News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ကျောင်းမုန့်ဈေးတန်း)
28-Sep-2017

ကျောင်းမုန့်ဈေးတန်းများတွင် တရုတ်မုန့်များအစား ပြည်တွင်းထွက်ပဲဖြင့်ပြုလုပ်သည့်မုန့်များ အစားထိုးရောင်းချရန် အသေးစား စက်မှု၊ လက်မှုဦးစီးဌာနက ပြင်ဆင်နေသည်။ ယင်းသို့ရောင်းချရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်းနေသည်ဟုလည်း ဆိုသည်။ ယင်းသို့ပြင်ဆင်နေချိန် အခြေခံပညာကျောင်းများတွင် ကျောင်းသားများနှင့် လက်ပွန်းတတီးနေရသည့် ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ရင်ဖွင့်သံကဏ္ဍဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“နိုင်ငံတော်ကနေ ဆိုးဆေးတွေပါတဲ့မုန့်တွေကို ရောင်းခွင့်ကန့်သတ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့”
ဆရာ ဦးထွန်းမြင့် (အထက်တန်းပြ၊ အထက(၁)အင်းစိန်)

ကလေးတွေက လှလှပပလေးတွေ ထုပ်ထားတဲ့မုန့်တွေ စားကြတယ်။ ပေါ်ပင်လုပ်ထားတဲ့ မုန့်တွေ အများဆုံး စားကြတယ်။ ကျောင်းတွေမှာ ကျန်းမာရေး ဟောပြောပွဲတွေ လုပ်ပေမယ့် ကလေးတွေက စားချင်စိတ်က များနေတော့ ပြောတုန်းခဏပဲ။ ကွယ်ရာမှာဆို ဝယ်စားကြတာပဲ။ အစိုးရအနေနဲ့ကတော့ ဒီလိုမျိုးမုန့်တွေအစား ပဲနဲ့လုပ်တဲ့မုန့်တွေ ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အဲလိုလုပ်ထားတဲ့မုန့်တွေက ကလေးတွေအတွက် အဟာရ ဖြစ်တာပေါ့။ တချို့ကလေးတွေက မိဘကိုယ်တိုင်က အတန်းပညာတွေကလည်း မတတ်၊ ကျန်းမာရေးအမြင်ကလည်း မရှိတဲ့ခါကျတော့ တရုတ်မုန့်တွေကို ကလေးတွေ ဝယ်စားရင်တောင် သူတို့က ကလေးဆီက ယူစားတာမျိုးတွေ ရှိတယ်။ ကလေးတွေရော ကလေးမိဘတွေကိုရော ပညာပေးဖို့လိုတယ်။ 

ကျောင်းမှာကတော့ လေအိတ်ထုပ်တွေရော တခြားမုန့်တွေရော ရှိတယ်။ ဒါပေမဲ့ စားသောက်ကုန် ကြီးကြပ်ရေးက လာစစ်တယ်။ နှစ်ခါလောက်စစ်ပြီးတော့ ရောင်းတာ သိပ်မတွေ့ရဘူး။ ကလေးတွေ အဆာပြေ ထမင်းကြော်တို့၊ ကြာဇံကြော်တို့ ရောင်းတာတွေလည်း ရှိတယ်။ ကျောင်းမှာ အဟာရဆိုင်ရာ ပညာပေးတာတွေလည်း ရှိတယ်။ ဆန်ပြုတ်တို့လို အာဟာရစာတွေလည်း ကျွေးတယ်။ ပဲနဲ့လုပ်တဲ့မုန့်က လတ်လတ်ဆတ်ဆတ်ဆိုရင်တော့ ကလေးတွေအတွက် အကျိုးရှိတာပေါ့။ တရုတ်မုန့်တွေအစား ကလေးတွေ ဝယ်စားနိုင်လောက်တဲ့ ဈေးနှုန်းနဲ့ရောင်းပေးမယ်ဆိုရင်တော့ ပဲနဲ့လုပ်တဲ့မုန့်တွေ အစားထိုး ရောင်းမယ့်အစီအစဉ်ကို အားပေးပါတယ်။ အထူးသဖြင့်တော့ လေအိတ်မုန့်တွေ မစားစေချင်ဘူး။ မိဘတွေက ဆုံးမမယ်ဆိုရင်တောင် ကလေးတွေက စားချင်မှာပဲ။ ဒါကြောင့် နိုင်ငံတော်ကနေ ဆိုးဆေးတွေပါတဲ့မုန့်တွေကို ရောင်းခွင့်ကန့်သတ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။

