News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ပထမတန်း သင်ရိုးသစ် ပြန်ဆန်းစစ်ခြင်း)
01-Sep-2017 tagged as ဆရာများ

အခြေခံပညာကျောင်းများ ဖွင့်လာသည်မှာ ယခုလကုန်ဆိုလျှင် သုံးလပြည့်ပြီ ဖြစ်သည်။ ယခုနှစ်တွင် ပထမတန်းကို သင်ရိုးသစ်ပြောင်းလဲခဲ့သည်။ ယင်းသို့ သစ်ရိုးသစ်ပြောင်းလဲမှုနှင့်အတူ အားနည်းချက်၊ အားသာချက်များကို သုံးလကြာ ပြန်ဆန်းစစ်ရန် လိုလာသည်။ ထို့ကြောင့် ဆရာများ လက်တွေ့ကြုံနေရသည်များကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။  

“စာသင်ရတာ မညီတော့ အခန်းက ပိုပြီးဆူညံလာတယ်”
ဒေါ်သီတာ (အမက ၁၀၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ )

ပထမတန်း G1 သင်ရိုးသစ် သင်ရိုးညွန်းတမ်း အဓိကသင်ရိုးဝင် သင်ယူမှုနယ်ပယ် ၁၀ ခု ရှိပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ စာရိတ္တနဲ့ပြည်သူ့နီတိ၊ ကာယပညာ၊ အနုပညာနဲ့ ဒေသဆိုင်ရာ သင်ရိုးတို့ ဖြစ်ပါတယ်။ သင်ရိုးသစ် သင်ကြားလာတာ သုံးလပြည့်ပါပြီ။ စနစ်သစ်ပညာရေးရဲ့ ထုံးစံအတိုင်း အားသာချက်၊ အားနည်းချက်များစွာနဲ့ ဆက်လက်သင်ကြားရမှာပါ။ ယခင်သင်ကြားနည်းတွေနဲ့ မတူဘူးလို့တော့ ပြောလို့မရပါဘူး။ ကလေးဗဟိုပြု သင်ကြားနည်းကိုပဲ အခြေခံထားတာပါ။

သင်ပြမှုပုံစံ၊ သင်ထောက်ကူပစ္စည်း သင်ကြားမှု မစတင်ခင်၊ သင်ကြားဆဲ၊ သင်ကြားပြီး အခြေအနေ သုံးမျိုးရဲ့ စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူမှု ဦးတည်ချက်၊ မဖြစ်မနေ တတ်ကျွမ်းရမယ့် အဓိကအချက် အစရှိတာကို ကြိုတင်ပြင်ဆင်ပြီးမှ သင်ကြားရတာပါ။ ကျွန်မတို့ သင်တန်းစတက်ကတည်းက မဖြစ်မနေရသင့်တဲ့ ဆရာလမ်းညွှန်၊ ကျောင်းသားကိုင် ဖတ်စာအုပ်တွေကို မရရှိတဲ့အတွက် သင်တန်းလက်စွဲစာအုပ်တွေနဲ့ သင်ကြားခဲ့ရတာပါ။ သင်ရိုးသစ်ရဲ့ သဘောသဘာဝ၊ သင်ရိုးဟောင်းနဲ့ ကွာခြားချက်၊ သင်ကြားနည်း စတာတွေကို အမြည်းသဘော သင်ယူခဲ့ရပြီးတော့ ဘာသာရပ် အမျိုးမျိုးရဲ့ သင်ကြားနည်းကို တစ်ချိန်စာ လက်တွေ့သင်ကြားရပါတယ်။

တကယ်လက်တွေ့ ကျောင်းဖွင့်စအချိန်KG ကနေ တက်လာတဲ့ ကလေးလေး အတန်းထဲမှာ ပုံဆွဲမယ်၊ ကစားမယ်၊ ကဗျာဆိုမယ်ဆိုတဲ့ အတွေးတွေပဲ ရှိတဲ့ကလေးတွေကို အချိန်စာရင်းအတိုင်း ဘာသာကြီး ကိုးခုကို သင်ရိုးညွှန်းတမ်းနဲ့အညီ သင်ကြားရတော့ ခက်ပြီပေါ့။ အာရုံစိုက် သင်ယူလာဖို့ နည်းလမ်းပေါင်းစုံ သုံးရပါတယ်။ ကြာကြာသင်လို့ မရသလို ခဏခဏ ပြန်ပြန်သင်မှ နည်းနည်းမှတ်မိလာတာပါ။ သင်္ချာဆို ပိုဆိုးပါတယ်။ အပေါင်းအနုတ် ခဏတိုင်း ပြန်လေ့ကျင့်နေရပါသေးတယ်။ လက်ချောင်းလေးတွေ မသုံးဘဲ ကိန်းကတ်ပြားတွေ ကားချပ်တွေ စက္ကူအကွက်တွေနဲ့ သင်ပေးရပါတယ်။ 

