News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (အဝေးသင် ပညာရေး)
အဝေးသင်ပညာရေးစနစ်ကို နိုင်ငံတကာရှိ တက္ကသိုလ်အသီးသီးတွင် ကျင့်သုံးလျက်ရှိပြီး အဝေးသင် ပညာရေးစနစ်ဖြင့် ပညာရပ်များကို သင်ကြားလျက် ရှိသည်။ လက်ရှိ အဝေးသင် ပညာရေးစနစ်၏ အနီးကပ်သင်တန်း တက်ရမည့် ၁၀ ရက်မှာ ကျောင်းသား၊ ကျောင်းသူများအတွက် လုံလောက်မှု မရှိကြောင်း ၂၀၁၇ ခုနှစ်၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် ‘အရည်အသွေး ပိုမိုကောင်းမွန်သော အဝေးသင်ပညာရေးစနစ် ပေါ်ထွက်လာစေရေး’ ရေးသွင်းသည့် စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။ အားနည်းချက်များအဖြစ် ကျောင်းသား၊ ကျောင်းသူအချို့မှာ  ကိုယ်တိုင်ကြိုးစား အားထုတ်မှု နည်းပါးနေကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများက သုံးသပ်ကြသည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ဆရာများ၏ ပြောကြားချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ရင့်ကျက်ထားတဲ့ သူတွေလို့ သတ်မှတ်ပြီးမှ အဝေးသင်ကို လက်ခံတာဖြစ်တယ်”
ဒေါက်တာကြည်ရွှင် (ပါမောက္ခချုပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်)

အဝေးသင်တွေအတွက် အနီးကပ်သင်တန်း ၁၀ ရက်ကတော့ လုံလောက်မှုမရှိဘူး ဆိုတာ ကျွန်တော် လက်ခံပါတယ်။ မလုံလောက်တာတော့ မှန်တယ်။ ဘာကြောင့် မလုံလောက်တာလဲဆိုရင် နံပါတ်(၁) ကျောင်းသူ၊ ကျောင်းသားတွေကိုယ်တိုင်က ကြိုတင်ပြင်ဆင်မှု အားနည်းတာပေါ့။ ကြိုတင်ပြင်ဆင်လာခဲ့မယ် ဆိုရင်တော့ လုံလောက်ကောင်း လုံလောက်နိုင်တယ်။ အခုက သူတို့ (ကျောင်းသား) တွေက ဒီဆယ်ရက်ရောက်မှပဲ စာကို စကျက်မယ်။ ဒီဆယ်ရက်ရောက်မှပဲ ကျူရှင်သင်မယ်။ ဒီဆယ်ရက်ရောက်မှပဲ အတန်းတက်မယ် ဆိုတော့ ဒါတွေက မဖြစ်သင့်ဘူးလေ။ ကျွန်တော့်သဘော အရတော့ မလုံလောက်တာတော့ မှန်ပါတယ်။ သို့သော် ကျောင်းသူ၊ ကျောင်းသားတွေ ဘက်ကလည်း ကြိုတင်ပြင်ဆင်မှု အားနည်းတယ်လို့ မြင်တယ်။

ကျွန်တော့်ရဲ့ တစ်ဦးတည်းအမြင်ကို ပြောရရင် ရက် ၂၀ လောက် ဆိုရင်တော့ လုံလောက်တယ်လို့ မြင်မိတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ။ တစ်လလုံးလုံးချည်း ခေါ်ထားတာမျိုးတော့ မရှိဘူး။ အနည်းဆုံး ရက်နှစ်ဆယ်လောက် ခေါ်သင်ပေးထားတယ်။ နောက်တစ်ခု အဝေးသင် တက္ကသိုလ်တွေမှာ သင်ကြားရတဲ့ ဘာသာရပ်တွေက အင်္ဂလိပ်စာနဲ့ပဲ သင်ရတော့ ကျောင်းသူ၊  ကျောင်းသားတွေအတွက် အခက်အခဲဖြစ်တာမျိုး ရှိမှာပေါ့။ အဲဒါကတော့ ကျောင်းသားအများစုက အင်္ဂလိပ်စာ အားနည်းကြလို့လေ။ တကယ်လို့ အင်္ဂလိပ်စာ တော်လာမယ်။ အခြေခံပညာမှာ ပြုပြင်ပြောင်းလဲခဲ့မယ် ဆိုရင်တော့ ပြဿနာ မရှိနိုင်ပါဘူး။ နိုင်ငံတော်တော်များများမှာကိုက Text Book ကို အင်္ဂလိပ်လိုပဲ ရေးထားတာပါပဲ။ အင်္ဂလိပ်လို ရေးထားတဲ့ အားသာချက်တွေ အများကြီးပါပဲ။ တကယ်လို့သာ Text Book တွေ အားလုံးကို မြန်မာလိုပြောင်းပြီး သင်လိုက်မယ်ဆိုရင် သူတို့တွေဟာ အင်္ဂလိပ်စာ လုံးဝအားနည်းသွားပြီးတော့ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားရင် ဒုက္ခရောက်သွားမှာ။ အဲဒါတွေကို ပြုပြင်ပြောင်းလဲဖို့ အချိန်ယူရမှာပေါ့။

