News

POST TAGGED AS

DISASTER2016

ဧရာဝတီတိုင်းဝန်ကြီးချုပ်တာဝန် အခြားတိုင်းဝန်ကြီးကို တာဝန်မပေးဘဲ အစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်ဟုဆို


ပုသိမ်၊ ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ နုတ်ထွက်ခဲ့ပြီးနောက် ဝန်ကြီးချုပ်တာဝန်ကို အခြားတိုင်းဒေသကြီးဝန်ကြီးတစ်ဦးကို ယာယီတာဝန်မပေးတော့ဘဲ ကျန်ရှိသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်နေကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ ရက်မှာ လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူထားရာ ကြားကာလမှာ ရက်သိပ်မကျန်တော့သဖြင့် ဝန်ကြီးချုပ်လုပ်ဆောင်ရမည့် တာဝန်များကို ဝန်ကြီးတစ်ဦးကို တာဝန်မပေးတော့ဘဲ လုပ်ငန်းများကို အစိုးရအဖွဲ့ ပူးပေါင်းတိုင်ပင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။ 

ဇန်နဝါရီလ ၁၁ ရက်တွင် အပတ်စဉ် ဧရာဝတီတိုင်းအစိုးရ၌ တိုင်းဝန်ကြီးများ တက်ရောက်သော အစိုးရအဖွဲ့ စီမံခန့်ခွဲရေး အစည်းအဝေးကျင်းပခဲ့ရာ ရာထူးမှ နုတ်ထွက်ထားသော ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီလည်း တက်ရောက်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးမှ သိရသည်။

ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် နောက်လာမည့် ဝန်ကြီးချုပ်ကို အလုပ်လွှဲပြောင်းပေးနိုင်ရေးအတွက် အစည်းအဝေးကျင်းပကာ ပြင်ဆင်ရခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၅ ရက်တွင် လွှတ်တော်ကျင်းပပြီးပါက အတည်ပြုပေးလိုက်မည့် ဝန်ကြီးချုပ်ကို လုပ်ငန်းများ လွှဲပြောင်းမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အဆိုပါအစည်းအဝေးသို့ ဝန်ကြီးများ တက်ရောက်ခဲ့သော်လည်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးမှာ ဆေးကုသရန် ခွင့်ယူထားသောကြောင့်လည်းကောင်း၊ လူမှုရေးဝန်ကြီးမှာလည်း နေပြည်တော်သို့ ရောက်ရှိနေသဖြင့်လည်းကောင်း အစည်းအဝေး တက်ရောက်နိုင်ခြင်းမရှိပေ။ 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းတို့မှာ ကျန်းမာရေးအခြေအနေကြောင့် နုတ်ထွက်ခွင့်ပြုရန် တင်ပြလာမှုအပေါ် နိုင်ငံတော်သမ္မတရုံးက နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီလ ၁၀ ရက်တွင် ကြေညာခဲ့သည်။

R-11



FOLLOW US