News

29-Jul-2016

alp
ဖမ်းဆီးခံထားရသော ဗဟိုကော်မတီဝင်ကို ပြန်လွှတ်ပေးရန် ALP တောင်းဆို
ရန်ကုန်၊ ဇူလိုင် ၂၈

တပ်မတော် ဂုဏ်သိက္ခာ ထိခိုက်စေမှုဖြင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၏ ဗဟိုကော်မတီဝင် ဦးခိုင်မျိုးထွန်းကို ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် အမြန်ဆုံးလွှတ်ပေးရန် ALP  ပါတီက တောင်းဆိုချက် ထုတ်ပြန်လိုက်သည်။

မကြာသေးမီက ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင့်တပ် (AA) တို့ တိုက်ပွဲဖြစ်ပွားစဉ်က တပ်မတော်မှ စစ်သည်အချို့ စစ်ရာဇဝတ် ကျူးလွန်မှုများကို ဦးခိုင်မျိုးထွန်းက ထောက်ပြဟန့်တားမှုများ ပြုလုပ်ခဲ့သောကြောင့် အငြိုးထား၍ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ALP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီကိစ္စက ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေကို ထိခိုက်လာမယ်။ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ALP စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဦးခိုင်မျိုးထွန်းကို ဇူလိုင်လ ၂၅ ရက်တွင် စစ်တွေမြို့၌ ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး ၂၇ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သော ALP ၏ ကြေညာချက်တွင် တပ်မတော်မှ ဒေသခံများကို ပေါ်တာဆွဲခြင်း၊ နေရပ်မှ နှင်ထုတ်ခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် တပ်မတော်မှ ဗိုလ်မှူးတစ်ဦးက တရားလိုပြုလုပ်၍ စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သည်။



FOLLOW US