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီး အဝေးသင် တက်ကြမယ့် ကျောင်းသူ၊ ကျောင်းသားတွေဆိုတာ အတွေ့အကြုံ ရင့်ကျက်တယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ ရင့်ကျက်ထားတဲ့ သူတွေလို့ သတ်မှတ်ပြီးမှ အဝေးသင်ကို လက်ခံတာ ဖြစ်တယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ။ ဆိုလိုတာက Mature ဖြစ်တယ်လို့ လက်ခံထားတာဖြစ်တဲ့အတွက် အဝေးသင်ဟာ ပုံမှန်လေ့လာရမယ်။ Private Study ရှိကိုရှိရမယ်။ ကိုယ့်ဟာကိုယ် လေ့လာရမယ်။ လေ့လာဖို့လည်း ပံ့ပိုးထားတာတွေ ရှိတယ်။ အဲဒီမလေ့လာပဲနဲ့တော့ မဖြစ်ဘူး။ လေ့လာနိုင်မှသာလျှင် အဝေးသင်ရဲ့ အနှစ်သာရကို ရရှိမှာ ဖြစ်တယ်။ ကျောင်းသူ၊ ကျောင်းသားတွေကို ပြောချင်တယ်။ ကိုယ့်ဟာကိုယ်လည်း လေ့လာမှုတွေ လုပ်ပြီးမှ အဝေးသင်စာမေးပွဲကို ဖြေစေချင်တယ်။ လေ့လာကြပါလို့။                                                      

“၄ နှစ်ရှိတော့ အနီးကပ် ၁၂ ရက်တက်ပြီး ဘွဲ့ရသွားကြတာပဲ”
ဦးသန်းထိုက်အောင် (ကထိက၊ သမိုင်းဌာန၊ ပုသိမ်တက္ကသိုလ်)

ကျွန်တော်တို့ တောက်လျှောက်ကြုံနေရသလောက်တော့  အနီးကပ်သင်တန်း ဆယ်ရက်က လုံလောက်မှု မရှိဘူးလို့ ဆိုနေသော်လည်းပဲ တကယ်တမ်း လက်တွေ့အနေနဲ့ ပြောရရင် အနီးကပ်ကို ဆယ်ရက်ပြည့်အောင် မတက်ဘူးဗျ။ သုံးရက်၊ လေးရက်ဆိုရင် ကျောင်းသားတွေက ပျောက်ကုန်ရော။ မရှိတော့ဘူး။ ကျွန်တော်တို့လည်း စာသင်ခန်းမှာ ထိုင်စောင့်တာပဲ။ ဒါပေမဲ့  ကျောင်းသား၊ ကျောင်းသူတွေက ရောက်မလာကြတော့ဘူး။ ဘယ်လိုကြောင့်လဲတော့ မသိဘူးပေါ့။ သူက အနီးကပ်မတိုင်ခင် အတောအတွင်းမှာ အပြင်မှာ သင်လိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ ဒါပေမဲ့ အနီးကပ်ကိုတော့ ဆယ်ရက်က မလောက်ဘူးလို့ပြောပြီး ထပ်ချပေးရင် ပိုတောင်ဆိုးဦးမယ် ထင်တယ်။ ဘာကြောင့်လဲဆိုရင် ဆယ်ရက်လုပ်တာတောင် လာမတက်တာလေ။  ဆယ်ရက်ကိုတောင် အပြည့်လာမတက်တာကို ဘယ်လိုလုပ်ပြီး ဒီဆယ်ရက်ကို မလုံလောက်ဘူးလို့ ထွက်လာတာတော့ ကျွန်တော်လည်း မပြောတတ်တော့ဘူး။

