News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ဒီမိုကရေစီ သင်ကြား၊ သင်ယူမှု)
17-Aug-2017 tagged as ဆရာများ

အစိုးရကျောင်းများတွင် အာဏာရှင်ဆန်ဆန် သင်ကြား၊ သင်ယူမှု ပုံစံတွေ ရှိနေဆဲဟု ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်ရက်ပိုင်းက ပြောဆိုခဲ့သည်။ ယင်းသို့ ပြောကြားမှုအပေါ် ဆရာ၊ ဆရာမ အသိုင်းအဝိုင်းကြား ဂယက်ထသွားသည်။ တုံ့ပြန်ကြသည်။ ယင်းသို့သော အခြေအနေများအပေါ် ဆရာ၊ ဆရာမများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“မြေပြင်မှာ ဖြစ်ပျက်နေတာတွေ တကယ်နားလည်ဖို့ လိုသေးတယ်”
ဦးဆန်းမျိုးအောင် (အထက (၇) ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး)

အာဏာရှင်ဆန်ဆန် သင်ကြားမှုတွေ ဆက်ရှိနေသေးတယ် ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုချင်တာလဲ သေသေချာချာတော့ မသိရဘူးပေါ့။ ဒါကိုရအောင် ကျက်၊ အိမ်စာပေးလိုက်ရင် ရအောင်လုပ်ခဲ့ ဒီလိုမျိုး ပုံစံကို ဆိုလိုချင်တာလား မသိဘူး။ ဆိုတော့ စကားလုံးက အာဏာရှင်ဆန်ဆန် သင်ကြားမှုဆိုတာ ဒွိဟတော့ ဖြစ်နေတာပေါ့။ ဒါပေမဲ့ အဲဒီလိုဖြစ်နေတယ် ဆိုရင်လည်း ကျွန်တော်တို့ဘက်က ဖြေရှင်းစရာ ရှိတာပေါ့လေ။ စာသင်ခန်းထဲမှာ စာတွေကို ရအောင်ကျက်ခဲ့ဆိုပြီး ပြောတဲ့စကားနောက်မှာ ဒီစာတွေ ကလေးတွေ ရမှဖြစ်မယ်ဆိုတဲ့ စေတနာတော့ ရှိတယ်။ ရမှပဲဖြစ်မယ်။ ဒီစာကိုရဖို့ ကျွန်တော်တို့ သင်တဲ့အချိန် ကလေးတွေ နားလည်ဖို့၊ ကလေးတွေ ကျက်ရလွယ်ကူစေဖို့ ပြောဆိုသင်ကြားတယ်။ ပြီးတော့မှ ရအောင်ကျက်ခဲ့မယ်ဆိုတဲ့ စကား ကျွန်တော်တို့က ပြောတယ်။ အဲဒီတော့ ဒီစာကို ကလေးတွေက ရကိုရရမယ်။ ဘာလို့လဲဆိုတော့ စာမေးပွဲ ဖြေရမယ်။ အခုလက်ရှိ ပညာရေးစနစ်ကလည်း ဒါကိုကျက်ပြီး ဒါကိုဖြေပဲ။ ကျက်တာကိုပဲ ဖြေရတယ်လေ။ ကျောင်းသားတွေရဲ့ စဉ်းစားတွေးခေါ်မှုကို မေးတာမှ မဟုတ်တာ။ မရှိဘူးဆိုတာ ဆယ်တန်းစာမေးပွဲကို ကြည့်လိုက်တာနဲ့ သိသာပါတယ်။ အဲဒီအခါ ကျက်နိုင်တဲ့သူ ဆယ်တန်းစာမေးပွဲ အောင်တာပဲ။ တွေးခေါ်နိုင်တဲ့သူက အောင်တာ မဟုတ်ဘူး။ 

