News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (အဝေးသင်စာမေးပွဲအတွက်ခွင့်ရက်)
03-Aug-2017 tagged as ဆရာများ

အခြေခံပညာ မူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမအဖြစ် လုပ်ကိုင်နေပြီး အဝေးသင် စာမေးပွဲ ဖြေဆိုနေသူ အများအပြား ရှိသည်။ အဝေးသင်စာမေးပွဲ ဖြေဆိုချိန်တွင် တာဝန်ကျရာဒေသမှ သက်ဆိုင်ရာ အဝေးသင် တက္ကသိုလ်ဌာနခွဲ အသီးသီးသို့ သွားရောက်ဖြေဆိုကြရသည်။ ယင်းအတွက် ပညာရေး ဝန်ကြီးဌာနက ယခင်နှစ်များက ခွင့်ရက် ၁၇ ရက်ပေးခဲ့သော်လည်း ယခုနှစ်တွင် ခွင့်ရက် ၁၀ ရက်သာ ပေးတော့မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။ စာမေးပွဲဖြေဆိုရန်၊ စာလေ့လာရန်၊ သွားလာရန်အချိန်တို့ အတွက် ခွင့်ရက်ဆယ်ရက် မလုံလောက်ကြောင်း ဆရာများ၏ ပြောကြားချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် စုစည်းဖော်ပြလိုက်ပါသည်။ 

“ဒါတွေအပေါ် နားလည်မှု ရှိပေးရမယ်”
ဦးသန်းထိုက်အောင် (ကထိက၊ သမိုင်းဌာန၊ ပုသိမ်တက္ကသိုလ်)

အခြေခံကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို အဝေးသင် (စာပေးစာယူ) တက်ရောက်ဖို့ ခွင့်ဘယ်နှရက်ပေးတယ် ဆိုတာ မသိပါဘူး။ မသိဘူး ဆိုတာရယ်၊ နောက်ပြီးတော့ တစ်ခုရှိတာက အဲဒီကိစ္စက မူမရှိတော့ အဆင်ပြေရင် ပြေသလိုပေါ့။ အဆင်ပြေရင် ပြေသလိုဆိုတာ ကျောင်းအုပ်တို့၊ ခွင့်ပေးနိုင်တဲ့လူတွေက သဘောကောင်းရင် ကောင်းသလို လုပ်လိုက်တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ (အဝေးသင် တက်ရောက်မယ့် ဆရာ၊ ဆရာမများ) မှာက အခက်အခဲ ဖြစ်စေတယ်ဗျ။ ဘာလို့လဲဆိုတော့ သွားတဲ့လာတဲ့ နေရာတွေမှာ ခရီးအကွာအဝေး၊ အနီးကပ် တက်ရမယ့် ရက်တွေရှိမယ်။ စာမေးပွဲဖြေရမယ့်ရက်တွေ ရှိတယ် ပေါ့နော်။ အဲဒီလို ကိစ္စမျိုးတွေမှာ ဒုက္ခရောက်စေတယ်လေ။ မူဝါဒ မရှိတော့ ပုံသေမရှိကြဘူး။ မပေးကြဘူး ဖြစ်သွားတယ်။

ဒီကိစ္စကို ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ဒါကို မူတစ်ခုအနေနဲ့ ချပေးသင့်တယ်။ ဘာလို့လဲဆိုရင် အခုပညာရေး ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်နေကြတယ်။ နောက်တစ်ခါ အမျိုးသားပညာ မဟာဗျူဟာ စီမံကိန်းတို့ ဒီလိုမျိုးတွေ လုပ်နေတဲ့ အချိန်အတောအတွင်းမှာ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်ဆိုတာ သူတို့ (ဝန်ကြီးဌာန) ဘာသာ သူတို့လည်း လက်ခံနေတာပဲ။ ဒါဟာ နိုင်ငံတကာစစ်တမ်းတွေအရ ဆိုပြီး လက်ခံနေတာပဲ။ အဲဒီလို လက်ခံလာတဲ့ အလျောက် ဆရာရဲ့ အရည်အသွေးမြင့်မားမှ မျိုးဆက်ကျောင်းသူ၊ ကျောင်းသားတွေ အဆင်ပြေနိုင်မယ်။ ဆရာအရည်အသွေးမြင့်မားဖို့ အတွက် ပညာရှာတဲ့ကိစ္စကို ခွင့်ပြုပေးရမယ်။ သို့သော် ကျွန်တော်တို့လည်း မြင်တွေ့နေရတာတွေ ရှိတယ်။ 