အနုပညာမှာ ဂီတဘာသာရပ်ကို ထည့်သွင်းထားတာဟာ ကလေးတွေအတွက် အလွန်သဘောကျစရာပါ။ ခက်တာက ဆရာ၊ ဆရာမတွေ မကျွမ်းကျင်တော့ စနစ်တကျ မသင်ပေးနိုင်ပါဘူး။ ပန်းချီလည်း ဒီလိုပါပဲ။ ဆရာမတွေကို အခြေခံကျကျ သင်ပေးနိုင်မယ်ဆိုရင် ကလေးတွေအတွက် အလွန်အဆင်ပြေမှာပါ။ ကာယပညာကို အသက်ငယ်သူ ဆရာ၊ ဆရာမများက အားရပါးရ သင်ပေးနိုင်ကြပေမယ့် ပင်စင်ယူခါနီး ဆရာမကြီးများ အခက်တွေ့နေပါတယ်။ သင်တန်းကို ဒီလိုအသက်အရွယ်ရှိ ဆရာကြီး၊ ဆရာမကြီးများကို မတက်ခိုင်းသင့်ဘူးလို့ ထင်ပါတယ်။ 

KG, G1သင်တန်းကို မူသင်ဆရာ၊ ဆရာမ အားလုံး တက်ထားသင့်ပါတယ်။ ဘယ်အတန်းကျကျ သင်နိုင်အောင် ဘယ်သူပြောင်းပြောင်း ဝင်သင်နိုင်အောင် ဝမ်းစာဖြည့်ထားသင့်တယ်လို့ ထင်ပါတယ်။ ကျွန်မတို့ကတော့ ဘာသင်တန်းပဲလာလာ တက်ဖို့ရာ အဆင်သင့်ပါပဲ။ သင်တန်း လုံးဝမရှိသူနဲ့ ရှိသူ အတွေးအခေါ် အယူအဆ ကွာခြားသလို သင်ကြားနည်းပါ ပြောင်းလဲသွားပါတယ်။ ဒါကြောင့် မူသင်ဆရာအားလုံး သင်တန်းတက်ခွင့်ရအောင် စီစဉ်သင့်ကြောင်း တောင်းဆိုချင်ပါတယ်။

မိဘအများစုက ပထမတန်း ရောက်လာရင် စာဖတ်တတ် ရေးတတ်စေချင်တာပါပဲ။ ဆရာမတွေ ကျောင်းမှာ မသင်ပေးလို့ ကျူရှင်ထားကြတယ်။ ကျူရှင်အများစုက သင်ရိုးဟောင်း သင်နည်းအတိုင်း သင်ကြပါတယ်။ မိဘတွေ ကျေနပ်ကြပေမယ့် ကျွန်မတို့ ဆရာမတွေ ဒုက္ခရောက်ကြပါတယ်။ မြန်မာစာကို အကြောင်းလိုက်ရေးခိုင်း ကျက်ခိုင်းတယ်။ ဆရာဗဟိုပြုနည်းနဲ့ သင်တယ်။ အဲဒီကလေး စာဖတ်တတ် ရေးတတ်တယ်။ ကျူရှင်မတက်တဲ့ကလေး သင်သလောက် ရေးတတ်ဖတ်တတ်တယ်။ အလွတ်မရေးခိုင်းဘူး။ ပုံစံတူစာကြောင်းတွေ ဖတ်တတ်လာအောင် သင်ပေးတယ်။ ကျောင်းက ဆရာမကသင်ရင် သင်ပြီးသား ကလေးက စိတ်မဝင်စားဘူး။ သင်္ချာဆိုလည်း ဒီအတိုင်းပဲ။ လက်ချောင်းနဲ့ တွက်တယ်။ ပြောမရဘူး။ စာသင်ရတာ မညီတော့ အခန်းက ပိုပြီးဆူညံလာတယ်။ 