နောက်တစ်ပိုင်းက အတန်းထဲမှာ ကလေးတွေကို ထိန်းချုပ်ရတဲ့အပိုင်း ရှိသေးတယ်။ စာသင်ခန်းတစ်ခန်းမှာ ကလေးက ဒီကျောင်းမှာဆိုရင် ဆယ်တန်း ဘောဂ တစ်ခန်းကို ၆၀ ကျော်လောက် ရှိတယ်။ အဲဒီတော့ ကျောင်းသား ၆၀ ကျော်လောက်ကို  ဒီမိုကရေစီစံနှုန်း သင်ကြား၊ သင်ယူမှု ကျင့်သုံးချင်တယ် ဆိုရင်တောင်မှ အချိန် ၄၅ မိနစ်အတွင်း ကျောင်းသားတွေ အတန်းလာ၊ မလာ ခေါ်ရမှာ ရှိတယ်။ စာသင်ကြားရတဲ့ အချိန်ကလည်း အရမ်းနည်းလွန်းတယ်။ အဲဒီတော့ ကျောင်းသားတစ်ဦးကများ စာသင်ခန်းထဲ အနှောင့် အယှက်ဖြစ်စေတဲ့ အပြုအမူများ ပြုလုပ်နေတယ်ဆိုရင် သူ့ကိုဆုံးမရပြန်ရော။ ဆုံးမစကား ပြောရတာနဲ့ အချိန်ကလည်း ပဲ့ပါသွားတယ်။ ဆိုချင်တာ ဆရာ၊ ကျောင်းသားအချိုး မညီမျှမှုပေါ့။ လိုချင်တဲ့ ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ သင်ကြား၊ သင်ယူမှုဆိုတာ ခက်ခဲပါလိမ့်ဦးမယ်။ 

ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အာဏာရှင်ဆန်တဲ့ သင်ကြား၊ သင်ယူမှု လုပ်ချင်တာလားဆိုရင် မဟုတ်ပါဘူး။ ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ သင်ကြား၊ သင်ယူမှုကို လုပ်ချင်တယ်။ ကျောင်းသားကိုယ်တိုင် ဦးဆောင်သင်ယူမှုကို လိုချင်တယ်။ လုပ်ချင်တယ်။  ဖြစ်ချင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ရသလောက် ပြောင်းလဲတယ်။ သို့သော် နောက်မှာ ပံ့ပိုးမှုလိုတယ်။ ဥပမာ - အူမတောင့်မှ သီလစောင့်လိမ့်မယ် ဆိုတဲ့ စကားလိုပေါ့။ ဆရာ၊ ကျောင်းသားအချိုး ညီမျှအောင် ချပေးတာ။ ဘာသာရပ်နဲ့ဆရာ ကိုက်ညီမှုရှိအောင် လုပ်ပေးတာတွေ၊ လက်တွေ့ပစ္စည်း လုံလောက်အောင် လုပ်ပေးတာ၊ စာသင်ကျောင်းဝင်း အတွင်းမှာ သင်ကြား၊ သင်ယူမှုစိတ် ဖြစ်လောက်တဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးဖို့ ရှိသေးတယ်။ အဲဒါမှ ကျွန်တော်တို့ကလည်း ကျောင်းသားကိုယ်တိုင် ဦးဆောင်တဲ့ သင်ကြား၊ သင်ယူမှုမျိုးကို ပေးနိုင်မယ်။ 

ပြည်ထောင်စုဝန်ကြီးကလည်း ကျောင်းသားတွေကို မရိုက်ဖို့ ပြောလိုက်တာ ဂျာနယ်တစ်စောင်မှာ တွေ့လိုက်ပါတယ်။ တွေ့လိုက်တော့ အဲဒါလည်း အထက်ကအချက်တွေနဲ့ ဆက်စပ်နေတာပါပဲ။ စာသင်ခန်းတွေမှာ ကျောင်းသား ၂၃ ယောက်ကို ထိန်းရမယ်ဆိုရင် တစ်ဦးချင်းစီကို အာရုံစိုက်နိုင်မယ်။ ကလေးတွေ နားမလည်တာကိုလည်း လေ့လာနိုင်မယ်။ လူများတဲ့အခါ တချို့ကလေးတွေကလည်း အပျော်၊ အပြက်ပြောတာမျိုး ရှိတယ်။ ကျွန်တော်တို့မှာ စာသင်ခန်း ထိန်းကွပ်မှု ဆိုတာတော့ လုပ်ရတယ်။ နှစ်စကတည်းက ကျွန်တော်တို့ပြောတယ်။ ရန်မဖြစ်ပါနဲ့၊ ကျောင်းပုံမှန်တက်ပါ။ နေမကောင်းရင် ခွင့်တိုင်ပြီး ကျောင်းပျက်ပါလို့ ပြောပါတယ်။ သူတို့နားလည်ပါတယ်။ ကိုးတန်း၊ ဆယ်တန်းတွေပဲ။ သူတို့ မသိဘူးလား ဆိုရင် သိတယ်။ နားမလည်ဘူးလားဆိုရင် နားလည်တယ်။ သို့သော် မလုပ်နဲ့ဆိုတဲ့ အရာကို လုပ်တယ်။ ရန်မဖြစ်နဲ့ဆို ဖြစ်လာတယ်။ ကျောင်းမပုန်းနဲ့ဆိုရင် ပုန်းလာတယ်။ ဒါမျိုး တစ်ခါ၊ နှစ်ခါပြော မရတဲ့အခါ ဆုံးမရတာမျိုးလည်း ရှိတယ်။ 

