News

YBS အို/ဟောင်းယာဉ်များ မတ်လ ၃၁ ရက် မအပ်နှံပါက လူစီးစလစ် ထုတ်ပေးမည်မဟုတ်


ရန်ကုန်၊ မတ် ၁၅

ရန်ကုန်တိုင်းအတွင်းရှိ YBS ယာဉ်လိုင်းများ၌ ပြေးဆွဲနေသည့် ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈ ခုနှစ်ထုတ် မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းများ မတ်လ ၃၁ ရက် နောက်ဆုံးမအပ်နှံပါက လူစီးစလစ်ထုတ်ပေးမည်မဟုတ်ဟု YRTA က ထပ်မံအသိပေးထားကြောင်း YBS ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။

အပ်နှံရန်ကျန်ရှိသည့် ယာဉ်အို၊ ယာဉ်ဟောင်းများကို ပြေးဆွဲခွင့်၊ လုပ်ငန်းလိုင်စင်၊ စီအန်ဂျီထုတ်ယူခွင့်များ ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA က ထုတ်ပြန်ကြေညာထားသည်။

“အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းကြန့်ကြာမှုရှိလို့ အပ်ဖို့ကျန်နေတဲ့ ယာဉ်တွေကို မတ်လကုန်အပြီးအပ်ဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားတယ်။ ဒီယာဉ်တွေ သတ်မှတ်ရက်အတွင်း မအပ်ရင် လူစီးစလစ် မထုတ်ပေးတော့ဘူး”ဟု Power Eleven အများပိုင်ယာဉ်လိုင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးတရုတ်လေးက ဆိုသည်။

ယာဉ်လိုင်းပေါင်း ၂၀ လိုင်းကို တာဝန်ယူပြေးဆွဲနေသည့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီတွင် ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ်လ်ယာဉ် ၁၀၀ စီးကျော် အပ်နှံခဲ့ကြောင်း အဆိုပါကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်လွင်က ပြောကြားသည်။

လက်ရှိတွင် စစ်တမ်းကောက်ယူချက်အရ YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲနေသည့် ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းမှာ စီးရေ ၁၀၀၀ ခန့်ရှိပြီး ၃၆၀ စီးကျော် အပ်နှံကာ လူစီးစလစ်ထုတ်ယူထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ထံ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းဆက်ပိတ်ထားသဖြင့် မေးမြန်းနိုင်ခြင်း မရှိပေ။

YBS စနစ်သစ်တွင် ပြေးဆွဲနေသည့် နှစ် ၂၀ ကျော်သက်တမ်းရှိ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံလဲလှယ်ခြင်းကို ၂၀၁၆ ခုနှစ်က လုပ်ဆောင်ခဲ့ပြီး ကနဦး ၁၉၉၅ ခုနှစ်အောက်မော်ဒယ် လ်ယာဉ်အို၊ ယာဉ်ဟောင်းများ ဇွန်လကုန် နောက်ဆုံးအပ်နှံရန်သတ်မှတ်ခဲ့ပြီး လူစီးစလစ်ထုတ်ယူထားသည့်ယာဉ် ၃၁၁၃ စီးရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-06



FOLLOW US