သင်ရိုးသစ် သဘောကျတဲ့ မိဘတွေက ကျူရှင်မထားဘူး။ ဆရာမ ဘာတွေသင်လိုက်လဲ၊ ကလေးတွေကို ဘာလုပ်ပေးရမလဲ၊ ဘာဖြည့်ဆည်းပေးရမလဲ တတ်နိုင်သလောက် လုပ်ပေးရှာတယ်။ ကျူရှင်လခ မုန့်ဖိုးသက်သာသလို ကလေးလည်းသက်သာ ပျော်ရွှင်ကျန်းမာနေတာကို သဘောကျနေတယ်။ လပိုင်းသင်ရိုး မာတိကာအလိုက် သင်ရင်း ဒီစာတွေကို ရေးတတ်ဖတ်တတ်သွားမှာမို့လို့ မိဘများ စိတ်ပူစရာ မလိုပါဘူးလို့ ပြောချင်ပါတယ်။

ပညာရေးဌာန အနေနဲ့ကတော့ လိုအပ်ချက် အများဆုံး ရှိနေတာပါ။ မြို့ကြီးမြို့ငယ် ကျေးလက်အနေအထား ကွာခြားသလို ဖြည့်ဆည်းရမယ့် အနေအထားလည်း ကွာခြားလှပါတယ်။ သင်တန်းဆင်း ဆရာမတွေ တိုးပြောင်းနဲ့ ထွက်သွားရတာမျိုး မဖြစ်သင့်ပါဘူး။ မဖြစ်မနေဆိုရင် သင်တန်းဆင်းကိုပဲ ပြန်လည်ဖြည့်ဆည်းပေးသင့်ပါတယ်။ ကျောင်းသားကိုင် ဖတ်စာအုပ်အရ နောက်ကျတာမျိုး နောင်နှစ်တွေမှာ မဖြစ်စေချင်ပါဘူး။ ဖြစ်လည်းမဖြစ်သင့်ပါဘူး။ ကျေးရွာမြို့ကြီး ညီမျှစေချင်ပါတယ်။ ဆရာလမ်းညွှန် ကျောင်းမဖွင့်ခင်ရအောင် စီစဉ်ပေးသင့်ပါတယ်။ ကျွန်မတို့ မြို့နယ်မှာ သင်္ချာလမ်းညွှန်ရတာ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ကျန်မြို့ရွာ ကျေးလက်များ ရ၊ မရ မသိရသေးပါဘူး။

သင်ရိုးသစ် အောင်မြင်မှု အသင့်အတင့်လောက်သာ ရှိပါသေးတယ်။ ပညာရေးဌာနရဲ့ ပံ့ပိုးကူညီမှု၊ ကျောင်းအုပ်ကြီးများရဲ့ စိတ်ဝင်စား အားပေးမှု၊ မိဘများ သင်ရိုးသစ်အပေါ် ယုံကြည်လက်ခံလာမှု၊ ဆရာ၊ ဆရာမများကိုယ်တိုင် သင်ရိုးသစ်ကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ချင်တဲ့ ဆန္ဒပြင်းပြမှုအပေါ် မူတည်ပြီး ရလဒ်အမျိုးမျိုး ကွာခြားနိုင်တယ်။ အချိန်တွေ ရှိပါသေးတယ်။ ကျွန်မတို့အားလုံး တာဝန်ကျေမဟုတ်ဘဲ စိတ်စေတနာအပြည့်နဲ့  ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် သင်ရိုးသစ် ပထမတန်း မအောင်မြင်စရာ အကြောင်း မရှိပါဘူးလို့ ပြောပါရစေရှင့်။                                      

“လမ်းဟောင်းကို ပြန်သွားဖို့ ဦးတည်ခဲ့ပါတယ်”
ဒေါ်နီလာဝင်း (အထက ၃၅၊ မူလတန်းပြ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့)

ကလေးလေးတွေကို ဗလငါးတန်နဲ့ပြည့်စုံပြီး ဟန်ချက်ညီညီ ရပ်တည်ရှင်သန်နိုင်ဖို့ ပညာရေးကနေ လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။ ပညာရေးစနစ် ပြောင်းလဲမှုနဲ့အတူ သင်ရိုးညွှန်းတမ်းကိုလည်း ပြောင်းလဲခဲ့ပါတယ်။ ပထမတန်း သင်ရိုးအသစ်မှာ ကလေးလေးတွေရဲ့ စူးစမ်းလေ့လာမှုကို အခြေခံထားပါတယ်။ ကလေးတွေကို လုပ်ငန်းတွေ လုပ်ဆောင်ရင်း ကိုယ်တိုင်လေ့လာ အဖြေရှာစေပါတယ်။ ဘာသာရပ်အသီးသီးက သင်ရိုးတွေကတစ်ဆင့် ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ် နားလည်လိုက်နာနိုင်တဲ့ မျှဝေခံစားတတ်တဲ့ ကလေးတွေအဖြစ် မျှော်မှန်းထားတဲ့သင်ရိုး ဖြစ်ပါတယ်။ ဒါပေမဲ့ မနှစ်က စတင်ပြောင်းလဲလိုက်တဲ့ KG  သင်ရိုးသစ်မှာ ကတည်းက လိုအပ်ချက်တွေကို ကြိုပြင်ပြီး မဖြည့်ဆည်းနိုင်တဲ့အပြင် တိကျတဲ့မူဝါဒ မရှိလို့ အားနည်းမှုတွေ ရှိခဲ့တယ်။ 