ပညာရေး စီမံအုပ်ချုပ်ခန့်ခွဲသူတွေကလည်း သူတို့ကိုယ်တိုင် အာဏာရှင်ဆန်နေတုန်းပဲ ဆိုတာ ပြောပါရစေ။ အာဏာရှင်ဆန်တဲ့ ညွှန်ကြားချက်တွေ အခုချိန်ထိ ထုတ်နေတုန်းပါပဲ။ လက်တွေ့ပြုလုပ်ရတဲ့ မှတ်တမ်းတွေ တင်ရတဲ့အပိုင်းမှာ စာရင်းဇယားတွေ တောင်းတယ်ဆိုရင် ကြိုပြီးတောင်းပေးပါ။ ဆိုလိုတာက တစ်ရက်၊ နှစ်ရက်ကြိုသည်ဖြစ်စေ ကြိုတောင်းပေးပါ။ အခုချက်ချင်း ဆိုတာမျိုး တောင်းတဲ့အခါ ကျွန်တော်တို့မှာ ပြောရတာ ခက်တယ်။ စာရင်းဇယားတွေ လုပ်ပေးရတာ အခုချက်ချင်းဆို လုပ်ရတာခက်တယ်။ အောင်ချက်ရာခိုင်နှုန်းက ၇၀ ရာခိုင်နှုန်း ကျော်ရမယ်။ မကျော်ရင် ထုချေလွှာ တင်ရမယ်။ ဒါတွေ ပြောနေတာကိုက သူတို့ အာဏာရှင်ဆန်နေတာ။ ကျွန်တော်တို့ ကလေးတွေ မြေပြင်မှာ ဖြစ်ပျက်နေတာတွေ တကယ်နားလည်ဖို့ လိုသေးတယ်။ အထက်က ဖြေလျှော့မှု အင်မတန် နည်းပါသေးတယ်။ နည်းဆို ရှိကို မရှိသေးတာပါ။ သူတို့ကိုယ်တိုင်က အာဏာရှင်ဆန်တဲ့ အမူအကျင့်တွေ မဖျောက်နိုင်သေးဘူး။              
                         
“လက်ရှိပညာရေးစနစ်ရဲ့ အလေ့အကျင့်ပုံစံကိုက ဆရာတွေကို အဲဒီလို ဖြစ်စေတာပါ”
ဒေါ်သူသူမာ (ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ အတွင်းရေးမှူးအဖွဲ့ဝင်)

အာဏာရှင်ဆန်တယ်တို့ ပြောတယ်ပေါ့။ အဓိက စာသင်ခန်းတွေက ဆရာဗဟိုပြုတဲ့ စာသင်တန်းတွေကနေ ကျောင်းသားတို့၊ သင်ယူမှုကို ဗဟိုပြုတို့ သွားရမှာပေါ့။ ဒါက ပညာရပ်ဆိုင်ရာ အရပေါ့။ စာသင်ခန်းတွေမှာ ကျောင်းသားတွေရဲ့ ပါဝင်မှု ရွေးချယ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ ဖော်ထုတ်ပိုင်ခွင့်ပေးတဲ့ စာသင်ခန်းတွေ ပြောင်းလိုက်မယ်ဆိုရင် ဆရာဗဟိုပြု၊ ဆရာကနေ ဦးဆောင် အမိန့်ပေးလမ်းညွှန်တဲ့ စာသင်ခန်းတွေကနေ ပြောင်းလိုက်နိုင်မှာပေါ့။ 

ဆရာရဲ့ အခန်းကဏ္ဍ (Role) ကလည်း အာဏာရှင်ကဏ္ဍအဖြစ် ရှိနေတာ။ ဆိုချင်တာ အပေါ်ကနေပဲ ပညာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ အစီအမံတွေ အမြဲတမ်း ဗဟိုကနေ ချုပ်ကိုင်ပြီး ညွှန်ကြားတဲ့အခါ ဆရာရဲ့ အခန်းကဏ္ဍကလည်း စာသင်ခန်းထဲမှာ အပေါ်က ပြဋ္ဌာန်းချက်ကို လိုက်နာရပြီး အဲဒီပြဋ္ဌာန်းချက်တွေကို ကျောင်းသားဆီ လွှဲပြောင်းပေးရတဲ့သူပေါ့နော်။ ဆိုတော့ ဆရာရဲ့ အခန်းကဏ္ဍကလည်း အမိန့်ပေး၊ ညွှန်ကြားရတဲ့ အခန်းကဏ္ဍမှာ သွားရှိနေတာပေါ့။ 

