News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ဆရာများသမဂ္ဂ)
24-Aug-2017 tagged as ဆရာများ

တစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၆၀ ကျော် ရှိသည်။ တက္ကသိုလ်၊ ကောလိပ်အလိုက် ဆရာသမဂ္ဂများ ပေါ်ပေါက်ရေး တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီက ဆောင်ရွက်လျက်ရှိသည်။ ယင်းအခြေအနေများအကြောင်း ကော်မတီ ဦးဆောင်အဖွဲ့ဝင်နှင့် တက္ကသိုလ်ဆရာတစ်ဦး၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍတွင် The Voice က စုစည်းဖော်လိုက်ပါသည်။

“ဒါကြောင့် ဝန်ကြီးဌာနကို ကျွန်တော်တို့က မေတ္တာရပ်ခံတာပါ”
ဦးလှိုင်တင့် (ဦးဆောင်ကော်မတီဝင်၊ တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီ)

တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းတွေက တက္ကသိုလ် ၁၄ ခုမှာပဲ ဖွဲ့စည်းရပါသေးတယ်။ နောက်ထပ် ကိုယ်စားပြုကော်မတီထဲမှာပါတဲ့ ၂၇ ကျောင်းမှာ ဆက်ဖွဲ့စည်းဖို့ ချိတ်ဆက်နေပါပြီ။ ပထမ လျာထားချက်က အနီးစပ်ဆုံး စနိုင်မယ့် ၁၀ ကျောင်းကို ဖွဲ့ပါမယ်။ တစ်ဆင့်ချင်း နယ်မြေအလိုက် နီးစပ်ရာကို ဆက်လုပ်သွားဖို့ ရှိပါတယ်။ 

ဆရာအသင်းတွေ ဖွဲ့စည်းဖို့ ဘာကြောင့်လိုတာလဲဆို လက်ရှိကျောင်းတွေမှာ ရာထူးတိုးကိစ္စ၊ အိမ်ရာကိစ္စတွေ အပါအဝင် လက်ရှိဖြစ်နေတဲ့ ရာထူးတိုး ပြဿနာတွေပေါ့။ ဥပမာ-နည်းပညာတက္ကသိုလ်တွေဆိုရင် ဆန္ဒပြဖို့လုပ်တယ်။ အခု အဆင်ပြေသွားပြီလို့ ပြောပါတယ်။ ပြဿနာဖြေရှင်းတဲ့အခါ ကျွန်တော်တို့  သဘောထားက အရင်တုန်းကလို လမ်းပေါ်ထွက်တာထက် တွေ့ဆုံဆွေးနွေး အဖြေရှာချင်တယ်။ တက္ကသိုလ်တိုင်းမှာ ဆရာသမဂ္ဂတွေ ရှိလာပြီဆိုရင် တက္ကသိုလ် အာဏာပိုင်၊ ဝန်ကြီးဌာန၊ အစိုးရနဲ့ဖြစ်ဖြစ် ပညာရေး တိုးတက်မှုလုပ်တဲ့ နေရာမှာ သမဂ္ဂတွေကနေ တစ်ဆင့် ညှိနှိုင်းအဖြေရှာခြင်းအားဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် တက္ကသိုလ်တိုင်းမှာ ဆရာသမဂ္ဂ ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ယူဆတာပါ။ 