ဒါက လက်တွေ့အနေအထားအရ မြင်ရတဲ့ဟာကို ပြောတာပါ။ တကယ်တမ်း ပြောရရင်တော့ အနီးကပ်ဆိုတာ သင်ကြားဖို့ ဆယ်ရက်နဲ့လည်း လုံလောက်ချင်မှ လုံလောက်မှာ။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်လုံးအတွက် သင်ခန်းစာတွေကို သင်ရတာကိုး။ ဟိုအရင်တုန်းကတော့ ကျွန်တော်တို့ စာပေးစာယူတွေတက်ရရင် အနီးကပ် တစ်လခေါ်တာပေါ့။ တစ်လအတောအတွင်းမှာ သူတို့တွေနဲ့ ထိတွေ့ကြ၊ တိုင်ပင်ကြပေါ့။ ဒီလိုနည်းနဲ့ သွားခဲ့ကြတာ။ အခု အဝေးသင် သင်ကြားရေး အတွက် အနီးကပ်ကို ဆယ်ရက်သတ်မှတ်လိုက်တယ်။ ဆယ်ရက်ခေါ်သော်လည်းပဲ သုံးရက်လောက်ဆို ပျောက်ပြီ။ တကယ်တမ်းပြောရမယ် ဆိုရင် အဝေးသင်မှာ အခုကျင့်သုံးနေတဲ့ စနစ်တွေရယ်၊ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းစာတွေရယ်၊ နောက်ပြီးတော့ အဝေးသင်လို့ ပြောထားတဲ့အတွက် အဝေးသင်ပုံစံမျိုး ဖြစ်အောင် ပြောင်းလဲရမယ့် အရာတွေ အများကြီး ရှိတယ်...။ 

ကျောင်းသားတွေအနေနဲ့ ဆယ်ရက်လုံး လာတက်ပေးရင်တော့ ကောင်းတာပေါ့။ ဒီဆယ်ရက်အတွင်း ပြဋ္ဌာန်းထားတဲ့ တစ်နှစ်လုံးစာ သင်ခန်းစာတွေကို ပြန်ပြီးတော့ ဆွေးနွေးစရာတွေ၊ တိုင်ပင်စရာတွေ ပြန်လုပ်သင့်တယ်။ အဓိက သူဖတ်ထားတဲ့အတိုင်း နားလည်မှုတွေကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းသင့်တယ်လေ။ သို့သော် စနစ်က စာမေးပွဲအောင်ဖို့ လုပ်နေတော့ သူတို့က အလွတ်ကျက်တဲ့ စနစ်ကိုပဲ သွားနေတယ်။ အဲဒီဆယ်ရက်ကို လာမတက်လည်း ရနေတယ်။ ဘယ်စာပိုဒ်၊ ဘယ်သင်ခန်းစာပဲ သင်သင်ပေါ့။ ပြောရရင်လည်း ရှက်စရာကောင်းတယ်။ သမိုင်းပဲ ဆိုကြပါစို့။ သမိုင်းကို ဒီစာသင်နှစ်အတွက် စုစုပေါင်း ၁၀ ပုဒ် သင်တယ်။ အဲဒီ ၁၀ ပုဒ်ထဲကနေမှ ရှစ်ပုဒ်မေးလိုက်တယ်။ အဲဒီရှစ်ပုဒ်ထဲကနေမှ နှစ်ပုဒ်လောက်ဖြေနိုင်ရင် အောင်သွားတာမျိုးတွေပေါ့။ ဘွဲ့တစ်ခုရဖို့ အတွက်ကို အနီးကပ် ဆယ်ရက်လည်း ပုံမှန်မတက်ဘူး။ သုံးရက်ဆိုတာ အများဆုံးပါ။ သုံးရက်ဆိုတော့ သုံးလေးလီ ဆယ့်နှစ်ရက်ပေါ့။ လေးနှစ်ရှိတော့ အနီးကပ် ၁၂ ရက်တက်ပြီး ဘွဲ့ရသွားကြတာပဲ။ အဲဒီလိုလူမျိုးတွေက အရည်အချင်း ပြည့်ဝသော ဒါမှမဟုတ် ဘွဲ့နဲ့ထိုက်တန်တဲ့သူ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူတို့ဘာသာ သူတို့ လေ့လာလိုက်စားတဲ့ သူတွေလည်း အများကြီးတော့ ရှိပါတယ်။ ဒီအဝေးသင်ပညာရေး စနစ်ကြောင့် ကောင်းမွန်တဲ့ ရလဒ်ကတော့ ထွက်လာမှာ မဟုတ်ဘူးလို့ ထင်တယ်။ 

