News

30-Mar-2017

NLD usdp
အကြိတ်အနယ်ရှိဦးမည့် ချောင်းဆုံ ကြားဖြတ်ရွေးကောက်ပွဲ
ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးမှုနှင့် ပတ်သက်ပြီး လက်ရှိအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အကြီးအကျယ် သဘောထား ကွဲလွဲခဲ့သော တိုင်းရင်းသားအရေး ပြဿနာများ ရိုက်ခတ်နေသော မွန်ပြည်နယ်ထဲက ချောင်းဆုံမြို့နယ်မှာ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်နေသည်။ 

မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် တစ်ခုသာရှိပြီး ယင်းတစ်ခုတည်းသော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ တံတားကိစ္စကြောင့် တင်းမာမှုများ ဖြစ်နေသည့် ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ် မဲဆန္ဒနယ် ဖြစ်သည်။

ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ်တွင် နိုင်ငံရေးပါတီကြီး ၅ ခု ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီမှ ဒေါ်ခင်ဌေးကြွယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံခဲ့ရပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး အဖွဲ့ဝင်အဖြစ် တာဝန်ပေးခံရသည့် အတွက် ယင်းမဲဆန္ဒနယ် လစ်လပ်သွားခြင်း ဖြစ်သည်။

ယင်းလစ်လပ်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်အမျိုးသားပါတီ (MNP) တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်၌ AMDP လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် USDP တစ်ဦး အနိုင်ရရှိထားပြီး ၂၀၁၅ တွင် AMDP မှ တစ်ဦးနှင့် NLD မှ ၃ ဦး အနိုင်ရထားသည်။

ယင်းကြောင့် NLD ပါတီက ထပ်မံအနိုင်ရရန် အလားအလာကောင်းများစွာ ရှိနေသည်။

သို့သော် မော်လမြိုင်-ချောင်းဆုံကို ဆက်သွယ်တည်ဆောက်ထားသည့် သံလွင်တံတား (ချောင်းဆုံ) ကို အမည်ပေးသည့် ကိစ္စအပေါ် ဒေသခံ မွန်လူမျိုးများ မကျေနပ်မှုများစွာ ဖြစ်ပေါ်နေခြင်းကြောင့် ရွေးကောက်ပွဲအဖြေ ပြောင်းသွားနိုင်ဖွယ် ရှိနေသည်။ 

ထိုတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်တွင် ပေါင်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုတင်ခဲ့ပြီး ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ်ရာတွင် မဲနိုင်သွားသည့်အတွက် အဆိုအတည်ပြုလိုက်သည်။

ထိုကိစ္စကြောင့် ချောင်းဆုံဒေသခံများ အခြားမြို့နယ်မှ မွန်လူထုများ စုပေါင်း၍ ဆန္ဒဖော်ထုတ်သည်အထိ ပြဿနာ ကြီးမားခဲ့သည်။

ယင်းကြောင့် မွန်ပါတီများဖြစ်သော AMDP နှင့် MNP တို့အတွက် ဒေသခံများ၏မဲများ ရနိုင်ခြေ ပိုမိုများပြားနေသည်။

မွန်ပါတီနှစ်ခုတွင်လည်း ချောင်းဆုံဒေသခံ ဖြစ်သည့် AMDP ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကိုယ်တိုင် မဲဆွယ်စည်းရုံးရေးတွင် ပါဝင်နေခြင်းကြောင့် AMDP က အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း အချို့ကလည်း သုံးသပ်သည်။

မွန်အမျိုးသားရေး စိတ်ဝင်စားသူများကမူ မွန်နှစ်ပါတီ ဖြစ်နေခြင်းမှာ အခြားပါတီကြီးများအတွက် အခွင့်အလမ်းကောင်းသဖွယ် ဖြစ်နေကြောင်း၊ ယခင်ရွေးကောက်ပွဲများကို ကြည့်ပါကလည်း မွန်အချင်းချင်း မညီညွတ်မှုကြောင့် အခြားပါတီများကသာ အနိုင်ရရှိသွားသည်ကို တွေ့မြင်နိုင်ကြောင်း သုံးသပ်ကြသည်။

ယခုတံတားကိစ္စကြောင့် မွန်လူမျိုးများ အမျိုးသားရေးစိတ် တက်ကြွနေချိန် ဖြစ်သဖြင့် မွန်ပါတီများ အခွင့်အရေး ပိုရနေသည်ဟု သုံးသပ်နိုင်သော်လည်း မွန်နှစ်ပါတီ ရှိနေ၍ မဲပြားသွားနိုင်ပြီး ခိုင်လုံမဲ ရှိနေသော ပါတီကြီးများက စားသွားနိုင်သေးကြောင်း ၎င်းတို့က ဆိုသည်။

ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အများစုကမူ တံတားအမည် ကိစ္စရပ်ကြောင့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် တစ်စုံတစ်ရာ ထိခိုက်မည် မဟုတ်ကြောင်း  ပြောဆိုမှုများ ရှိသည်။

