POST TAGGED AS

E-GOVERNMENT

13-Sep-2016

e-Government
ကာလတိုစီမံကိန်းဖြင့် e-Government လုပ်ငန်းများ မပြီးစီးနိုင်ဟုဆို

နေပြည်တော်၊ စက်တင်ဘာ ၁၃


e-Government လုပ်ငန်းများဆောင်ရွက်ရာတွင် ကာလတိုစီမံကိန်းများဖြင့် အကောင်အထည်ဖော်ပါက ပြီးစီးနိုင်မည့်အနေအထားမရှိဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးစိုးသိန်းက The Voice ၏ မေးမြန်းမှုကို ဖြေကြားသည်။


ယခင်အစိုးရလက်ထက်က e-government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လ ၂၀ စီမံကိန်းချမှတ်အကောင်အထည်ဖော်ခဲ့သော်လည်း လက်ရှိအချိန်တွင် ထိရောက်သည့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမျိုး မရှိသေးပေ။


ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသိန်းက “ကျွန်တော်တို့ အတွေ့အကြုံ အရပြောရမယ်ဆိုရင် e-Gov ဆိုတာ အဆုံးမရှိဘူး။ စဉ်ဆက်မပျက် ဒါတွေကို မြှင့်တင်ပြီးတော့ လိုအပ်တဲ့ဝန်ဆောင်မှုကဏ္ဍတွေကို ပြောင်းလဲသွားရမယ့် လုပ်ငန်းတွေဖြစ်တဲ့အတွက် ပြီးဆုံးတယ်လို့တော့ ရှိမှာမဟုတ်ဘူး။ ကာလကလည်း တိုတိုတောင်းတောင်းနဲ့တော့ ပြီးနိုင်မယ့်အနေအထားမရှိဘူး။ ကာလတိုဆိုတာလည်း ရည်မှန်းချက်အတိုလေးတွေကို ကာလတိုပြီးမြောက် အောင်ဆောင်ရွက်သွားတဲ့ သဘောပဲရှိမှာပါ"ဟု ဆိုသည်။


e-Government လုပ်ငန်းများဆောင်ရွက်ရာတွင် အချက်အလက်နည်းပညာကို အဓိကထား အခြေခံရမည် ဟုလည်း ပညာရှင်များက အကြံပြုသုံးသပ်သည်။

ဝန်ကြီးဌာနဝက်ဘ်ဆိုက်များအနေဖြင့် အချက်အလက်ထုတ်ပြန်မှု အားနည်းသည်ဟုလည်း ဝေဖန်မှုများရှိနေ သည်။


ယင်းအခြေအနေအပေါ်ဦးစိုးသိန်းက “သတင်းအချက်အလက်ဆိုတာက အစိုးရဌာနတွေဖြစ်တဲ့အတွက် နိုင်ငံတော်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းမူအတိုင်းပဲ ပြည်သူကို သိသင့်တာအားလုံးကို အသိပေးပါတယ်။ ဌာနရဲ့လိုအပ်ချက်အရ ရုံးစာကိုင်တွယ်ပုံစနစ်တွေရှိတာပေါ့” ဟု ဆိုသည်။


e-government ဝက်ဘ်ဆိုက်များနှင့် မိုဘိုင်း Application များမှတစ်ဆင့် ဌာနဆိုင်ရာဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များကို ရယူသုံးစွဲနိုင်ရေးအတွက် e-Government စနစ်များ ပီပြင်ထိရောက်အောင်မြင် အောင် အရှိန်အဟုန်မြှင့်အကောင်အထည် ဖော်ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို စက်တင်ဘာလ ၇ ရက်က ပန်းဘဲတန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဗဆွေက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။


ယင်းအဆိုတွင် ဦးနေဖူးဗဆွေက “ နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦ ပြည့်စုံမှု မရှိခဲ့ဘူး။ စုပေါင်းပါဝင်ပြီး ထိရောက်တဲ့ လုပ်ဆောင်မှု အားနည်းခဲ့တယ်။ ခေါင်းဆောင်မှု မပေးနိုင်ဘူး။ တိုးတက်တဲ့အမျှော်အမြင်နည်းခဲ့တယ်။ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချုပ်ခြယ်မှု ရှိခဲ့တယ်။ လိုအပ်တဲ့အရည်အချင်းပြည့် ကျွမ်းကျင်ဝန်ထမ်းလူသားရင်းမြစ်နည်းခဲ့တယ်။ ဝန်ကြီးဌာနအလိုက်
သတ်သတ်မှတ်မှတ်ဖွဲ့စည်းပုံ မရှိဘူး။ သတင်းနည်းပညာဆက်သွယ်ကျွမ်းကျင်မှု အားနည်းခဲ့တယ်။ ခေါင်းဆောင်သူရဲ့ တာဝန်ယူမှုကင်းမဲ့ခဲ့တယ်။ တိကျသင့်တော်တဲ့ အိုင်တီနည်းပညာလိုအပ်နေတယ်။ အသုံးပြုသူတွေရဲ့ လိုအပ်ချက်နဲ့ ဝေးကွာနေပြီး ဟန်ချက်ညီညီချိတ်ဆက်ဖို့ လိုနေပါတယ်” ဟု e-Government လုပ်ငန်းစဉ်များအကောင်အထည်ဖော်ရာတွင် လိုအပ်နေသည့် အချက်များကို ထည့်သွင်းဝေဖန်ထားသည်။


ယင်းအဆိုကို လက်ခံဆွေးနွေးရန်လွှတ်တော်က သဘောတူထားသည့်အတွက် စက်တင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားရန် ရှိနေသည်။


  • VIA


FOLLOW US