News

04-Feb-2017

usdp
မိုင်းရှူးမှ ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ်လောင်း သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မိုင်းရှူးမြို့နယ် ကြံ့ခိုင်ရေးပါတီဝင် ဦးစိုင်းစံညွှန့်သည် ပါတီအောင်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲ ကျင်းပပြီးနောက် နေအိမ်သို့ ပြန်ရောက်စဉ် သေဆုံးသွားကြောင်း ကြံ့ခိုင်ရေးပါတီထံမှ သိရသည်။

မိုင်းရှူးမြို့ ပြည်နယ်လွှတ်တော် အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးစိုင်းစံညွှန့်သည် ဖေဖော်ဝါရီ ၃ ရက်တွင် ရွေးကောက်ပွဲ အောင်နိုင်ရေး လူထုတွေ့ဆုံပွဲပြီးနောက် နေအိမ်သို့ ပြန်ရောက်စဉ် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ဆိုသည်။

“မနေ့က ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲပြီးတဲ့အခါ သူ့အိမ်ကို ပြန်ရောက်တယ်။ ရင်ဘက်အောင့်တယ် ဆိုပြီး ရုတ်တရက် ကွယ်လွန်သွားတာပါ။ ကိုယ်စားလှယ်လောင်းက အသက် ၅၁ နှစ် ရှိပါပြီ” ဟု ကြံ့ခိုင်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကာလက ကျေးသီး၊ မိုင်းရှူးမြို့များသည် လက်နက်ကိုင် ပဋိပက္ခများကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရပ်ဆိုင်းခဲ့ပြီး ယခုကျင်းပမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့သည့် မဲဆန္ဒနယ်မြေများ ဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျေးသီးနှင့် မိုင်းရှူး မဲဆန္ဒနယ်မြေများ၌ ကြံ့ခိုင်ရေးပါတီ၊ NLDပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

J-07



FOLLOW US