတက္ကသိုလ် - မြန်မာစာဌာန၊ လက်ထောက်ကထိက)

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရာထူး တိုး/ပြောင်း မူဝါဒက လုပ်သက်ကို အဓိကထားပြီး ဆုံးဖြတ်တာကို တွေ့ရတယ်။ ရာထူးတိုး ပြောင်းရွှေ့တွေအတွက် မထုတ်ပြန်ခင်မှာ ချပြတာဖြစ်ပေမယ့် လုပ်ရမယ့်မူဝါဒတွေကို စောစောစီးစီး ကြိုတင် အသိပေးတာမျိုး၊ အကြောင်းကြားထားတာမျိုး သိပ်မရှိဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့က လုပ်သက်ပေါ်မှာ စဉ်းစားတဲ့အခါ ဝေဝါးတယ်။ သူတို့ရဲ့ လုပ်ဆောင်မှု အရည်အချင်းကို အမှတ်ပေးတာက ပြည်တွင်းမှာဖြစ်ဖြစ်၊ ပြည်ပမှာဖြစ်ဖြစ် အမှတ်ဝက် (ဝ ဒသမ ၅)မှတ်လောက် ပေးထားတာ တွေ့ရတယ်။ အဲဒီလို လုပ်သက်ပေါ်မှာ အဓိကထား စဉ်းစားတာက အရည်အသွေး ပြည့်ဝတဲ့ ဆရာတွေဖြစ်ဖို့ ဖော်ဆောင်တဲ့နေရာမှာ အလားအလာ မကောင်းနိုင်ဘူး။

ကျွန်တော်တို့က တက္ကသိုလ်နယ်ပယ်မှာ နည်းစနစ်တွေကို မြင့်နိုင်သမျှမြင့်အောင် တင်ထားရတာ။ အဲဒီအခါကျတော့ နဂိုအစဉ်အလာ အခင်းအကျင်းတွေကိုက မှားခဲ့တာပဲ။ မူဝါဒအသစ်ကို ခိုင်ခိုင်မာမာ မချမှတ်နိုင်ဘူး။ မူဝါဒအဟောင်းကို လက်ရှိခေတ်ကာလ အခြေအနေကိုကြည့်ပြီး အဆင်ပြေသလို လုပ်ရတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ကျွန်တော်တို့က မူဝါဒတော့ မချနိုင်ဘူး။ မူဝါဒကို Academic ကို ဦးစားပေးပြီး သုတေသနကို အခြေပြုတဲ့ တက္ကသိုလ်တွေဖြစ်အောင် ခင်းကျင်းရမယ်။ ဆရာတွေကိုလည်း သုတေသနကို အဓိက ဦးစားပေးတဲ့ပုံစံမျိုးနဲ့ မူဝါဒကို ချမှတ်ရမှာ။ အဲဒါမှ Academic ကို အကျိုးပြုတဲ့ တက္ကသိုလ်တွေပေါ်လာမှာ။

တန်းစီဇယားမှာလည်း ပထမက လုပ်သက်များတာ၊ သက်ဆိုင်ရာ ကျောင်းမှာ လုပ်သက် အများဆုံး ဖြစ်တာ။ နယ်လုပ်သက် များတာ။ နောက်တစ်ချက်က ပါရဂူဘွဲ့ရစောတာ အဲဒါမျိုး မဖြစ်သင့်ဘူး။ သတ်မှတ်တဲ့ ရာထူးမှာ ပါရဂူဘွဲ့ရနေဖို့ပဲ လိုတာ။ ဘွဲ့ရစောခြင်း၊ မစောခြင်းက တန်းစီဇယားမှာ သက်ရောက်နေစရာ အကြောင်းမရှိဘူး။ လိုအပ်တဲ့ အရည်အချင်းက ပါရဂူ ဘွဲ့ပေါ်မှာပဲ မူတည်တာ။ ပါရဂူဘွဲ့ စောရတဲ့အတွက် အခွင့်အရေး ပိုမရသင့်ဘူး။ အမှတ်ပေးတဲ့နေရာမှာ ပထမအဆင့်က ပါရဂူဘွဲ့ရရမယ်။ နောက်တစ်ဆင့်က ပြည်ပကနေ ပါရဂူဘွဲ့ ရရမယ်ဆိုပြီး ပါတယ်။ အရည်အချင်းကို ဦးစားပေးတဲ့အနေနဲ့ အဲဒါကိုတော့ ခြွင်းချက်အနေနဲ့ သဘောကျတယ်။ ဒီဘွဲ့ကို သူတို့ ခက်ခက်ခဲခဲ ယူခဲ့ရတာမို့ပါ။ 