“အန္တရာယ်ရှိတဲ့ ဆိုးဆေးတွေပါတဲ့အကြောင်းနဲ့ မစားကြဖို့ ပြောတယ်”
ဆရာမ ဒေါ်သီတာစိုး (အထက်တန်းပြ၊ မြောက်ဒဂုံ အ.ထက-၁ )

ကျွန်မတို့ ကျောင်းဝင်းထဲမှာရှိတဲ့ မုန့်ဈေးတန်းမှာကတော့ ကျောင်းအုပ်ဆရာမကြီးနဲ့ ကျောင်းကျန်းမာရေးအဖွဲ့က ကြီးကြပ်ပြီးတော့ ဆေးဆိုးမုန့်တွေ အချဉ်ရည်နဲ့လုပ်ထားတဲ့မုန့်တွေ မရောင်းခိုင်းထားဘူး။ ဒါပေမဲ့ ကလေးတွေက အပြင်ကနေ ဝယ်လာတာမျိုးတွေကျ လိုက်ပြီး လုပ်ပေးလို့မရပါဘူး။ ကျောင်းနား ပတ်ဝန်းကျင်မှာတော့ မုန့်ရောင်းတဲ့သူတွေရှိတယ်။ အရင်ဆရာမကြီးတုန်းကတော့ အပြင်ထွက်ပြီး မရောင်းဖို့တားတယ်။ ရပ်ကွက်ကိုပါ အကြောင်းကြားပြီး ဈေးသည်တွေကို ရှင်းခိုင်းတယ်။ အခုကတော့ အဲလိုတွေ မလုပ်နိုင်ဘူး။ ဆရာမတွေကလည်း နေရာတကာ လိုက်ပြောလို့မရတဲ့ အခြေအနေ ဖြစ်လာတယ်။ လမ်းဘေးဈေးသည်တွေကို မနှိမ်နင်းနိုင်ဘူး။ အခုခုလောလောဆယ် ရပ်ကွက် အကူအညီကို မရဘူးဖြစ်နေတယ်။ ဈေးသည်တွေကို မရောင်းဖို့ ပြောမရတော့ ကလေးတွေကို ပညာပေးတာတွေ လုပ်တယ်။ မြို့နယ်ကျောင်းကျန်းမာရေးကလာပြီး ပညာပေးတာတွေ လုပ်တယ်။ 

ဆရာမတွေ ကိုယ်တိုင်ကလည်း ကျောင်းခန်းထဲဝင်တိုင်း လေဖောင်းထုတ်တွေထဲမှာ အန္တရာယ်ရှိတဲ့ ဆိုးဆေးတွေပါတဲ့အကြောင်းနဲ့ မစားကြဖို့ ပြောတယ်။ အပြင်က ဈေးဆိုင်တချို့ကျ ပိုကီမွန် ကစားစရာတွေပါတယ် မုန့်တွေရောင်းတယ်။ အဲဒါတွေ မဝယ်ကြဖို့နဲ့ ဝယ်ခဲ့ရင် ကလေးတွေကို သူတို့ဆီက သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ရတာတွေ ရှိတယ်။ တကယ်လက်တွေ့တော့ မသိမ်းဘူးပေါ့။ သိမ်းရင်လည်း မိဘကို ခေါ်ပေးလိုက်တာမျိုးတွေ လုပ်တယ်။ ကျောင်းမုန့်ဈေးတန်းမှာ စားကြဖို့ပြောတယ်။ ဒီလိုပြောတော့ တချို့က အမြင်တစ်မျိုးနဲ့ မြင်ကြတာတွေ ရှိတယ်။ ကျောင်းမုန့်ဈေးတန်းမှာကျတော့ နှစ်စကတည်းက ကျန်းမာရေးအတွက် စစ်ဆေးမှုတွေ လုပ်တယ်။ ဆံပင်တွေကစ သပ်သပ်ရပ်ရပ် ဖြစ်နေရတယ်။ နောက်ပြီး လက်အိတ်စွပ်တယ်၊ ရှေ့ကာတွေ ဝတ်တယ်။ ကျွန်မတို့ ပြောစရာမလိုဘူး။ 

