News

POST TAGGED AS

ZELJKO BUVAC

ထောင်ကျသွားသည့်ခင်ပွန်းကို ဇနီးကောင်းတစ်ဦး စောင့်သကဲ့သို့ ချိန်ဘာလိန်း ဒဏ်ရာသက်သာလာမည့်အချိန်ကို စောင့်သွားမည်ဟု ဂျာဂင်ကလော့ပ် ပြောကြား

လီဗာပူး၊ ဧပြီ ၂၈

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းကွင်းလယ်ကစားသမား ချိန်ဘာလိန်း ဒဏ်ရာပြန်လည် သက်သာလာမည့်အချိန်ကို ထောင်ကျသွားသော ခင်ပွန်းအား ဇနီးကောင်းတစ်ဦးက သစ္စာရှိစွာ စောင့်ဆိုင်းသွားသကဲ့သို့ အချိန်ပေးစောင့်ဆိုင်းသွားမည်ဟု အသိပေးပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ချိန်ဘာလိန်းသည် လီဗာပူးက ရိုးမားကို ငါးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ပွဲအစ ၂၁ မိနစ်၌ ရိုးမားနောက်ခံလူ ကိုလာရော့ဗ်၏ကြမ်းတမ်းသော ဘောလုံးဖျက်ထုတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး ဆေးစစ်ချက်အဖြေများအရ ချိန်ဘာလိန်းမှာ ကာလရှည်ကြာ အနားယူရရန် သေချာသွားခဲ့ပြီလည်းဖြစ်သည်။

လီဗာပူးအသင်းဆေးအဖွဲ့သည် ချိန်ဘာလိန်းမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရသွားခဲ့ကြောင်း အတည်ပြုထားပြီဖြစ်ပြီး ယင်းဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားပေးနိုင်တော့မည် မဟုတ်သည့်အတွက် ချိန်ဘာလိန်းက လွန်စွာ စိတ်ထိခိုက် ၀မ်းနည်းလျက်လည်းရှိသည်။

ချိန်ဘာလိန်းသည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဒဏ်ရာပြဿနာကြောင့် လက်ရွေးစင်အသင်းအဆင့် နိုင်ငံတကာပြိုင်ပွဲကြီးများကို တတိယအကြိမ် လွဲချော်လိုက်ရခြင်းဖြစ်ကာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒူးအရွတ်ထိခိုက်မှုကြောင့်လည်းကောင်း၊ ယူရို ၂၀၁၆ ပြိုင်ပွဲကို ခြေမျက်စိဒဏ်ရာကြောင့်လည်းကောင်း ၎င်းက ပါဝင်ကစားခွင့် ဆုံးရှုံးခဲ့ရဖူးပြီးဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂျာဂင်ကလော့ပ်က “အခုအချိန်မှာ ကျွန်တော် ပြောနိုင်တာက တစ်ခုတည်းသာ ရှိပါတော့တယ်။ အဲ့ဒါကတော့ ချိန်ဘာလိန်းကို ကာလတစ်ခုကြာ ကျွန်တော်တို့ ဆုံးရှုံးရတော့မယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူ့ဒဏ်ရာ ပြန်လည်သက်သာလာမယ့်အချိန်ကို ကျွန်တော်တို့ဘက်က စိတ်ရှည်သည်းခံစွာနဲ့ စောင့်ဆိုင်းပေးသွားမှာပါ။ ထောင်ကျသွားတဲ့ခင်ပွန်းဖြစ်သူကို ဇနီးကောင်းတစ်ယောက်က သစ္စာရှိစွာ စောင့်ဆိုင်းသလိုမျိုး သူဒဏ်ရာသက်သာလာမယ့်အချိန်ကို ကျွန်တော်တို့ စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US