တန်းစီဇယားမှာ အကြီးအကဲရဲ့ ထောက်ခံချက် ပါရမယ်လို့ပါတယ်။ တက္ကသိုလ်ဝန်ထမ်းဌာနဆိုင်ရာ အကြီးအကဲနဲ့ အောက်လက်ငယ်သားတွေရဲ့ ဆက်ဆံရေးကတော့ နဂိုကာလမှာ အထက်အောက် အပေးအယူ နားလည်မှုပုံစံမျိုးတွေ ရှိကြပါတယ်။ အဲဒီအခါ အမှတ်ပေးတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်းနဲ့ ဘယ်အချက်တွေလုပ်ရင် အမှတ်ပေးမယ်။ ဘယ်အချက်တွေ လုပ်ရင် အမှတ်မပေးဘူး ဆိုတာမျိုးတွေ တရားဝင်ပြထား ရမယ်။ နောက်ပြီး ဘာကြောင့် ဒီလိုအမှတ်ပေးပါတယ် ဆိုတာမျိုး ရှင်းပြနိုင်မယ်ဆိုရင် အကြီးအကဲကလည်း အမှတ်ပေးသင့်ပါတယ်။ အမှတ်ပေးတာကို လက်ခံတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ အောက်လက်ငယ်သား လက်ခံ ယုံကြည်အောင် အမှတ်ပေးမယ်ဆိုရင် လက်ခံပါတယ်။ တကယ်တမ်းတော့ ကျွန်တော်တို့က ဝန်ကြီးဌာနက ထုတ်ပြန်မှ သိရတာပါ။ သက်ဆိုင်ရာ ဆရာ၊ ဆရာမ ဒါမှမဟုတ် သက်ဆိုင်ရာ အသင်းအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကြံပေးမှုတွေ လိုအပ်တယ်။ အဲဒါလေးတွေနဲ့ မူဝါဒကို အများသဘောထားကို သိအောင် လုပ်ပြီးမှ အများလက်ခံနိုင်အောင် ချမှတ်စေချင်တယ်။

“ဒီပါမောက္ခကများ ငါ့ကို အမှတ်နည်းနည်း ပေးသလားဆိုတဲ့ အထင်မျိုးတွေ ဖြစ်နိုင်တယ်”
ဦးအောင်ဆန်းလင်း (ကလေးတက္ကသိုလ်-မြန်မာစာဌာန၊ လက်ထောက်ကထိက)

လက်ထောက်ကထိက ကနေ ပါမောက္ခရာထူးထိ တိုး၊ ပြောင်း၊ လစ်လပ်အတွက် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မူဝါဒအနေနဲ့ လုပ်သက်ကို အဓိက ထားပြီး အမှတ်ပေးတယ်။ လုပ်သက်ကလည်း အရေးကြီးပါတယ်။ လက်ရှိရာထူးကလည်း အရေးကြီးတယ်။ နောက်တစ်ခုက သုတေသနကို ပိုပြီးဦးစားပေး အမှတ်ပေးစေချင်တယ်။ အဲဒါက တစ်ယောက်နဲ့တစ်ယောက် ပိုပြီးသိသာတယ်။ အခုက တန်းစီဇယားမှာ နံပါတ်ငါးကို ရောက်နေတဲ့လူက နံပါတ် ၂၀ မှာ ရောက်နေတဲ့သူရဲ့ သုတေသနထက် သိသိသာသာ ပိုပြီးကောင်းမွန်သလား ဆိုတာမျိုး ချိန်ဆတဲ့ ကွဲကွဲပြားပြား မရှိဘူးဖြစ်နေတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲစရာ ဖြစ်နေတယ်။ 

တန်းစီဇယား နံပါတ်ငါးမှာ ရောက်နေပေမယ့် ဘယ်လောက်တောင်မှ ဘာသာရပ်အတွက် သို့မဟုတ် ဌာနအတွက်၊ တက္ကသိုလ်အတွက် အကျိုးရှိတဲ့ သုတေသနတွေကို လုပ်ထားနိုင်လို့လဲ။ ငါကတော့ အဆင့် ၂၀ မှာ ရောက်နေတာ သူထက် ဘယ်လောက်တောင် ညံ့နေလို့လဲဆိုတာမျိုးတွေ စိတ်ဝမ်းကွဲစရာ ဖြစ်လာတယ်။ သုတေသနလုပ်တဲ့ စောင်ရေပေါ်မှာကြည့်ပြီး အမှတ်ပေးမယ်ဆိုရင် အချင်းချင်းကြားမှာလည်း တန်းစီဇယားပေါ်မှာ ကျေနပ်လက်ခံနိုင်ကြမယ် ထင်တယ်။ အခုက အဲဒီလို မပြတ်သားဘူး ဖြစ်နေတယ်။ အဲဒီတော့ သုတေသန စာတမ်းပေါ်မှာ လုပ်သက်ကိုပေးတဲ့ အမှတ်ထက် ပိုပေးစေချင်တယ်။ သုတေသန လုပ်တဲ့နေရာမှာလည်း တချို့က ဘောင်ဝင်ရုံပဲ လုပ်ထားတာတွေ ရှိတယ်။ ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့ စာတမ်းမျိုး၊ ထူးခြားတဲ့တွေ့ရှိချက်မျိုးမရှိဘဲနဲ့ စာတမ်းတစ်စောင်ဖြစ်သွားရုံမျိုး လုပ်ထားတာတွေ ရှိနေတယ်။ သုတေသနစာတမ်းတွေကိုလည်း အဆင့်သတ်မှတ်ပြီးတော့ တကယ်ကောင်းတဲ့ဟာဆိုရင် ရသင့်ရထိုက်တဲ့ အမှတ်ပေးမယ်ဆိုရင် ကောင်းတာပေါ့။ အစောကတည်းကလည်း ဒီသုတေသနစာတမ်းက အမှတ် ဘယ်နှမှတ် ရပြီးပြီဆိုတာ ပွင့်ပွင့်လင်းလင်း ချပြနိုင်မယ်ဆိုရင် အဆင်ပြေတာပေါ့။ 

