News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (အဆင့်မြင့်ပညာရေးက ကျူရှင်စနစ်)
ပညာရေး ပြောင်းလဲရန် မပါမဖြစ် ထည့်ပြောကြရသည်က ကျူရှင်စနစ် ဖြစ်သည်။ အစိုးရကလည်း နိုင်ငံ့ဝန်ထမ်းဆရာများ ကျူရှင်မသင်ရန် တားမြစ်သည်။ သို့သော် အကြောင်းကိုယ်စီဖြင့် ရှိနေကြဆဲ ဖြစ်သည်။ ယင်းသို့သော အခြေအနေများအကြောင်း တက္ကသိုလ်ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“မေးခွန်းချသင်ပေးမယ်ဆိုတဲ့ လုပ်ရပ်မျိုး မလုပ်မိကြဖို့ပါ”
ဒေါက်တာဇော်မျိုးလှိုင် (ကျောက်ဆည်တက္ကသိုလ်၊ ရူပဗေဒဌာန၊ ကထိက)

အဆင့်မြင့်ပညာရေးဘက်မှာလည်း စာသင်ကာလ စပြီဆိုတာနဲ့ ကျူရှင်သင်ကြားခြင်း မပြုရဆိုတဲ့ ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတာတွေ ရှိပါတယ်။ ဒါပေမဲ့ ခုလိုစာမေးပွဲ နီးလာချိန်ဆို ကျူရှင်တွေ မိုးဦးကျ မှိုပေါက်သလို ဟိုနားတစ်စု ဒီနားတစ်စု ပေါ်လာတာပါပဲ။ ကျူရှင်နဲ့ ပတ်သက်လို့ကတော့ အကောင်းအဆိုး ဒွန်တွဲနေပါတယ်။ အဓိကအားဖြင့် ကျူရှင်တွေ ဘာလို့ရှိနေသလဲ ဆိုတာကို အရင်းအမြစ်ထိ လိုက်စဉ်းစားဖို့ လိုပါတယ်။ 

ကျူရှင်ဟာ လက်ရှိပညာရေးစနစ်ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ ဆိုနိုင်မယ် ထင်ပါတယ်။ သင်ကြားမှု ပုံစံတွေ အများစုက Passive Learning ဘက်ကိုသာ ပြုလုပ်နေသလို၊ စစ်ဆေးမေးမြန်းတဲ့ မေးခွန်းပုံစံတွေက ဘာသာရပ်တွေရဲ့ သဘောတရားကို ဘယ်လောက်နားလည်တတ်ကျွမ်းမှု ရှိသလဲကို စစ်ဆေးတာထက် ဘယ်လောက် အလွတ်ကျက်မှတ်နိုင်သလဲ ဆိုတာကို မေးမြန်းသလို ဖြစ်နေပါတယ်။ ဒီတော့ ကျူရှင်ဆိုတဲ့ ဆေးမြီးတိုနဲ့ ကုကြဖို့ ကျောင်းသား ဆရာ နှစ်ဖက်စလုံးက အားထုတ်ကြပါတော့တယ်။ 

ဒီနေရာမှာ ကျောင်းသားတွေဘက်ကလည်း ငယ်စဉ်ကတည်းက ကျူရှင်တက်ခဲ့တဲ့ အလေ့အထ စွဲလာတာ ရှိသလို ဆရာ ဆရာမများဘက်ကလည်း လစာနဲ့ ဘဝရပ်တည်ဖို့ မဖူလုံတဲ့ အကြောင်းပြချက်နဲ့ ကျူရှင်တစ်စခန်း ‘ထ’ ဖြစ်ကြပါတော့တယ်။ အလွယ်ပြောရရင် ကျူရှင်ဟာ ဝယ်လိုအားနဲ့ ရောင်းလိုအား မျှခြေအနေအထားမှာ ရောက်နေပါတယ်။

တချို့က ကျောင်းမှန်မှန်မတက်ဖြစ်ခဲ့လို့၊ ကျောင်းမှန်မှန်တက်သူများကလည်း ကျောင်းတွင်းမှာ သင်ယူခဲ့ပြီးသား စာတွေကို နောက်တစ်ကြိမ် ထပ်မံသင်ယူလိုကြလို့၊ တချို့ကလည်း ကျူရှင်တက်၊ ခုံအမှတ် ပေးထားရင် ဆရာ ဆရာမက အအောင်ပေးလိမ့်မယ် ထင်နေကြလို့ စတဲ့ အကြောင်းအမျိုးမျိုး၊ မျှော်လင့်မှု ပုံစံအမျိုးမျိုးနဲ့ ကျူရှင်ကို တက်ရောက်နေကြတာ တွေ့ရပါတယ်။ 