အစိုးရက ကျောင်းမုန့်ဈေးတန်းတွေမှာ တရုတ်နိုင်ငံက လာတဲ့မုန့်တွေအစား၊ ပြည်တွင်းထွက် ပဲနဲ့လုပ်တဲ့ မုန့် ပဲ သရေစာတွေ ထုတ်လုပ်ပြီး အစားထိုး ရောင်းချဖို့ ပြင်တယ်ဆိုတာ ကောင်းပါတယ်။ အထက်ပိုင်းက ပြင်ဆင်နေပေမယ့် အောက်ပိုင်းကို ရောက်မလာဘူး ဖြစ်နေတယ်။ ဆင်ခြေဖုံးတွေဆို ပိုတောင် ဆိုးသေးတယ်။ အဲဒီအစီအစဉ် တကယ်ဖြစ်လာခဲ့ရင် လက်လုပ်မုန့်တွေ၊ မြန်မာမုန့်တွေ ရောင်းစေချင်ပါတယ်။ ဗိုက်ဝပြီး အဟာရဖြစ်တဲ့ မြန်မာမုန့်တွေကို တန်ဖိုးနည်းနည်းနဲ့ ရောင်းစေချင်တယ်။
 
“အကင်တွေ၊ တုတ်ထိုးတွေ မစားဖို့ပြောတယ်”
ဆရာမ ဒေါ်သီတာ (မူပြ၊ အ.မ.က (၁၀)၊ တာမွေ)

ကလေးတွေကတော့ ထုံးစံအတိုင်းပဲ အသင့်ထုတ်ပိုးထားတဲ့ အစားအသောက်တွေ စားကြတယ်။ အာလူးကြော်တို့၊ တရုတ်ကလာတဲ့ မုန့်လေဖောင်းထုတ်တွေ စားကြတယ်။ ကျောင်းမှာ ဆရာမကြီးကပြောလို့ သိပ်မစားကြတော့ဘူး။ ပေါင်မုန့်တွေ စားမယ်ဆိုရင်တောင် ရက်စွဲတွေကြည့်ပြီး စားဖို့ပြောတယ်။ မုန့်ဆိုင်တွေမှာက ရေညှိတို့ တရုတ်ကလာတဲ့မုန့် တော်တော်များများ ရောင်းကြတာ တွေ့ရတယ်။ အဲလိုမုန့်တွေမဝယ်ဖို့ ကလေးတွေကို အသိပညာပေးတာတွေ လုပ်ရတယ်။ ခုနောက်ပိုင်းတော့ ကလေးတွေက ပေါင်မုန့်တွေ ဝယ်စားလာကြတာ တွေ့ရတယ်။ ဆရာမတွေကိုယ်တိုင်က ကလေးကို မုန့်ထုပ်တွေ ဖောက်ပေးရတာရှိတော့ မုန့်ထုပ်တွေမှာ ရက်စွဲ ကုန်နေတာတွေ့ရင် မိဘတွေနဲ့ ကလေးတွေကို ရက်စွဲကြည့်ပြီးမှ ဝယ်ဖို့ပြောရတယ်။ တချို့ မိဘတွေက ရက်စွဲမကြည့်ဘဲ ဝယ်ပေးလိုက်တာတွေ ရှိတယ်။ 