မဖွဲ့စည်းတော့ ဘာဖြစ်သလဲဆိုရင် တချို့ကိစ္စတွေ ဆရာ၊ ဆရာမ တစ်ဦးချင်းစီကနေ ရင်ဆိုင်ရတဲ့ အခက်အခဲရှိတယ်။ ဥပမာ- အဆောင်ကိစ္စ၊ အိမ်ရာကိစ္စ။ အဲဒါဆိုရင် ဆရာ၊ ဆရာမတွေကြားထဲ ပြောစရာတွေ ရှိပါတယ်။ လှိုင်နယ်မြေထဲမှာ ဆရာမတွေက ကျောင်းသူတွေနဲ့ရောပြီး အဆောင်ချထားခြင်း ခံရတယ်။ ကျောင်းသူရဲ့သဘော၊ သဘာဝနဲ့ ဆရာမရဲ့ သဘော၊ သဘာဝမတူဘူး။ မတူတာကို အတူတူရော နေခိုင်းတဲ့အချိန်မှာ နည်းနည်းအဆင်မပြေမှုတွေ ရှိတယ်။ အဲဒါတွေ သူတို့ခံစားနေရတာ ကြာပြီ။ သို့သော် တစ်ဦးချင်းစီကနေ ပြောလို့မရဘူး။ ဆိုချင်တာ ကိုယ့်ကိစ္စ ကိုယ်ရှင်းဆိုတာမျိုး ဖြစ်နေတယ်။ အရင်ကလည်း လျှပ်စစ်မီး ပြဿနာပေါ့။ အဆောင်တွေမှာ မီးပူတိုက်တာ၊ ထမင်းချက်တာ၊ Hotplate သုံးတာတို့ မသုံးရဘူး ဆိုတာမျိုး ဖြစ်ဖူးတယ်။ အဲဒီကိစ္စလည်း ကိုယ့်အဆောင်လိုက်ပဲ ဖြေရှင်းဆိုတာမျိုး ဖြစ်သွားတယ်။ အဲဒီတော့ ကျန်တဲ့ဆရာ၊ ဆရာမတွေကလည်း ကိုယ်နဲ့မဆိုင်တဲ့သဘော သက်ရောက်သွားတယ်။ ဒီလိုအသင်းအဖွဲ့တွေ ရှိနေမယ်ဆိုရင် တုံ့ပြန်နိုင်တယ်။ ဖြေရှင်းနိုင်တယ်။ 

တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီ အနေနဲ့ ပညာရေး ဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီနဲ့ အမျိုးသားလွှတ်တော် အလုပ်သမားရေးရာကော်မတီနဲ့ တွေ့ဆုံထားပါတယ်။ အခြေခံ၊ အဆင့်မြင့် ဆရာတွေအားလုံး ပင်စင်ယူပြီးသွားတဲ့ ဆရာတွေရော အစိုးရ ဆေးရုံ၊ အလုပ်သမားဆေးရုံ၊ တက္ကသိုလ်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်ရဖို့ ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ အဲဒါက လူမှုဖူလုံရေး ခေါင်းစဉ်အောက်က သွားရမှာဖြစ်လို့ အလုပ်သမားရေးရာကော်မတီနဲ့ ညှိနေပါတယ်။ လိုအပ်ရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆက်ပြီးညှိနှိုင်းသွားဖို့ ရှိပါတယ်။ 

တက္ကသိုလ် ဆရာ၊ ဆရာမအသင်းတွေ ဖွဲ့စည်းဖို့ ပထမအဆင့် ပညာရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းစဉ်တုန်းကတော့ ကူညီမယ်လို့ ပြောထားတာရှိတယ်။ တက္ကသိုလ်တိုင်းမှာ ဆရာသမဂ္ဂတွေ ပေါ်ပေါက်ရေး ပညာရေး ဝန်ကြီးဌာနက ကူညီပါ့မယ်လို့ ကျွန်တော်တို့ကို ပြောသလို၊ ပညာရေးမြှင့်တင်မှု ကော်မတီနဲ့ တွေ့တဲ့အခါမှာလည်း အဲဒါကို ထပ်ပြီး Remind လုပ်ထားပါတယ်...။ ပညာရေး ဝန်ကြီးဌာနက တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းမှာ ဆရာတွေ လွတ်လပ်စွာ ပါဝင်ခွင့်ပြုမယ့်အကြောင်း တရားဝင် စာထုတ်ပြန်ပေးလိုက်ရင် ဆရာတွေ တက်တက်ကြွကြွ ပါဝင်လာကြပါလိမ့်မယ်။ အားလုံးက စိုးရိမ်စိတ်ရှိနေဆဲပဲ။ ဒါကြောင့် ဝန်ကြီးဌာနကို ကျွန်တော်တို့က မေတ္တာရပ်ခံတာပါ။ လုပ်ပေးပါမယ်လို့ ပြောထားပေမယ့် အခုချိန်အထိတော့ စာထွက်မလာသေးပါဘူး။ 