“သင်ခန်းစာလေးတွေကို ကြိုကြည့်ထားတာမျိုး မတွေ့ရဘူး။ လေ့လာထားမှု အားနည်းတယ်ပေါ့”
ဦးအောင်လင်း (ကထိက၊ မြန်မာစာဌာန၊ မုံရွာတက္ကသိုလ်)

အနီးကပ် ဆယ်ရက်ထက် အမှန်က ရက်နှစ်ဆယ်လောက်ကို မနက်၊ ညနေ သင်နိုင်ရင်တော့ ကောင်းတာပေါ့။ အခုဟာက ကလေးတွေ အနီးကပ်နဲ့ စာမေးပွဲနဲ့က တော်တော်ကပ်နေတာလေ။ အနီးကပ် ပြီးပြီးချင်း နှစ်ရက်လောက်နားပြီး စာမေးပွဲက တန်းလာတော့ ကလေးတွေက တကယ်လေ့လာချိန်လည်း မရှိတော့ဘူး။ စာကျက်ချိန်လည်း မရှိတော့ဘူး။ အဲဒီလိုဖြစ်သွားတာပေါ့။ များသောအားဖြင့်က ဝန်ထမ်းတွေပဲ။ ကျောင်းသားတွေထဲမှာလည်း ဝန်ထမ်းတွေ ရှိတယ်လေ။ သူတို့ကကျတော့ စောစောစီးစီး မလာနိုင်တာလည်း ပါတယ်။ သူတို့ကျတော့ အနီးကပ်ကို အဓိကထား အားပြုပြီးတော့ ကျောင်းတက်ကြရတာလေ။ အနီးကပ်က သူတို့အတွက် အရေးပါတာပေါ့။ နောက်တစ်ခုက ကျောင်းသားတွေ အနေနဲ့ Assignment တွေကို သူတို့အနေအထားက ကြိုဖတ်တာမျိုး သိပ်မရှိဘူး။ နောက်ပြီးတော့ TV  က လွှင့်ပေးတဲ့ သင်ခန်းစာလေးတွေကို ကြိုကြည့်ထားတာမျိုး မတွေ့ရဘူး။ လေ့လာထားမှု အားနည်းတယ်ပေါ့။ 

ဒါပေမဲ့ အဝေးသင်ထဲမှာလည်း တော်တဲ့ကလေးတွေ အများကြီးပါတယ်။ ဥပမာ- အင်္ဂလိပ်စာ မေဂျာမျိုးတို့၊ မြန်မာစာမေဂျာမျိုးတို့မှာ တော်တော်တော်တဲ့ ကလေးတွေ ပါကြတယ်။ သူတို့ဆိုရင် တော်သလိုပဲ ကြိုးလည်းကြိုးစားတယ်။ အဝေးသင်က ကလေးတွေ အနေနဲ့ Day ကျောင်းသားတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ပင်လည်းပင်ပန်းတယ်။ စာတွေကလည်း အကုန်စုပြုံပြီး လေ့လာရတဲ့ သဘောမျိုး ဖြစ်နေတာကိုး။ ဒါပေမဲ့ စောစောကတည်းက လေ့လာဖို့ဆိုပြီး အစီအစဉ်တွေ ပေးထားသော်လည်း ကျောင်းသားတွေအနေနဲ့ စနစ်တကျ မလိုက်နာနိုင်ကြဘူးလေ။ အဲဒီလိုအခက်အခဲတွေ ရှိမယ်။ နောက်တစ်ခါ အဝေးသင်က စာတွေများတာလည်း ပါတယ်။ စာတွေတော်တော်များတယ်။ Day ကတော့ စာများပေမယ့် ဆရာတွေက နည်းနည်းချုံ့သင်တဲ့ အပိုင်းတွေ ရှိတာပေါ့။ အဝေးသင်ကျတော့ စာများရင် များသလောက်ပဲ ကလေးတွေက ကျက်ရရှာတယ်။ ပင်ပန်းကြတယ်...။ 
                             
ရွှေဖူးခင်