ကျောင်းထဲမှာ မုန့်ဈေးတန်း မရှိပေမယ့် ကျောင်းရှေ့က စတိုးဆိုင်က ဝယ်လာကြတာ များတယ်။ ဆိုင်ကိုတော့ မရောင်းနဲ့လို့ ပြောမရဘူး။ ကျွန်မတို့ကျောင်းက အသောကဈေးနဲ့နီးတော့ ဈေးထဲက ဝယ်လာကြတာလည်း ရှိတယ်။ ကလေးတွေက အအေးကြိုက်တော့ အအေးဘူးတွေကို အရောင်ပါတဲ့ဟာတွေ မသောက်ဖို့ တစ်ပတ်မှာ တစ်ခါလောက် သောက်ဖို့ ပြောရတာတွေ ရှိတယ်။ ဝယ်လာရင် သိမ်းမယ်ဆိုတာမျိုးတွေပါ ပြောရတယ်။ ကလေးတွေကို အာဟာရနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေလည်း လုပ်ရတယ်။ အသီးတွေဆို အမှည့်လွန်တာတွေ မစားဖို့၊ ယင်နားစာတွေ မစားဖို့ပြောတယ်။ နေ့ချင်းပြီး လုပ်ထားတဲ့ မြန်မာမုန့်တွေ စားခိုင်းတယ်။ အကင်တွေ၊ တုတ်ထိုးတွေ မစားဖို့ပြောတယ်။ ကျောင်းမှာက တနင်္လာနေ့နဲ့ သောကြာနေ့တွေဆိုရင် ထမင်းချိုင့်တွေမှာ ဟင်းသီးဟင်းရွက်တွေပါအောင် ထည့်ခဲ့ဖို့ပြောတယ်။

တချို့ကလေးတွေက အသီးအရွက်မစားတော့ တချို့ မိဘတွေက အလွယ်တကူ အကင်နှစ်ခု သုံးခုလောက်နဲ့ အချဉ်ရည်တွေ ထည့်ပေးတာမျိုးတွေလည်း ရှိတယ်။ အဲဒါတွေအစား ဘဲဥတို့၊ ပဲပြုတ်တို့စားတာကမှ ကောင်းသေးတယ်။ မိဘတွေကိုလည်း အသိပညာပေးရတယ်။ အတင်းအကျပ်တော့ တိုက်တွန်းလို့မရဘူး။ တရုတ်မုန့်တွေကတော့ ပါကင်လှလှလေးထုပ်ပြီး ကလေးတွေ စားချင်အောင် လုပ်ထားကြတာ များတယ်။ အဲဒါတွေ စားကြတော့ ခုနောက်ပိုင်းကင်ဆာတွေ ဖြစ်လာကြတယ်။ အစိုးရအနေနဲ့ ကျောင်းမုန့်ဈေးတန်းတွေမှာ ပဲနဲ့လုပ်တဲ့မုန့်တွေ ရောင်းဖို့ ပြင်ဆင်နေတယ်ဆိုတာ ကောင်းတဲ့ အစီအစဉ်ပါ။ ဒါပေမဲ့ ပြည်တွင်းမှာလည်း တချို့လောဘသားတွေက လုပ်တဲ့မုန့်တွေကလည်း မဟုတ်တာတွေ မကောင်းတာတွေသုံးပြီး လုပ်နေကြတာတွေရှိတော့ ကလေးတွေအပေါ် စေတနာထားပြီး ပဲနဲ့လုပ်တဲ့မုန့်တွေ လတ်ဆက်တဲ့ အသီးအရွက်တွေနဲ့ လုပ်ထားတဲ့ မုန့်တွေ ထုတ်လုပ်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။

မြဇာခြည်သင်း

  • VIA