“ပဋိညာဉ်နဲ့လာပြီး မချုပ်ကိုင်သင့်ဘူး”
ဦးသန်းထိုက်အောင် (ပုသိမ်တက္ကသိုလ်၊ သမိုင်းဌာန၊ ကထိက)

၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေနဲ့ ၁၉၅၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ် အက်ဥပဒေ ပေါ်ပေါက်ခဲ့တယ်။ အဲဒီတက္ကသိုလ်အက်ဥပဒေ ပုဒ်မ (၁၁) တက္ကသိုလ်ကောင်စီမှာ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂက ကိုယ်စားလှယ်ပါတယ်။ အခုလည်း ၂၀၁၄ ခုနှစ်မှာ အမျိုးသားပညာရေး ဥပဒေကို ပြဋ္ဌာန်းတယ်။ ၂၀၁၅ ခုနှစ်မှာ ကျောင်းသားတွေရဲ့ တောင်းဆိုမှုကြောင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ထပ်ပြဋ္ဌာန်းတယ်။ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေရဲ့ ပုဒ်မ(၄) အပိုဒ်ခွဲ(ဂ)မှာ တက္ကသိုလ်တိုင်းမှာ ဆရာသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိတယ် ဆိုတာ ပါတယ်။ အဲဒီလိုပဲ ပဋိညာဉ်အရ ဖွဲ့စည်းခွင့် ရှိတယ်လို့ ပါတယ်။ တက္ကသိုလ်တိုင်းမှာလည်း တက္ကသိုလ်ကောင်စီအဖွဲ့ဆိုတာ ပါတယ်။ ကောင်စီမှာလည်း ကျောင်းသားရဲ့ ကိုယ်စားလှယ်၊ ဆရာရဲ့ ကိုယ်စားလှယ် ပါတယ်လို့ ပြောထားတယ်။ တက္ကသိုလ်တိုင်းမှာ တက္ကသိုလ်ကောင်စီဆိုတာ ရှိရမယ်။ အဲဒီမှာ ဆရာတွေရဲ့ ကိုယ်စားလှယ်၊ ကျောင်းသားတွေရဲ့ ကိုယ်စားလှယ် ပါဝင်ရမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။ အဲဒီတော့ ကျောင်းသား၊ ဆရာ ကိုယ်စားလှယ်တွေရွေးဖို့ ကျောင်းသားကလည်း အဖွဲ့အစည်းတစ်ခု ရှိမယ်။ ဆရာကလည်း အဖွဲ့အစည်းတစ်ခု ရှိမယ်။ အဲဒီအဖွဲ့က ရွေးကောက်လိုက်တဲ့သူက ကျောင်းသား၊ ဆရာကိုယ်စားလှယ်တွေ ဖြစ်လာမယ်။ အဲဒါကြောင့် တက္ကသိုလ်တိုင်းမှာ ဆရာသမဂ္ဂ ရှိသင့်တယ်။ ကျောင်းသားသမဂ္ဂ ရှိသင့်တယ်။ 