ကျောင်းတကယ်မတက်ဘဲနဲ့ သူ့ဘာသာသူ လျှောက်သွားတာတွေတော့ ရှိတာပေါ့လေ။ ဒါပေမဲ့လည်း ဒီအခွင့်အရေးကိုတော့ ပေးရမှာပဲ။ သူသုံးစွဲတဲ့အပေါ်မှာ မူတည်တယ်။ ကျောင်းတက်တဲ့အချိန်မှာ သူတို့က အနီးကပ်တက်တာ၊ စာစဉ်သွားတင်ရတာ တွေရှိတယ်။ ဒီအလုပ်တွေဆိုရင် နီးရင် နီးသလို၊ ဝေးရင်ဝေးသလိုပေါ့။ သွားကြရတယ်။ ဒါတွေအပေါ် နားလည်မှု ရှိပေးရမယ်။ ပြောရရင် ကျောင်းအုပ်တို့ ဘာတို့ သဘောကောင်းမှ ခွင့်ခံစားရမယ် ဆိုတာမျိုး မဟုတ်ဘဲနဲ့ ပညာရေး ဝန်ကြီးဌာနကိုက အဝေးသင် တက်နေတဲ့ ဒါမှမဟုတ် ပညာဆည်းပူးနေတဲ့ ဆရာ၊ ဆရာမ တစ်ယောက်ကို ခွင့်ပေးသင့်တယ်။ ဒါမှ သူတို့အတွက် အကာအကွယ်ရမှာ။ မဟုတ်ရင် ပညာရှာမှီးချင်တဲ့ ဆရာ၊ ဆရာမအတွက် အနှောင့်အယှက် ဖြစ်စေသလို အရည်အသွေးပြည့်ဝတဲ့ ပညာရေးလည်း မရနိုင်ပါဘူး။ 

အခြားကိစ္စတွေ ဆိုရင်တောင် ခွင့်ဆိုတဲ့အရာက ယူရသေးတာပဲ။ ဆိုကြပါစို့။ ကျန်းမာရေးကိစ္စဆိုရင် သူ မယူလို့ မရဘူးလေ။ သူမှမဟုတ်ဘူး။ သူ့မိသားစုဝင် တစ်ခုခု ဖြစ်ရင်လည်း ခွင့်တွေဘာတွေ ပေးနေရသေးတာပဲ။ ပညာရေး အတွက်လည်း နည်းနည်းလေးတော့ ဒီကိစ္စ ပြန်လည်ငဲ့စောင်းကြည့်စေချင်တယ်။ ဖြစ်နိုင်ရင် အဝေးသင်တက်နေသူတစ်ဦးအတွက် လုပ်ပေးသင့်ပါတယ်။

“မူဝါဒ ချပေးရင်တော့ ပိုအဆင်ပြေလိမ့်မယ်”
ဦးဝင်းခိုင် (မူ/အုပ်၊ အ.မ.က - ဖျောက်ဆိပ်ကုန်း၊ နတ်မောက်မြို့၊ မကွေးတိုင်း)

ဒီနှစ်တော့ ကျွန်တော့်ကျောင်းမှာ အဝေးသင် သွားတက်မယ့် ကျောင်းဆရာ၊ ဆရာမ မရှိဘူး။ မနှစ်ကတော့ တစ်ဦးရှိတယ်။ သူ့ကို ရှောင်တခင်ခွင့် ၁၇ ရက် ပေးပါတယ်။ အဲဒါပုံမှန်ပါ။ စာမေးပွဲဖြေဆိုခွင့် ၇ ရက်နဲ့ အနီးကပ်တက်ရက် ဆိုပြီး ၁၇ ရက်အထိ ပေးပါတယ်။ ဒီအဝေးသင်တက်ဖို့အတွက် ခွင့်ရက်ဆိုပြီး ဝန်ကြီးဌာနက လောလောဆယ် ဘာမှတိတိကျကျ ညွှန်ကြားထားတာမျိုး မရှိပါဘူး။ ပညာသင်တာ ဆိုရင်တော့ ပညာသင်ဖို့ ခွင့်ရက်ကလေးကို သီးခြားသတ်မှတ်ပေးရင် ကောင်းမယ်ဗျ။ ကျန်းမာရေးလည်း မဟုတ်ဘူး။ နောက်တစ်ခါ စီးပွားရေး သွားလုပ်တာလည်း မဟုတ်ဘူးလေ။ ဒါ ပညာသင်ခွင့်၊ ပညာဆည်းပူးခွင့်လေးတော့ ရှိသင့်တာပေါ့။ 

ပညာရေးအတွက် ဘွဲ့တစ်ဘွဲ့ရဖို့အတွက်ကို လုံးပန်းကြရတာဖြစ်တဲ့ အတွက် အတတ်နိုင်ဆုံး စဉ်းစားပေးရင်တော့ ကောင်းတာပေါ့ဗျာ။ ကျောင်းအုပ်က မပေးလို့ ဆယ်ရက်ပဲ သွားရမှာဆိုရင် သူတို့အတွက်က စာမေးပွဲဖြေရတာနဲ့ ဘာနဲ့ဆိုရင် ကလေး (ဆရာ၊ ဆရာမ) တွေ အဆင်မပြေနိုင်ဘူးပေါ့။ အဝေးသင်တက်မယ့် ဆရာ၊ ဆရာမတွေကို ခွင့် ၁၇ ရက်ပေးရမယ်လို့ ဝန်ကြီးဌာနက ကျွန်တော်တို့ကို ညွှန်ကြားထားတာတော့ မဟုတ်ဘူး။ မြို့နယ်ပညာရေးမှူးရုံးကပဲ ၁၇ ရက်ပဲ ပေးနိုင်မယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ သူတို့ကိုတော့ ညွှန်ကြားချက်ရှိရင် ရှိမှာပေါ့ဗျာ။ 

