News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (မောင်တောမှ ဆရာများ)
မောင်တောဒေသကို အကြမ်းဖက်တိုက်ခိုက်နေသည့် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က တစ်လ အပစ်အခတ်ရပ်နားကြောင်း ပြီးခဲ့သည့်ရက်က အသိပေး ထုတ်ပြန်ခဲ့သည်။ လုံခြုံရေး စိုးရိမ်ရ၍ အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားသည့် သြဂုတ်လ ၂၅ ရက်ကတည်းက ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်။ သို့သော် ဆရာများအနေနှင့် စက်တင်ဘာလ ၁၇ ရက်အရောက် တာဝန်ကျဒေသတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် ညွှန်ကြားထားပြီး ပျက်ကွက်ပါက အရေးယူမည်ဟု ဆိုထားသည်။ ယင်းသို့သော အခြေအနေများအပေါ် ဆရာများ၏  သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်း ဖော်ပြလိုက်ပါသည်။ 

“ဝန်ထမ်းတွေကို ပြန်ခေါ်ရမှာက ကျွန်တော်တို့ အလုပ်ပါ”
ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦး

ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေ စက်တင်ဘာလ ၁၇ ရက်အရောက် တာဝန်ကျရာဒေသမှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားထားတယ်ဆိုတာ မှန်ပါတယ်။ အကြမ်းဖက်မှုကို ထိန်းချုပ်နိုင်ပြီလားဆိုတော့ စာထဲမှာ (ညွှန်ကြားချက်ထဲမှာ) ဘယ်လိုရေးထားလဲဗျ။ စာထဲမှာ မောင်တောဒေသ လုံခြုံရေး ထိန်းချုပ်လာနိုင်ပြီ ဖြစ်တယ်လို့ ရေးထားတယ်။ အကြမ်းဖက်မှုတွေကို ထိန်းချုပ်နိုင်ပြီလား ဆိုတာကို ဘယ်လိုသက်သေပြမှာလဲ ဆိုတော့ ဘယ်သူ့ကို သက်သေပြရမှာလဲ။ စာထဲမှာ အာမခံတယ်ဆိုတာ ပါလို့လား။ လုံခြုံရေးအတွက် အာမမခံနိုင်သေးဘဲနဲ့ ဘာကြောင့်  ပြန်ခေါ်ရတာလဲဆိုတော့ ဝန်ထမ်းတွေကို ပြန်ခေါ်ရမှာက ကျွန်တော်တို့ အလုပ်ပါ။ ပြန်လာမယ်၊ မလာဘူး ဆိုတာကတော့ ဆရာ၊ ဆရာမတွေ အပိုင်းပါပဲ။ ပြန်မလာရင်တော့ အရေးယူခံရမှာပါပဲ။ 

(စက်တင်ဘာလ ၁၇ ရက် ပြန်လည်တာဝန်ထမ်းဆောင်ရမည် ဆိုသည့် ညွှန်ကြားချက် ဟုတ်၊ မဟုတ် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်အတည်ပြုမေးမြန်းရာတွင် တာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း ဖြေကြားပေးသော်လည်း မည်သူဖြစ်သည်၊ မည်သည့်တာဝန်ယူသည်ကိုမူ မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပါ။ )

“ထောင်ထားတဲ့မိုင်းတွေ ရှိသေးတယ်” 
ဦးကျော်ဝေဖြိုး (မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ပြန်ကြားရေးမှူး)

ပညာရေးဌာနဘက်က ဆရာ၊ ဆရာမတွေကို ပြန်မလာဘူးဆိုရင် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းအတိုင်း အရေးယူမယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ အခြေအနေအရ မတည်ငြိမ်သေးဘူး။ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အနေအထားတစ်ခုကို ရောက်နေတယ်။ တချို့နေရာတွေက ပြန်သွားလို့ မဖြစ်နိုင်သေးတဲ့ နေရာတွေ ရှိနေတယ်။ သူတို့ (ပညာရေးဌာန တာဝန်ရှိသူတွေ) ကလည်း နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့ ပြောလာတဲ့အတွက်ကြောင့် ဒီဘက်မှာလည်း နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ခံစားခွင့်တွေ အများကြီး ရှိပါတယ်။ ဥပမာ- လစာမဲ့ခွင့်တို့ လုပ်သက်ခွင့်တို့ ရှိပါတယ်။

ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်တွေကို ညှိနှိုင်းမှုမရှိဘဲ အတင်းအကျပ်လုပ်မယ် ဆိုရင်တော့ ကောင်းတဲ့အလားအလာ မဟုတ်နိုင်ဘူး။ ကျွန်တော်တို့ဘက်က နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ထောက်ပြသွာ မှာ ဖြစ်ပါတယ်။ ပညာရေး ဝန်ကြီးဌာန အနေနဲ့ ဘာကြောင့် ဒီဆရာ၊ ဆရာမတွေအပေါ် ဒီလိုတုံ့ပြန်ရသလဲ ရည်ရွယ်ချက်ကို မသိဘူး ဖြစ်နေတယ်။ ဒီထက်ပိုဆိုးလာရင် ရှုတ်ချသွားမှာ ဖြစ်ပါတယ်။ အတင်းအကျပ် လုပ်တာကို ကျွန်တော်တို့အနေနဲ့ လက်မခံနိုင်ပါဘူး။

ကျွန်တော်တို့က အကြမ်းဖက်မှု အခြေအနေတွေကို ထုတ်ပြန်ချက်တွေပဲ ကြည့်တာမဟုတ်ပါဘူး။ ထုတ်ပြန်ချက်တွေမှာ အကြမ်းဖက်မှုတွေကို ထိန်းချုပ်နိုင်ပြီ ဆိုပေမယ့် ကျွန်တော်တို့က မြေပြင်သတင်းတွေကို အဓိကထားကြည့်တာပါ။ လက်ရှိအနေအထားအရ တည်ငြိမ်မှု မရှိသေးတာကို တွေ့ရပါတယ်။ တချို့နေရာတွေမှာ ထောင်ထားတဲ့မိုင်းတွေ ရှိသေးတယ်။ ဆရာ၊ ဆရာမတွေကို တာဝန်ထမ်းဆောင်ဖို့ အတင်းအကျပ် တိုက်တွန်းမယ်ဆိုရင် လုပ်သက်ခွင့် ယူသွားမှာပါ။ ဆရာ၊ ဆရာမတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိအောင် ဆောင်ရွက်သွားမှာပါ။                                   

“အလုပ်ထွက်တဲ့ အခြေအနေအထိ ဖြစ်လာနိုင်တယ်”
ဦးမြတ်သီဟထွန်း (မူလတန်းပြ၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး)

ဝန်ထမ်းတစ်ယောက်ဟာ တာဝန်ကျတဲ့နေရာကို သွားရောက်တာဝန်ထမ်းဆောင်ရမှာပါပဲ။ တာဝန်နဲ့ ဝတ္တရားအပိုင်းပါ။ အဲဒီလို နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လုံခြုံရေး အပြည့်အဝပေးဖို့ လိုအပ်ရင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ပေးဖို့က သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ အစိုးရပိုင်းက တာဝန်ယူ၊ တာဝန်ခံရမှာပါ။ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ဆရာ၊ ဆရာမတွေရဲ့ အသက်အန္တရာယ် ဆိုးရွားစွာ ခြိမ်းခြောက်ခံရတယ်။ ပိတ်မိနေတယ်။ အစိုးရက အစီအစဉ်နဲ့ ကယ်ထုတ်ပေးခြင်း မရှိဘဲ ကိုဝေဠုကျော်တို့ ပရဟိတအဖွဲ့တွေရဲ့ ရိက္ခာပို့ကားတွေ၊ တပ်မတော် ရိက္ခာပို့ကားတွေနဲ့ ပြန်လိုက်ဖို့ ခွင့်တောင်းပြီး ပြန်လိုက်ခဲ့ကြရတယ်။ တမန်းသားကျေးရွာက နိုင်ငံ့ဝန်ထမ်းတွေစုပြီး ဆိုင်ကယ်တွေနဲ့ အသက်လုပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ခဲ့ကြရတယ်။ အဲဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ရခိုင်ဒေသက ဆရာ၊ ဆရာမတွေအတွက် လုံခြုံရေး အာမခံချက် တော်တော်နည်းတယ်လို့ မြင်ပါတယ်။ လုံခြုံရေးအာမခံချက် မပေးနိုင်ဘဲနဲ့ ဝန်ထမ်းတွေကို ဖိအားပေး ပြန်လွှတ်မယ် ဆိုရင်တော့ နိုင်ငံ့ဝန်ထမ်း ဥပဒေတွေကို မလေးစားရာ ကျပါလိမ့်မယ်။ ကျွန်တော့်အမြင်တော့ အခုအတိုင်း ဆက်ပြီး ဖိအားပေးနေမယ် ဆိုရင်တော့ ရခိုင်က ဆရာ၊ ဆရာမ တော်တော်များများ အလုပ်ထွက်တဲ့ အခြေအနေအထိ ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။                                         

