News

24-Jan-2017

usdp
အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်မည်ဟု ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၃

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည့်စုံခြင်း မရှိသောကြောင့် ပြင်ဆင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက The Voice သို့ ပြောကြားသည်။

ထိုကဲ့သို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်ရာ၌ ဥပဒေပြင်ပမှ ပြင်ဆင် ရေးကို ဆောင်ရွက်ခြင်း မပြုဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးက အစဉ်အမြဲ ရပ်တည်လာခဲ့တာ ဖြစ်တယ်။ မပြည့်စုံသေးဘူးလို့ လက်ခံတယ်။ အဲဒီ့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြင်ဆင်ရေး နည်းလမ်းတကျ ပြင်ရမယ်။ ကိုယ်တို့ ကိုယ်တိုင်လည်းပဲ ပြင်ဖို့အပိုင်းတွေကို အချိန်ကျရင် ပြင်ဖို့ကြိုးစားသွားမှာပါ”ဟု ဦးသန်းဌေးက ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်၌ ဥပဒေ ပြင်ဆင်ရေးကို အဆိုပြုတင်ပြခဲ့ပြီး ပြင်ဆင်ရေး လမ်းကြောင်းကို လက်ခံထားကြောင်း ဆိုသည်။

“ပြင်ဆင်ရေး လမ်းကြောင်းကို လက်ခံတယ်။ ဒါပေမဲ့ ပရမ်းပတာ ပြင်လို့ မရဘူး။ ဥပဒေပြင်ပကနေ ပြင်ဖို့ မဖြစ်ဘူး။ ဘာကြောင့်လဲဆိုရင် အခြေအနေ အချိန်အခါတွေက အမြဲတမ်း ပြောင်းလဲနေတယ်။ ဟိုတုန်းက ချခဲ့တဲ့ ဥပဒေတွေက  ဒီနေ့ ကိုက်ချင်မှ ကိုက်မယ်။ ဒီအတွက် တစ်ချိန်မှာ ပြင်ရမယ်ဆိုတာ မူအားဖြင့် လက်ခံတယ်”ဟု ဦးသန်းဌေးက ဆက်လက် ပြောသည်။

အလားတူ ကြံ့ခိုင်ရေး ပါတီအနေနှင့် ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ အောင်မြင်မှု ရရှိရန်  ကြိုးစားသွားမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ပို၍ အောင်မြင်မှုရရှိရန် ကြိုးစားသွားမည်ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ပြိုင်ဘက် NLD ပါတီကို နေရာ အများစု၌ ရှုံးနိမ့်ခဲ့ပြီး ပြည်သူ့လွှတ်တော်၌ နေရာ ၃၀၊ အမျိုးသား လွှတ်တော်၌ နေရာ ၁၁ နေရာ ရွေးကောက်ခြင်း ခံခဲ့ရသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံးခွဲ၌ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ကျင်းပသော နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲအပြီး ဦးသန်းဌေးနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

J-07

  • VIA


FOLLOW US