News

POST TAGGED AS

ZELJKO BUVAC

ဂျာဂင်ကလော့ပ်၏ဦးနှောက်ဟု တင်စားခြင်းခံရသော လက်ထောက်နည်းပြ ဘူဗက် ရာထူးနုတ်ထွက်

လီဗာပူး၊ ဧပြီ ၃၀

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်၏ဦးနှောက်ဟု တင်စားခြင်းခံထားရသည့် အသင်းလက်ထောက်နည်းပြ ဘူဗက်သည် လက်ရှိတွင် လီဗာပူးအသင်းနှင့်လမ်းခွဲကာ ရာထူးနုတ်ထွက်သွားပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။

လီဗာပူးသည် ရိုးမားနှင့်ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်မီတွင် ဘူဗက် ရာထူးနုတ်ထွက်သွားကြောင်း သတင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး လက်ထောက်နည်းပြသစ်ကို အဆောတလျင် ခန့်အပ်သွားမည်မဟုတ်ဟု လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ဖွင့်ဟပြောကြားထားသည်။

ဘောစနီးယား-ဆားဘီးယားနွယ်ဖွား ဘူဗက်သည် ဂျာဂင်ကလော့ပ်၏ညာလက်ရုံးအဖြစ် နှစ်ပေါင်း ၁၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဘူဗက် ရာထူးနုတ်ထွက်သွားခြင်းနှင့်စပ်လျဉ်း၍ သတင်းများလည်း အမျိုးမျိုးအဖုံဖုံ ထွက်ပေါ်လျက်ရှိသည်။

Daily Mail သတင်းစာသည် ဘူဗက်မှာ ပုဂ္ဂိုလ်ရေးအကြောင်းကိစ္စရပ်များကြောင့် လီဗာပူးနှင့်လမ်းခွဲသွားခဲ့ခြင်းဖြစ်သည်ဟု သတင်းဖော်ပြထားပြီး The Sun သတင်းစာကမူ ဘူဗက်မှာ အခြားသောနည်းပြအဖွဲ့ဝင်တစ်ဦးနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ယင်းကိစ္စကြောင့် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ဖွယ်ရှိသည်ဟု သတင်းရေးသားထားသည်။

ဘူဗက်သည် လီဗာပူးနှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းဂိုးနည်းပြ အက်ခ်ျတာဘတ်ခ်ျနှင့် စကားအချေအတင်ဖြစ်ခဲ့ပြီး ယင်းကိစ္စဖြစ်ပွားပြီးချိန်ကတည်းကပင် ဘူဗတ်မှာ ရာထူးနုတ်ထွက်ရန် စဉ်းစားနေခဲ့ခြင်းဖြစ်သည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။




FOLLOW US