တကယ်တော့ ဆရာဆိုတာ ကျောင်းသားရဲ့ သင်ယူမှုကို ကူညီဖို့ပါ။ ဆရာဆိုတာ ကျောင်းသားကို ကူညီတဲ့ နေရာကနေ ကျောင်းသားကို တာဝန်ခံရမှာပေါ့။ အခုလက်ရှိမှာတော့ အစိုးရရဲ့ တိုက်ရိုက်ညွှန်ကြားချက်တွေကိုပဲ တာဝန်ခံပြီး ကျောင်းသားကို တိုက်ရိုက်ပြန်ညွှန်ကြားရတဲ့ အခန်းကဏ္ဍ ဖြစ်နေလို့ ဆရာရဲ့ အခန်းကဏ္ဍကလည်း အာဏာရှင်ဆန်တဲ့ အခန်းကဏ္ဍ ရောက်သွားတာပေါ့။ ဒါကြောင့် ကျွန်မတို့က ဆရာရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပြောင်းလဲဖို့ဆိုရင် လက်ရှိသင်ကြားနေတဲ့ သင်ကြားရေးပုံစံတွေ၊ စီမံခန့်ခွဲရေး ပုံစံတွေကို ပြောင်းလဲပစ်ရမှာပေါ့။ ပြောင်းလဲမယ်ဆိုရင် စာသင်ခန်းတွင်း သင်ကြားမှုပုံစံကလည်း ပြောင်းလာမှာ ဖြစ်သလို ဆရာရဲ့ အခန်းကဏ္ဍကလည်း ပြောင်းလာမှာပေါ့။ 

အခု အဲဒါတွေ မပြောင်းသေးတဲ့အခါ ဆရာတွေကလည်း အပေါ်လာတဲ့ လမ်းညွှန်ချက်တွေကို အချိန်မီပြီးစီးနိုင်ဖို့ ကျောင်းသားကို ပြန်ပြီးပြဋ္ဌာန်းရတယ်။ အမိန့်ပေး လမ်းညွှန်ရတယ်။ အဲဒီတော့ အပေါ်ကနေပြောင်းမှပဲ ပြောင်းနိုင်မှာပါ။ ကျွန်မတို့က စာသင်ခန်းတွေကို ဒီမိုကရေစီ အလေ့အကျင့်တွေ၊ စဉ်းစားတတ်တဲ့ အလေ့အကျင့်တွေ၊ ပြဿနာ ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေနဲ့ တခြားသော ပူးပေါင်းဆောင်ရွက်မှု၊ ခေါင်းဆောင်မှု၊ တီထွင်ဖန်တီးမှု စွမ်းရည်တွေကိုလည်း ပေးတဲ့နေရာမှာ ကျောင်းသားကိုယ်တိုင်ပါဝင်တဲ့၊ ဦးဆောင်တဲ့ စာသင်ခန်းအဖြစ် ပြောင်းလိုက်မယ်ဆိုရင် ဆရာရဲ့အခန်းကဏ္ဍက ကူညီတဲ့နေရာ ရောက်သွားမှာပါ။ ကျောင်းသားက သူကိုယ်တိုင် စူးစမ်းလေ့လာ ပါဝင်ရင်းနဲ့ သင်ယူမှုကို သူ့ရဲ့သင်ယူမှုကို တာဝန်ယူသွားတာပေါ့။ အဲဒီတော့ ဆရာရဲ့ သင်ကြားမှုနဲ့ ကျောင်းသားရဲ့သင်ယူမှု အပြန်အလှန် အမှီသဟဲ ပြုခြင်းအားဖြင့် သင်ကြားရေးက တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာ မရှိတော့ဘူးပေါ့။ အဲဒီလိုတွေ ဖြစ်အောင် လုပ်ရင်တော့ အာဏာရှင်ဆန်ဆန် သင်ကြားမှုက ပျောက်မှာပါ။ အခုတော့ ရှိနေမှာပါပဲ။ ဆရာတွေချည်းပဲလည်း ဝေဖန်၊ အပြစ်တင်လို့ မရဘူးပေါ့။ လက်ရှိပညာရေးစနစ်ရဲ့ အလေ့အကျင့်ပုံစံကိုက ဆရာတွေကို အဲဒီလို ဖြစ်စေတာပါ။             

နေဇာကျော်