News

27-Feb-2018

ရန်ကုန် YBS YRTA
YBS ယာဉ်လိုင်းများအားလုံး ည ၁၀ နာရီအထိ ပြေးဆွဲမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအနေနှင့် ခရီးသွားပြည်သူများ ညပိုင်းစီးနင်းမှုအဆင်ပြေစေရန် ယာဉ်လိုင်းများအားလုံး ည ၁၀ နာရီ အထိ တစ်ပြေးညီပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA အကြီးတန်းတာဝန်ရှိသူက ပြောကြားသည်။

“ခရီးသည်တွေ အိမ်ပြန်ခရီးမှာ ကားမရှိတော့လို့၊ ကားကြောပြတ်နေတယ်လို့ ခရီးသည်တွေဆီက ပြန်ကြားနေရတယ်။ ဒါကယာဉ်စီးရေတွေများလာရင် အဆင်ပြေနိုင်မှာဖြစ်သလို ည ၁၀ နာရီအထိ ပြေးပေးဖို့ YRTA က စီစဉ်နေပြီ”ဟု ၎င်းက ဆိုသည်။

ခရီးသည်တင်ယာဉ်လိုင်းများအားလုံး ည ၁၀ နာရီအထိ ပြေးဆွဲခြင်းကို မတ်လတွင် စတင်နိုင်ရန် ယာဉ်လိုင်းတာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး မကြာခင်အချိန်တွင် မည်သည့်လမ်းကြောင်းနှင့် မည်သည့် YBS ယာဉ်လိုင်းကို ဦးစားပေးဆောင်ရွက်မည်ကို အသေးစိတ် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အခုက ယာဉ်လိုင်းအားလုံး ည ၁၀ နာရီအထိ မပြေးတာ မဟုတ်ဘူး။ အများပိုင်ယာဉ်လိုင်းကုမ္ပဏီလက်အောက်က လိုင်းတွေက အများစု ပြေးနေကြတယ်။ သို့သော် မပြေးတဲ့လိုင်းတွေလည်း ရှိနေလို့ တစ်ပြေးညီဖြစ်အောင် ဆောင်ရွက်မှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့လယ်တွင် ည ၉ နာရီ ဝန်းကျင်ခန့်တွင် ဘတ်စ်ကားမရှိတော့၍ ညပိုင်းတွင် ပြေးဆွဲနေသည့် တရားမဝင်ကြားကားများကို စီးနင်းနေရကြောင်း YBS စီးနင်းသည့်ခရီးသည်များထံမှ သိရသည်။

YBS ၆၈ ယာဉ်လိုင်းအနေနှင့် ည ၉ နာရီအထိ ပြေးဆွဲသော်လည်း ဆီဖြည့်ရန်အတွက်ဟုဆိုကာ ဂိတ်ဆုံးအထိ မမောင်းဘဲ ဂိတ်ဆုံးချင်သည့်နေရာတွင် ဂိတ်ဆုံးလိုက်ကြောင်း၊ YBS ၆၅ ယာဉ်လိုင်းမှာလည်း ည ၈ နာရီတွင် ကားမရှိတော့ကြောင်း ရွှေပြည်သာမြို့နယ်နေ ခရီးသည်တစ်ဦးက ပြောကြားသည်။

လက်ရှိ ခရီးသည်များ ကြုံတွေ့နေရသည့်အခက်အခဲမှာ ဆူးလေမှ အိမ်ပြန်ခရီးအတွက် အဆင်ပြေမှုများရှိပြီး မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ ပုလဲမြို့သစ် စသည့်မြို့နယ်မှ ည ၈ နာရီတွင် မြို့ထဲအတက်ကားများ လုံးဝမရှိတော့ခြင်းဖြစ်၍ အသွား၊ အပြန်ခရီးကို အချိန်မျှတအောင် စီမံပေးစေလိုကြောင်း အဆိုပါမြို့နယ်နေ ခရီးသည်များထံမှ သိရသည်။

မြောက်ဒဂုံဂိတ်ရင်းမှ တစ်စီးနှင့် တစ်စီး ၁၀ မိနစ်ခြားလွှတ်ကာ ည ၇ နာရီခွဲတွင် နောက်ဆုံကားကို လွှတ်သဖြင့် ဆူးလေသို့ ည ၉ နာရီခွဲတွင် ရောက်ရှိကာ အပြန်ကို ခရီးသည်တင်ဆောင်လာခဲ့ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

“လမ်းမှာ ကားပျက်တာနဲ့ ဂိတ်ဆုံးအထိ မရောက်နိုင်တဲ့ကားတွေလည်း ရှိတယ်။ ယာဉ်အသစ်တွေ တိုးလာရင် ခရီးသည်တွေ အဆင်ပြေလာမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါအခက်အခဲများကို ဖြေရှင်းရန်အနေနှင့် ကြားကားများပပျောက်ရန်မှာ ယာဉ်စီးရေတိုးလာရန် လိုအပ်ပြီး အများပိုင်ယာဉ်လိုင်း ကုမ္ပဏီဖွဲ့စည်းနိုင်ရန် လိုအပ်နေသဖြင့် မတ်လတွင် ယင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ ယာဉ်စီးရေ ၁၀၀၀ ကျော် ထပ်တိုးပြေးဆွဲရန်လည်းရှိကြောင်း YRTA မှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

လက်ရှိ YBS ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲနေသည့် အများပိုင်ယာဉ်လိုင်းကုမ္ပဏီ(Bus Operator) ၂၂ ခု ရှိပြီး ယာဉ်အစီးရေ ၅၃၀၀ ကျော်ရှိရာ ယာဉ်အသစ်များ ထည့်သွင်းပြေးဆွဲပြီးပါက ယာဉ်အစီးရေ ၆၀၀၀ ကျော်အထိ ရှိလာမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

J-06



FOLLOW US