“အသက်နဲ့ ကစားခိုင်းတယ်လို့ ကျွန်မ ထင်ပါတယ်” 
ဒေါ်နီလာဝင်း (မူလတန်းပြဆရာမ၊ ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့)

ကျွန်မ ဆရာမတစ်ယောက် အနေနဲ့ မောင်တောဒေသ၊ ရသေ့တောင်၊ ဘူးသီးတောင် ဒေသတွေမှာ တာဝန်ပြန်ထမ်းရမယ့် ဆရာ၊ ဆရာမတွေအတွက် လုံးဝစိတ်မချသေးပါဘူး။ အကြမ်းဖက်မှုတွေက တစ်နေရာတည်း သတ်သတ်မှတ်မှတ် ဖြစ်တာ မဟုတ်ဘူး ဆိုတော့ စိတ်မချရသေးပါဘူး။ အခုလို အခြေအနေမျိုးမှာ တာဝန်ပြန်ထမ်းဆောင်ဖို့ ခေါ်တာကို မကြိုက်ပါဘူး။ အဲဒီဒေသတွေမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ ဘေးကင်းစွာ ပညာသင်ကြား၊ သင်ယူနိုင်ဖို့ လုံခြုံရေး အပြည့်အဝ အာမခံချက် ပေးနိုင်ပြီလားပေါ့။ ဘယ်လိုနည်းနဲ့ အာမခံပေးမှာလဲ။ ဆရာ၊ ဆရာမတစ်ယောက် မတော်တဆ ဖြစ်သွားရင် နောက်နောင်မှာ ဒီလိုဒေသတွေမှာ ဆက်ပြီးတာဝန်ထမ်းဖို့ စိတ်ဝင်စားကြတော့မှာ မဟုတ်ဘူး။ အဲဒီတော့ ဒီဒေသတွေရဲ့ အသိပညာက ပိုပြီးနိမ့်သွားပြီး မုန်းတီးမှုတွေ၊ အငြိုးတွေနဲ့ မဆင်မခြင် အကြမ်းဖက်တာတွေ ပိုထွန်းကားလာမယ်။ 

အဲဒါကြောင့် ကျွန်မတစ်ဦးတည်း သဘောထားက လုံးဝကို တည်ငြိမ်ပြီး လုံခြုံရေးကို အစိုးရကဖြစ်ဖြစ်၊ ကျွန်မတို့ ပညာရေးဌာနကဖြစ်ဖြစ်၊ ပြည်နယ်အစိုးရကဖြစ်ဖြစ် ခိုင်ခိုင်မာမာ တာဝန်ယူပေးနိုင်တဲ့ အခြေအနေ ဖြစ်စေချင်တာပါ။ အဲဒီလိုမဟုတ်ရင် ဘယ်မိဘကမှ ကိုယ့်သား၊ သမီး ဝန်ထမ်းကို စေလွှတ်ချင်မှာ မဟုတ်ဘူး။ အကြမ်းဖက်မှုတွေ ဖြစ်တော့ မိဘတွေကရော ဆရာ၊ ဆရာမတွေကရော စိတ်ဓာတ်တွေ ချောက်ချားနေကြတာ။ အခုအခြေအနေအရ ပြန်လာပြီး တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားတာက အသက်နဲ့ ကစားခိုင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ 

ဆရာ၊ ဆရာမတွေ မတည်မငြိမ်တဲ့ ရင်တမမ ဖြစ်နေရတဲ့ဒေသကို အမိန့်နဲ့ တာဝန်ပေးလို့ စိတ်ပျက်စိတ်ကုန်သွားမှာ စိုးရိမ်တယ်။ အဲဒါမျိုး အခြေအနေ ဖြစ်လာရင် အဲဒီဒေသက ကလေးတွေ ပညာရေး နိမ့်ကျနေမှာ။ ဒါဆိုရင် အနာဂတ်မှာပါ ဝေဖန်ပိုင်းခြားနိုင်မှု တွေလျှော့ပြီး အမုန်းတရားတွေ၊ မဆင်ခြင်နိုင်မှုတွေ ထွန်းကားနေဦးမှာပဲလို့ ကျွန်မက ယူဆတယ်။ ခုလောလောဆယ်မှာ (ပညာရေး) ဌာနရဲ့ မူဘောင်တွေ၊ စည်းမျဉ်းတွေထက် အဓိက လက်တွေ့ရင်ဆိုင်ရမယ့် ဆရာမတွေရဲ့ စိုးရိမ်ချောက်ချားမှုကို ရှေးရှုရမယ်လို့ ကျွန်မ ယူဆပါတယ်ရှင့်။               

မြဇာခြည်သင်း