တက္ကသိုလ် ပဋိညာဉ်တွေ မထွက်သေးပေမယ့် ၂၀၁၁ ခုနှစ်မှာ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပြဋ္ဌာန်းထားပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ နည်းဥပဒေ ထပ်ထွက်ပါတယ်။ နည်းဥပဒေရဲ့ ပုဒ်မ (၂) အလုပ်သမားကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ နေ့စား၊ လစား စသဖြင့် အဲဒီထဲမှာ အစိုးရဝန်ထမ်းတွေလည်း ပါတယ်။ ဆရာတွေက ဖွဲ့စည်းမယ်ဆိုလည်း ဖွဲ့စည်းခွင့်ရှိတယ်။ တက္ကသိုလ် ပဋိညာဉ်တွေ မထွက်သေးသော်လည်းဘဲ အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ ဖွဲ့စည်းလို့ရတယ်။ ပဋိညာဉ်အရလို့ ပြောတာက ထိန်းချုပ်ထားတာ ဖြစ် တယ်။ ဆရာသမဂ္ဂကလည်း သူ့ရဲ့အဖွဲ့အစည်း စည်းမျဉ်းကို အဖွဲ့ဝင်တွေရဲ့ သဘောထားနဲ့ ရေးဆွဲပိုင်ခွင့် ရှိတယ်။ အဲဒီလို ရေးဆွဲခွင့် ရှိတာကို ဘယ်လိုလုပ်ရမယ် ဆိုတာ ပဋိညာဉ်နဲ့လာပြီး မချုပ်ကိုင်သင့်ဘူး။ ဥပဒေအရ ပဋိညာဉ်နဲ့ ချုပ်ကိုင်ထားတာကို မလိုလားဘူး။ အဆင့်မြင့်ပညာရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ပဋိညာဉ် ရေးမယ်ပေါ့။ အဲဒီလို သူတို့မရေးခင်မှာ ဖွဲ့စည်းခွင့်ရှိတာက အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ ဖွဲ့စည်းခွင့်ရှိတယ်။ ကုလသမဂ္ဂရဲ့ ပြဋ္ဌာန်းချက် ၈၇ မှာလည်း Freedom of Association အရ လူတိုင်း၊ အလုပ်သမားတိုင်းဟာ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိတယ်။ အဲဒီဖွဲ့စည်းခွင့်က အာဏာပိုင်ကို တင်ပြစရာ မလိုဘူး။ 

ဆရာသမဂ္ဂတွေ ဖွဲ့စည်းခြင်းအားဖြင့် ဆရာအခွင့်အရေးကို ကာကွယ်ပေးလို့ရတယ်။ လိုအပ်တာ ဝိုင်းလုပ်လို့ရတယ်။ တစ်ဦးတည်း ရပ်တည်တာ သူ့မှာ အားမရှိဘူး။ အာဏာပိုင်ရဲ့ မတရားဖိနှိပ်တာတွေကို သူတစ်ဦးတည်း ကာကွယ်လို့မရလို့ စုစည်းဖို့ လိုတယ်။ စုစည်းနိုင်မှသာ အာဏာပိုင်အဖွဲ့ကို ပြန်ပြီးညှိနှိုင်းတာ၊ ဈေးဆစ်တာ (Bargain) လုပ်နိုင်တာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် စုစည်းညီညွတ်ရင် တစ်စားပွဲတည်းထိုင်ပြီး ပြန်တောင်းလို့ရတယ်။ စုစည်းညီညွတ်မှု မရှိဘဲ တစ်ဦးတည်းနေမယ်ဆိုရင် လက်ဖြန့်တောင်းရတဲ့ သူတောင်းစားပုံစံမျိုး ဖြစ်သွားမယ်။ ရမယ်၊ မရဘူး မသေချာသေးဘူး။ အဲဒါကြောင့် စုစည်းဖို့ လိုတယ်။ 

လက်ရှိအခြေအနေအထိ ဆရာ၊ ဆရာမတွေကြားမှာ အရင်တုန်းကလိုပဲ ကြောက်တတ်တဲ့စိတ် အရင်းခံနေသေးတယ်။ အဲဒီတော့ မဝင်ရဲဘူး။ မပါရဲဘူး။ အာဏာပိုင်ကလည်း အဲဒါကို မကြိုက်ဘူး။ အဲဒါကြောင့် ကန့်သတ်နိုင်သမျှ ကန့်သတ်တယ်။ ဖွဲ့စည်းတဲ့ ဆရာကိုလည်း လိုက်ပြီးကန့်သတ်တာ ရှိတယ်။ သူတို့က အရင်အမြင်ပဲ ရှိသေးတယ်။ သူ့ကိုယ်သူ ကျောင်းဆရာလို့ မမြင်တော့ဘူး ဖြစ်သွားတာ။ ကျောင်းဆရာလို့မြင်ရင်ကို အဲဒါက ပြေလည်သွားမှာပါ။ 

နေဇာကျော်