ကျွန်တော့်ရဲ့ တစ်ဦးတည်းအမြင် ပြောရရင် ၁၇ ရက်တောင် မလုံလောက်ဘူး ထင်တယ်။ ၁၇ ရက်အပြင် နောက်ထပ်တောင် ဆယ်ရက်လောက် တိုးပေးသင့်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ မဟာတန်းတက်တဲ့ သူတို့၊ B.Ed တက်တဲ့သူတို့ ဆိုရင်လည်း လစာနဲ့ သွားရတာပဲလေ။ ဒီအဝေးသင်လေး သွားတာကို ရှောင်တခင် ၁၇ ရက်အပြင် နည်းနည်းပိုပေးနိုင်တယ် ဆိုတဲ့ မူဝါဒ ချပေးရင်တော့ ပိုအဆင်ပြေလိမ့်မယ်။ နယ်ဝေးကနေ သွားတက်ရတာတွေ၊ ကျူရှင်ချိန်တွေ စသဖြင့် သူတို့မှာ အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။                                                                           

“ဆယ်ရက်ဆိုရင်တော့ အရမ်းနည်းလွန်းတယ်”
ဒေါ်နန်းအေးအေးအောင် (မူလတန်းပြ၊ အ.မ.က - ပသင်၊ မိုးမိတ်မြို့နယ်၊ ရှမ်း/မြောက်)

ဒီနှစ်အနေနဲ့တော့ မပြောတတ်ဘူးပေါ့။ ခါတိုင်းနှစ်တွေတုန်းကတော့ ခွင့်ကို ပုံမှန် ၁၇ ရက်ပဲ ပေးတာပါ။ အခုလို ဆယ်ရက်ပဲ ပေးမယ်လို့ ကြားရတော့ ဆယ်ရက်ဆိုရင် စာမေးပွဲဖြေတဲ့ အချိန်လောက်ပဲ ရမှာပေါ့နော်။ မနှစ်တုန်းကတော့ ၁၇ ရက်ပေးတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ၁၇ ရက် ဆိုတာလည်း တကယ်တမ်းက မလုံလောက်ခဲ့ဘူးလို့ ပြောလို့ရတယ်။ မလုံလောက်ဘူး ဆိုတာက ကျွန်မတို့က တစ်လ ခွင့်ယူလိုက်တယ်။ သူတို့ပေးတဲ့ ၁၇ ရက်ကတော့ ခွင့်ရတယ်။ ကျန်တဲ့ ၁၃ ရက်ကတော့ လစာမဲ့ ခွင့်ရတယ်။ လစာထဲကနေ ပြန်ဖြတ်ခံရတယ်လေ။ အခု ဆယ်ရက်ပဲပေးမယ် ဆိုရင် ပိုပြီးတော့မှ ဆိုးသွားမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်တုန်းက ၁၇ ရက်တောင်မှ စာမေးပွဲဖြေဖို့ရာရယ် စာကျက်ဖို့ရာရယ်၊ နောက်တစ်ခါ ကျူရှင်တွေ ဘာတွေ တက်ဖို့ရာအတွက် ဘယ်လိုမှ မလုံလောက်ဘူးလေ။ 

အခု ဆယ်ရက်ပဲပေးမယ် ဆိုတော့ စာမေးပွဲဖြေတဲ့ အချိန်လောက်ပဲ ရမှာပေါ့နော်။ ကျွန်မတို့ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်လည်း ခွင့်တစ်လ ယူရမှာပဲပေါ့။ လစာဖြတ်တာ၊ မဖြတ်တာတော့ မတတ်နိုင်ဘူးပေါ့လေ။ သူတို့ (ပညာရေး တာဝန်ရှိသူများ) ဖြတ်ရင်လည်း အဖြတ်ခံရရုံပေါ့လေ။ ကျွန်မက မန္တလေးမှာ သွားတက်ရတာ။ တချို့ဆို ခွင့်အများကြီး ယူကြတာ ရှိတယ်။ ကျွန်မကတော့ ခရီးသွားတာ၊ ကျောင်းတက်တာ၊ စာမေးပွဲဖြေတာ အပါအဝင် ခွင့်တစ်လ ယူလိုက်တာပေါ့။ စာမေးပွဲနောက်ကျရင် နောက်ကျသလို ခွင့်တစ် ရက်၊ နှစ်ရက် ပိုသွားတာရှိတယ်။ ဆယ်ရက်ဆိုရင်တော့ အရမ်းနည်းလွန်းတယ်။ အခါတိုင်း ၁၇ ရက် ပေးတာတောင် မလုံလောက်တာ။ ဒါပေမဲ့ ခွင့်ကတော့ ယူရမှာပဲ။ သူတို့ လစာဖြတ်တော့လည်း ဖြတ်ခံရမှာပဲ။ အခြားတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ 

ရွှေဖူးခင်