အခြားတစ်ဖက်တွင်လည်း မဲဆန္ဒရှင် ၁၂၅,၀၀၀ ကျော်ရှိသော ချောင်းဆုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာချိန်အထိ လူထုစိတ်ဝင်စားမှု နည်းပါးနေသေးသည်။

ချောင်းဆုံမြိုနယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ရပ်ကျေးရွေးကောက်ပွဲကော်မရှင် ရုံးခွဲများတွင် ပြည်သူများက မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ယူမှု နည်းပါးနေ၍ မဲဆန္ဒရှင် သက်သေခံ လက်မှတ်များကို အိမ်တိုင်ရာရောက် ပေးပို့နေရကြောင်း ပြောဆိုသည်။ 

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်းဖြစ်သည့် ဦးဝင်းထွဋ် (ခ) ဦးမြဝင်းကလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် လူထုစိတ်ဝင်စားမှု အားကောင်းခဲ့သော်လည်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် လူထုစိတ်ဝင်စားမှု နည်းနေကြောင်း ပြောဆိုသည်။ 

သို့သော် ကိုယ်စားလှယ်လောင်းများ၏ အပြိုင်အဆိုင် မဲဆွယ်မှုများကြောင့် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုကလည်း တိုးလာနေသည်။

USDP က အခြားမြို့နယ်နှင့် ပြည်နယ်တို့မှ အဖွဲ့ဝင် အင်အားများကို အသုံးပြု၍ ကျေးရွာများတွင် ဟောပြောစည်းရုံးခြင်း၊ တစ်အိမ်ဝင် တစ်အိမ်ထွက် လက်ကမ်းစာစောင်များ ဖြန့်ဝေလျက် ရှိသကဲ့သို့ NLD ပါတီ အနေနှင့်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပေးနေသဖြင့် အပြိုင်အဆိုင် ရှိလှသည်။

ဒေသခံပါတီဖြစ်သော AMDP ပါတီကလည်း မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေသကဲ့သို့ မွန်လူငယ်ဖိုရမ်ကလည်း မဲဆွယ်စည်းရုံရေးတွင် ဘင်ခရာအဖွဲ့များ၊ အလံကိုင်အဖွဲ့များဖြင့် ချီတက်မဲဆွယ်လျက်ရှိရာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။

USDP ပါတီ ကိုယ်စားလှယ်လောင်းက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တိုးတက်အောင် လယ်သမားများအား ကူညီဆောင်ရွက်ပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြောဆိုပြီး ‘အမှန်တကယ် ပြောင်းလဲဖို့၊ ပြည်ခိုင်ဖြိုးကို မဲပေးစို့’ ဆိုသည့် ဆောင်ပုဒ်ဖြင့် မဲဆွယ်နေသည်။

NLD ကိုယ်စားလှယ်လောင်းကလည်း တရားဥပဒေစိုးမိုးရေး ပြည်သူများက ကူညီပေးနှင့် ပြည်သူ့ပါတီ NLD ပြည်သူ့အကျိုး တို့သယ်ပိုး ပိုကောင်းသော အနာဂတ်ကို ဖန်တီးနိုင်ဖို့ NLD ကို မဲပေးစို့ ဟူ၍ မဲဆွယ်ကြသည်။

အလားတူ AMDP ပါတီကလည်း ဘီလူးကျွန်း (ချောင်းဆုံ) ရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ လုပ်ငန်းများ အောင်မြင်တိုးတက်ဖို့ အစွမ်းကုန် ဆက်ကြိုးပမ်းသွားမည်ဟု ကတိထားကာ မဲဆွယ်ပြန်သည်။

တစညပါတီကလည်း ချောင်းဆုံမြို့နယ် လူထုအတွက် အားထားရတဲ့ ဦးတင့်ဝေကို မဲပေးကြပါဆိုပြီး လက်ကမ်းစာစောင်များတွင် ရေးသားကာ မဲဆွယ်နေကြသည်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုစိတ်ဝင်စားမှု နည်းသည်မှန်သော်လည်း ပြည်နယ်များတွင်မူ ပါတီကြီးများနှင့် ဒေသခံပါတီများ၏ အားပြိုင်မှုမှာ တစ်နိုင်ငံလုံးက စိတ်ဝင်စားစွာ စောင့်ကြည့်ရမည့် အနေအထား ဖြစ်နေသည်။

ယခု မွန်ပြည်နယ်၏ တစ်ခုတည်းသော လစ်လပ်နေရာ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်မှာလည်း အစဉ်အလာပါတီကြီးများကသာ အနိုင်ရယူသွားမလား။ ဒေသခံ မွန်ပါတီက ပါတီကြီးများကို နောက်ကောက်ချလိုက်နိုင်မည်လား ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

တစ်နည်းအားဖြင့်တော့ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်တွင် နိုင်ငံရေးပါတီများ အပြိုင်အဆိုင် ဂုဏ်သိက္ခာအရ အားပြိုင်ကြသည်ကို မြင်တွေ့ရဦးမည် ဖြစ်ပေသည်။

ခတ္တာနွန်



FOLLOW US