KG Work Book တွေနဲ့ လေ့ကျင့်ဖို့ စီစဉ်ပြီးမှ ပြန်သိမ်းလိုက်လို့ သင်ရိုးကို ပေါက်မြောက်မှု အားနည်းခဲ့တယ်။ မလေ့ကျင့်နိုင်လိုက်လို့ G1 သင်ရိုးသစ်နဲ့ ချိတ်ဆက်ဖို့ နှစ်စမှာ G1 ဆရာတွေ အခက်အခဲ ရှိလာခဲ့တယ်။ G1 မှာ အဓိကအခက်ခဲ ဖြစ်နေတာက မိဘတွေ သင်ရိုးကို ယုံကြည်လက်ခံချင်အောင် နားလည်သဘောပေါက်ပြီး ပူးပေါင်းစေဖို့ ဆရာ၊ ဆရာမတွေရဲ့ အားတစ်ခုကိုပဲ ပုံချထားတဲ့ အခြေအနေပါပဲ။

သင်ရိုးကို နားမလည် ကလေးအတွက် ရလဒ်ကို မသိတဲ့အခါ စိတ်လောပြီး ကျူရှင်တွေမှာ ကြိုသင်ထားကြတယ်။ ဒီအခါ ဆရာ၊ ဆရာမတွေဟာ မျှော်မှန်းထားတဲ့ ရလဒ်ရဖို့ သင်ကြားသင်ယူ ချဉ်းကပ်နည်းတွေ အခက်အခဲများ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် သင်္ချာနဲ့ မြန်မာစာမှာ သိသိသာသာ အခက်အခဲများ ရစေပါတယ်။ အပေါင်း အနုတ်မှာ မိတ်ဖက်ရှာပြီး သင်ရမှာကို လက်ထောင်ပြီး သင်တာ အသားကျပြီး ကြိုသင်ထားကြလို့ အခက်အခဲ အများကြီး ဖြစ်ရပါတယ်။ လမ်းဟောင်းကို ပြန်သွားဖို့ ဦးတည်ခဲ့ပါတယ်။

နယ်ပယ် ၉ ခု၊ ဘာသာရပ် ၁၀ ခုသင်ရလို့ ဆရာအရည်အချင်း လုပ်ငန်းစဉ်နားလည်မှု၊ သင်ပြနည်း အတွေ့အကြုံ ခံယူချက် မှန်ကန်မှု စတဲ့ ဆရာအတတ်ပညာ အဓိက လိုအပ်ပါတယ်။ သင်ရိုးသစ်အတွက် ဆရာအရည်အသွေးမြှင့် သင်တန်းကို ဆရာလုံလောက်အောင် ပို့ချမပေးနိုင်လို့ သင်ကြားသင်ယူမှာ အခက်အခဲ အများကြီး ရင်ဆိုင်ရပါတယ်။ ကလေးကိုင် ပြဋ္ဌာန်း စာအုပ်များနဲ့ ဆရာလမ်းညွှန်စာအုပ်တွေကို ကြိုတင်လေ့လာဖို့ နေနေသာသာ အချိန်မီမပေးနိုင်တာလည်း အတော်အခက်အခဲ ဖြစ်စေပါတယ်။ ကျွန်မက စိတ်ညစ်ပေမယ့် စိတ်ဓာတ်မကျပါဘူး။ သင်ရိုးသစ်ဟာ ကျွန်မတို့ ဆရာ၊ ဆရာမတွေ ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တဲ့ ပြောင်းလဲမှုလို့ ယုံကြည်ပြီး ရွှေ့မှာပါ။ ပြိုင်တူတွန်းဖို့ပဲ မျှော်လင့်ရမှာပေါ့ရှင့်။               

နေဇာကျော်