ဆရာ ဆရာမများဘက်မှာလည်း ရရှိတဲ့ လစာနဲ့က မိသားစု စားဝတ်နေရေး ဖူလုံရန်ပင် အနိုင်နိုင်ဆိုတော့ ကျူရှင်ကရတဲ့ ဝင်ငွေကို မငြင်းရက်နိုင်၊ ‘သာ၏ တစိုစို’ ဖြစ်ရပြန်ပါတယ်။ နောက် ဆရာ၊ ဆရာမများဘက်က အမြင်တစ်ခုက အထူးကု ဆရာဝန်ကြီ တစ်ယောက်က အစိုးရဆေးရုံမှာ ဂျူတီချိန်ပြီးရင် ကိုယ်ပိုင်အချိန်မှာ အပြင်ဆေးခန်းထိုင်သလို ကျောင်းဆရာများ အနေနဲ့ မိမိအားလပ်ချိန်မှာ မိမိဘဝဖူလုံရေးအတွက် ကျူရှင်ပြတာဟာ အပြစ်မဖြစ်သင့်ဘူးလို့ မြင်ကြပါတယ်။ 

ဆိုးကျိုးအနေနဲ့ကတော့ ကျောင်းသားမိဘတွေအတွက် ထပ်ဆောင်းကုန်ကျစရိတ် တိုးလာခြင်း ဖြစ်ပါတယ်။ ဒီကြားထဲ ကျောင်းသားများက ပုံမှန်ကျူရှင်ကြေးထက် ပိုပြီး မိဘတွေဆီကနေ လိမ်လည်တောင်းခံမှုတွေကြောင့် ကျောင်းဆရာတွေကို မိဘတွေက ပိုအထင်အမြင်သေးစရာ ဖြစ်လာကြပြန်ပါတယ်။
 
အဓိကကတော့ ဆရာ၊ ဆရာမများဟာ မူလအစကတည်းက ကျောင်းမှာ စေတနာအပြည့်နဲ့ ထိရောက်အောင် သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ကျောင်းမှာ ခိုပြီး ကျူရှင်မှာ ပိုသင်တာမျိုး မလုပ်မိဖို့ လိုသလို၊ ကျူရှင်မှာ မေးခွန်းချသင်ပေးမယ်ဆိုတဲ့ လုပ်ရပ်မျိုး မလုပ်မိကြဖို့ပါ။ ဒီနေရာမှာ ကျင့်ဝတ်က သိပ်အရေးကြီးပါတယ်။

လူနာနဲ့တူတဲ့ ကျောင်းသားတွေက သူတို့မှာ ရှိနေတဲ့ ပညာရေး ရောဂါဆိုးကြီးကို သက်သာဖို့ ကျူရှင်မှာ လာရောက်ပြီး ထပ်မံကုသတယ်ဆိုရင်၊ ဆရာတွေဘက်ကလည်း လိုအပ်တယ်ထင်လို့ ကျူရှင်ထပ်လာယူတဲ့ ကျောင်းသားတွေကို စေတနာထားပြီး ကုသပေးလိုက်ဖို့ပါပဲ။ 

တကယ်တော့ ကျူရှင်ဟာ ဆရာတွေရော၊ ကျောင်းသားတွေပါ စွဲနေတဲ့ ဘိန်းတစ်မျိုးပါ။ မကောင်းမှန်း သိပေမယ့် မှိန်းလို့က ကောင်းနေဆဲပါ။ ဘိန်းဆိုတာ အစိမ်းဖြတ်ဖြတ်ဖို့ ခက်သလို ကျူရှင်ဘိန်းကလည်း ကျူရှင်မပြရ အမိန့်ထုတ်ရုံ၊ ဖမ်းဆီးစစ်ဆေး အပြစ်ပေးရုံနဲ့တော့ ပပျောက်သွားရန် အကြောင်းမမြင်ပါ။