နောက်ပြီး တန်းစီဇယားမှာ ပြည်ပက ဘွဲ့ရ တယ်ဆိုတဲ့အပေါ်မှာ အလုံးစုံ ဆုံးဖြတ်တာလည်း မဖြစ်စေချင်ဘူး။ ဘာသာရပ်တိုင်းက ပြည်ပက ဘွဲ့ရရမယ်လို့ တစ်ပြေးညီ သတ်မှတ်မယ်ဆိုရင် သဘောမတူဘူး။ ကျွန်တော်တို့ မြန်မာစာဆိုရင် ပြည်ပဘွဲ့ ဆိုတာထက် ပြည်တွင်းဘွဲ့ကပဲ အဓိက အရည်အသွေး အာမခံချက် ရှိမှာပေါ့။ ပြီးတော့ ပြည်ပက ရလာတဲ့ဘွဲ့ပေါ်မှာရော အရည်အသွေး စမ်းသပ်ချက်နဲ့ ရလာတဲ့ဘွဲ့နဲ့ လျော်ညီတဲ့ စွမ်းဆောင်ရည်မျိုး ပြနိုင်ရဲ့လားဆိုတာမျိုး ကြည့်စေချင်တယ်။ ဘွဲ့လက်မှတ်တစ်ခုတည်းကိုပဲ မကြည့်စေချင်ဘူး။ 

တန်းစီဇယားမှာ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ ထောက်ခံပေးသူဖြစ်ရမယ် ဆိုတဲ့အချက်ကတော့ ဌာနအကြီးအကဲတွေပေါ်မှာ အပ်ထားတဲ့ အခွင့်အာဏာ ဖြစ်နေတော့ များသောအားဖြင့် အကြီးအကဲတွေအနေနဲ့ ဘက်လိုက်မယ်ဆိုရင် လိုက်လို့ရတယ်။ ကျွန်တော့်အထင် ဌာနအကြီးအကဲတွေက တစ်ယောက်နဲ့တစ်ယောက်ကို ပြတ်သားတဲ့ ခွဲခြားမှတ်မျိုး ပေးမယ်ဆိုတာတော့ ရှားမယ်ထင်တယ်။ များသောအားဖြင့် အတူတူပဲ ပေးကြသလားဆိုတာ သိပ်မသိဘူး။ ပုဂ္ဂိုလ်ရေးတစ်ခုခုပေါ် မူတည်ပြီး အမှတ်ပေးခိုင်းနေတာ အပေးခံရတဲ့သူတွေအနေနဲ့ မေးခွန်းထုတ်မယ်ဆို ထုတ်ချင်စရာတွေ များတယ်။ ဥပမာပြောရရင် ပါမောက္ခနဲ့ ဆရာ၊ ဆရာမနဲ့ အဆင်မပြေဘူးဆိုရင် သူပေးတဲ့အမှတ် သည်  ဘယ်လောက်ပဲပေးပေး အမှတ်ပေးခံရတဲ့သူက အကြောင်းတစ်ခုခုကြောင့် တန်းစီဇယား နောက်ကျနေမယ်ဆိုရင် ဒီပါမောက္ခကများ ငါ့ကို အမှတ်နည်း နည်းပေးသလားဆိုတဲ့ အထင်မျိုးတွေ ဖြစ်နိုင်တယ်။ ပွင့်ပွင့်လင်းလင်း မရှိတဲ့အတွက် ဒါကလည်း အဆင် မပြေမှုတွေကို ဖြစ်စေတယ်။ 

ဒါကြောင့် ဒီအမှတ်ပေးတဲ့စနစ်က ပြင်မယ်ဆို ပြင်သင့်တဲ့ အချက်ပါ။ ခုတန်းစီဇယားကို ထုတ်ပြတယ်ဆိုတာ ကျွန်တော်တို့က ကြိုဆိုပါတယ်။ အရင်တုန်းကဆို ဘယ်လိုစီလို့ ဘယ်လို အမှတ်ပေးမှန်း မသိခဲ့ရဘူး။ အမိန့်စာ ထွက်လာမှပဲ သိရတာ။ အခုတော့ ကြိုသိရတယ်။ မေးခွန်းထုတ်စရာတွေလည်း များလာတယ်။ ပထမခြေလှမ်းတော့ လှမ်းနိုင်ပြီ။ နောက်ထပ် မှန်မှန်ကန်ကန် လှမ်းနိုင်ဖို့ကတော့ သက်ဆိုင်ရာ ဆရာအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးပြီး မူဝါဒတစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်ဖို့ အကြံပြုချင်ပါတယ်။

မြဇာခြည်သင်း

  • TAGS