News

24-Sep-2016

အစိုးရ mlm
ဆင့်ပွားအရောင်းလုပ်ငန်းအပေါ် အစိုးရ၏ ခွင့်ပြုမှုရေချိန် သိရန်လို
မန္တလေး၊ စက်တင်ဘာ ၂၄

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဆင့်ပွားအရောင်းလုပ်ငန်း(Multi-levelMarketing) များကို လုပ်ငန်းလိုင်စင် ချပေးထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမူကော်မရှင်က ပြောဆိုမှုများ ရှိလာသောကြောင့် ယင်းလုပ်ငန်းကို လုပ်ကိုင်နေသော အဖွဲ့ဝင်များ အနေနှင့်မီဒီယာများက ရေးသားထုတ်ဖော်မည်ကို ကြောက်ရွံ့နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကော်မတီဝင် ဦးမြင့်ကျော်က ပြောကြားလိုက်သည်။

“ကျွန်တော့်အမြင်ကတော့ လူတွေကို Multi-level Marketing နဲ့ ပတ်သက်လို့ ဒီလုပ်ငန်းက တကယ်ရော ဥပဒေအရ ဘောင်ဝင်ရဲ့လား၊ တရားဝင်ရဲ့လား၊ အဲဒါတွေကို ရှာဖွေမေးမြန်းရမယ်။  အစိုးရကရော ဒီကိစ္စကို ဘယ်လောက်ထိ သိလဲ၊ ဒီဟာကို ခွင့်ပြုထားသလား၊ အဲဒါတွေကို ပိုပြီးတော့ ပြောဖို့ရေးဖို့ လိုအပ်တယ်လို့ မြင်တယ်” ဟု ဦးမြင့်ကျော်က ထပ်လောင်းပြောကြားသည်။

ဆင့်ပွားအရောင်းလုပ်ငန်း တစ်ခု ဖြစ်သည့် Aim Star Network Business မှ ဂျိုးဇက်ဆိုသူက မြန်မာနိုင်ငံရှိ သတင်းမီဒီယာများသည် ယုံကြည်ရသည့် သတင်းဌာနများ မဟုတ်ကြောင်း၊ သတင်းထောက်များသည် သတင်းစာ ပညာတတ်သူများ မဟုတ်ဘဲ ငတ်၍ သတင်းရေးနေသူများ ဖြစ်ကြောင်း ပြောကြားခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဦးမြင့်ကျော်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“သူ (ဂျိုးဇက်) ပြောသွားတဲ့ပုံစံက သတင်းမီဒီယာ တစ်ခုလုံးကို အဓိကထား ပြောသွားတာမျိုး နားထောင်လိုက်ရတယ်။ သတင်းမီဒီယာ အကုန်လုံးကို သိမ်းကျုံးပြီး ပြောသွားတာ တွေ့ရပါတယ်။ သူတို့က မီဒီယာကိုကြောက်လို့၊ သူတို့ထဲက အဖွဲ့ဝင်တွေထဲမှာ စိုးရိမ်မှုတွေ ရှိလို့  ကြောက်ကန်ကန်ပြီးတော့ မီဒီယာကို ဘယ်လိုပြောရမလဲ ဘာမှအသုံးမကျတဲ့ ဟာဖြစ်အောင်၊ သူတို့အသင်းဝင်တွေ စိတ်ဓာတ်တက်ကြွလာအောင် ပြောတဲ့ဟာမျိုးလို့ အဲဒီလိုမျိုး ကျွန်တော် နားလည်တယ်။ သူတို့က ကြောက်နေတဲ့ပုံစံမျိုး ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

Aim Star Network Business မှ ဂျိုးဇက်ဆိုသူက သတင်းထောက်များကို ယင်းကဲ့သို့ ရိုင်းပျသည့် စကားလုံးများ သုံးနှုန်းပြောဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်လည်တုံ့ပြန်နိုင်ရန် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များ တိုင်ပင်ဆွေးနွေးမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆွေးနွေးပြီးမှသာ မည်သို့ တုံ့ပြန်မည်ကို ပြောကြားနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

Multi-level Marketing စနစ်ဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည့် Aim Star ကုမ္ပဏီ အကြီးအကဲဖြစ်သူ ဂျိုးဇက်က ကုမ္ပဏီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတစ်ခုတွင် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို ကြမ်းတမ်းသော စကားလုံးများဖြင့် ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မြန်မာပြည်မှာ များသောအားဖြင့် သတင်းရေးတဲ့လူက ငတ်လို့ရေးတာ၊ မယုံရင် သတင်းရေးတဲ့လူကို သွားကြည့်လိုက် တဲပုတ်လေးနဲ့ နေတဲ့ကောင်တို့ ဆိုင်ကယ်လေးစီးပြီး သွားတဲ့ကောင်တို့ ဟိုတောတိုး ဒီတောတိုး အဲလိုကောင်တွေ ရေးတာ” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ Multi -level Marketing စနစ်ဖြင့် လုပ်ကိုင်နေသော ကုမ္ပဏီ ၁ဝဝ ကျော်အနက် ၈ဝ ခန့်သည် ၎င်းတို့ကုမ္ပဏီထုတ် ပစ္စည်းများကို လိုသည်ထက် ပို၍ ပိုမိုကောင်းမွန်ကြောင်း ပြောကာ ဖြန့်ဖြူးရောင်းချနေပြီး ကာလတန်ဖိုးထက် ပို၍လည်း ဈေးတင်ရောင်းချလေ့ ရှိကြောင်း Aim Star Network Business ကုမ္ပဏီနှင့် နှစ်လကျော် လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် ကလေးမြို့ခံ ဦးကျော်ကျော်အောင်က ပြောကြားသည်။

“စနစ်တွေကတော့ ကောင်းပါတယ်။ တကယ်လုပ်ကိုင်နေတဲ့ သူတွေက လောဘတက်ပြီး ကုန်ပစ္စည်းရောင်းတာ။ တချို့လည်း စနစ်တကျ လုပ်နေတာ ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ မုသားသုံးပြီး ရောင်းရတာပါပဲ” ဟု ၎င်းကြုံခဲ့ရသည်များကို ရှင်းပြသည်။ 

မြန်မာနိုင်ငံ၌ Aim Star Network Business ရုံးချုပ်ကို ရန်ကုန်မြို့၌ ဖွင့်လှစ်ထားပြီး မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား၊ ကလေး၊ မော်လမြိုင် စသည့် ခရိုင်မြို့ကြီးများတွင် ရုံးခွဲများ ဖွင့်ထားကြောင်း Aim Star Network Business လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ 

  • VIA


FOLLOW US