ကျူရှင်တွေကြောင့် မြန်မာပြည်ပညာရေး ပျက်စီးရတာလို့ ဆိုကြမယ်ဆိုရင် လက်ရှိလည်ပတ်နေတဲ့ ပညာရေး ယန္တရားကြီးကို အရင်ဆုံး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အရေးတကြီး လိုအပ်ပါလိမ့်မယ်။ သင်ကြားမှု သင်ယူမှုပုံစံတွေ၊ စစ်ဆေးမေးမြန်းမှု ပုံစံတွေ နိုင်ငံတကာပုံစံ ရောက်အောင် ပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံး လုပ်ဆောင်ရပါမယ်။ တက္ကသိုလ်တစ်ခုမှာ ရှိသင့် ရှိထိုက်တဲ့ အခြေခံလိုအပ်ချက် Infrastructure တွေ၊ ဆရာ၊ ဆရာမတွေအတွက် လိုအပ်တဲ့ အရည်အသွေး မြှင့်တင်ပေးမှုတွေနဲ့အတူ၊ လူမှုဘဝ ဖူလုံနိုင်လောက်တဲ့ လုပ်ခလစာ ချီးမြှင့်မှုတွေကို တာဗဝန်ရှိသူများဘက်က တတ်နိုင်သမျှ ဖြည့်ဆည်းပေးရပါလိမ့်မယ်။

ဒီလိုမှ မဟုတ်ရင် မှိန်းလို့ကောင်းနေဦးမှာမို့ ကျူရှင်ဘိန်းကို အဖြတ်ရခက်နေဦးမှာ မလွဲပါ။

“အရေးယူရင် ကျူရှင်စနစ်က မှောင်ခိုဈေး ဖြစ်သွားမယ်” 
ဦးသန်းထိုက်အောင် (ပုသိမ်တက္ကသိုလ်၊ သမိုင်းဌာန၊ ကထိက )

ကျူရှင်စနစ်က အဆင့်မြင့်ပညာဘက်မှာလည်း ရှိပါတယ်။ အဲဒါတွေက စနစ်က ကောင်းတော့ ဆရာ၊ ဆရာမတွေကို လစာကောင်းကောင်းမပေးတာတွေ၊ စွမ်းရည်မြင့် သင်တန်းတွေကို ပို့ချပေးစေချင်တယ်။ ကျူရှင်စနစ် ပေါ်လာတာက စာမေးပွဲစနစ်ကြောင့် ဖြစ်တယ်။ စနစ်က အမှတ်ရရေးကို ဦးတည်ထားတယ်။ အမှတ်များများရဖို့ကို ဘယ်လိုသင်မလဲဆိုတဲ့ အခါမှာ ကျူရှင်စနစ်က ပေါ်လာတော့တာပါပဲ။ ကျောင်းတွေမှာ သင်ခန်းစာတွေကို ဘယ်အချိန်မှာ ဘယ်လို့သင်ရမယ် အဲလိုဖြစ်နေချိန်မှာ ကျူရှင်ဆရာတွေက အပြင်မှာ သူကြိုက်တဲ့ပုံစံမျိုးနဲ့ ဘယ်အခန်းကို အရင်သင်မယ် ဘယ်အခန်းကပြီးရင် အမှတ်ဘယ်လောက်ရမယ် ဆိုတာကို ရအောင်သင်တယ်။ တွက်ပြီးသင်တော့ စာမေးပွဲစနစ်က မှားနေတယ်။ အဲဒါတွေကို ပြင်ရမယ်။

နောက်ပြီး ဆရာ၊ ဆရာမတွေရဲ့ လစာရယ်၊ ရိက္ခာ လူမှုဖူလုံရေး လုံလောက်အောင် မရနေတော့ ဒီဘက်မှာ ကျူရှင်သင်တယ်။ ပညာရေးစနစ်ကြောင့် ကျူရှင်စနစ်တွေ အားကောင်းလာတာပါ။ ကျူရှင်စနစ်ကြောင့် ပညာရေးအတွက် ကောင်းကျိုး ဘာရှိသလဲမေးတော့ ကောင်းကျိုးက ဘယ်ရှိမလဲ။ ကျောင်းသားတွေက ကျောင်းချိန်ပြင်ပမှာ နားချိန်မရှိဘဲ နောက်ထပ် စာသင်နေရတယ်။ ဆရာတွေဘက်က ကျူရှင်သင်တာ ရိုးရိုးတန်းတန်းသင်ရင် ပြဿနာ မဟုတ်ဘူး။ သူ ကျောင်းသား ခုံနံပါတ်ကို မှတ်ပြီး သူ စစ်ရတယ်ဆိုရင်  အဂတိလိုက်စားမှု ဖြစ်လာနိုင်တာပေါ့။ ပပျောက်အောင် ဆိုရင် အစိုးဘက်မှာရော ဝန်ကြီးဌာနဘက်မှာ တာဝန်ရှိတယ်။ ဒီကိစ္စက အရေးယူလို့မရဘူး အရေးယူရင် ကျူရှင်စနစ်က မှောင်ခိုးဈေး ဖြစ်သွားမယ်။ ဈေးပိုတက်သွားလိမ့်မယ်။

နေဇာကျော်